________________________
ဘုရားတရား သံဃာဟု ဆိုအပ်သော ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်းကို " သရဏဂုံ" ဟု ခေါ်၏။ ဘာကြောင့် ကိုးကွယ် ဆည်းကပ်ကြသနည်း၊ ဓမ္မကို မြတ်နိုးသောကြောင့်တည်း။
မှန်၏။ ရတနာသုံးပါးကို ကိုးကွယ်လိုက်သည့်အတွက် ကုသိုလ် အကုသိုလ် သိခွင့်ရ၏။ ၃၁- ဘုံ သိခွင့်ရ၏။ ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို သိခွင့်ရ၏။ ဒုက္ခငြိမ်းကြောင်း အကျင့်ကောင်းကို သိခွင့်ရ၏။
ထို့ကြောင့် ဘုရား တရား သံဃာဟု ဆိုအပ်သော ရတနာသုံးပါးကို အမြတ်ဆုံး ကိုးကွယ်ရာ အဖြစ်ဖြင့် ဆည်းကပ်ရမည် ဖြစ်သည်။ အမြတ်ဆုံး ကိုးကွယ်ရာအဖြစ်ဖြင့် ရှိခိုးရမည် ဖြစ်သည်။ သို့မှသာ သရဏဂုံ ဖြစ်၏။
သရဏဂုံ ညစ်နွမ်းခြင်း
------------------------------
အရဟံစသော ဂုဏ်တော်တို့ကို နှလုံးသွင်းရကောင်းမှန်း မသိဘဲ လောကီချမ်းသာကို မျှော်ကိုး၍ ကိုးကွယ်လျှင် သရဏဂုံ ညစ်နွမ်း၏။
"လူသေရင် လူဖြစ်တာပဲ" ဟူသော အယူအဆကဲ့သို့ အသိမှားလျှင်လည်း သရဏဂုံ ညစ်နွမ်း၏။
"ဘုရားတရားတွေဟာ မှန်ကောမှန်ရဲ့လား" ဟု ယုံမှား သံသယ ရှိလျှင်လည်း သရဏဂုံ ညစ်နွမ်း၏။
ရတနာ သုံးပါးကို မရိုမသေ မလေးမစား လုပ်လျှင်လည်း သရဏဂုံ ညစ်နွမ်း၏။
ဗုဒ္ဓဂုဏေသု အညာဏသံသယမိစ္ဆာဉာဏပ္ပဝတ္တိယာ အနာဒရာဒိပ္ပဝတ္တိယာ စ တေသံ သရဏံ သံကိလိဋ္ဌံ ဟောတိ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)
သရဏဂုံပျက်ခြင်း
----------------------
တခြားကိုးကွယ်ရာ ဘာသာတရားများကိုလည်းကောင်း, နတ်ဒေဝတာများကိုလည်းကောင်း အမြတ်ဆုံးကိုးကွယ်ရာ အနေဖြင့် ကိုးကွယ်လိုက်လျှင် သရဏဂုံ ပျက်သွားတော့၏။
သို့သော် ဘာသာခြားဖြစ်ကြသည့် မိဘ ဆရာများ, , ဆွေမျိုး အကြီးအကဲများ၊ ရိုးရာနတ်များကို ဂုဏ်ကျေးဇူးကို အောက်မေ့တသ၍ ရှိခိုးခြင်းသည် သရဏဂုံ မပျက်ပါ။ ဘာ့ကြောင့်နည်း၊ အမြတ်ဆုံးကိုးကွယ်ရာ အဖြစ်ဖြင့် ရှိခိုးသည် မဟုတ်သောကြောင့်တည်း။
ရတနာသုံးပါးကို ကိုးကွယ်သူသည် သေဆုံးသွားလျှင်လည်း သရဏဂုံ ပျက်သွားတော့၏။ ထို့ကြောင် သေသူကို သရဏဂုံ တင်လို့ မရဟု မှတ်ပါ။
မိဘလုပ်ကျွေးသည့် လူငယ်
-----------------------------
ဝိပဿီမြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်အခါက ဗန္ဓုမတီပြည်တွင် အမျိုးကောင်းသားတစ်ဦး ရှိ၏။ သူသည် သဒ္ဓါတရား ထက်သန်နေရကား ရဟန်းဝတ်ချင်နေ၏။
သို့သော် မျက်လုံးကွယ်နေသော မိဘနှစ်ပါးကို ပြုစုနေရသောကြောင့် ဝတ်ချင်သော်လည်း အခက်တွေ့နေ၏။
အကယ်၍ ရဟန်း ဝတ်လိုက်လျှင် မိဘနှစ်ပါး ဒုက္ခရောက်မည်စိုးသောကြောင့် ရဟန်းဝတ်ချင်သော်လည်း မျိုသိပ်ထားရလေသည်။
ဤနေရာတွင် ကျင့်ဝတ်နှစ်မျိုးကို နားလည်ထားဖို့ လို၏။ လောကကျင့်ဝတ်နှင့် ဓမ္မကျင့်ဝတ်တို့ ဖြစ်သည်။ ထိုနှစ်မျိုးတွင် မိဘနှင့် ပတ်သက်လာလျှင် လောကကျင့်ဝတ်ကို ဦးစားပေးရကြောင်း တွေ့မြင်ရမည် ဖြစ်သည်။
ဘာကြောင့်နည်း၊ ကုန်လွန်သွားသော အချိန်, ပြောပြီးသား စကား , သေဆုံးသွားသော မိဘတို့ကား ပြန်မရနိုင်သည့် အရာတို့ ဖြစ်သောကြောင့်တည်း။
မှန်၏။ အချိန်ဆိုသည်မှာ မလွန်ခင် အကျိုးရှိအောင် အသုံးချရ၏။ စကားဆိုသည်မှာလည်း မပြောခင် စဉ်းစားရ၏။ မိဘဆိုသည်မှာ မသေခင် ပြုစုရ၏။ ထို့ကြောင့်လူငယ်လေးသည် ရဟန်းဝတ်ချင်သော်လည်း မိဘပြုစုချင်သောကြောင့် မျိုသိပ်ထားရလေသည်။
တနေ့တွင် လူငယ်လေးသည် လက်ယာတော်ရံ အဂ္ဂသာ၀က အရှင်နိသဘမထေရ်မြတ်ကို ဖူးမျှော်ရလေသည်။ ထို့ကြောင့် ဝမ်းသာအားရ ဖြစ်ပြီး ထိုမထေရ်မြတ်ထံတွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟု ရွတ်ဆို၍ သရဏဂုံ ဆောက်တည်လိုက်လေသည်။
သူသည် နှစ်ပေါင်းများစွာ သရဏဂုံကို မကြာခဏ ရွတ်ဆိုပွားများခဲ့၏။ ထို့ကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်ရှိသွားလေသည်။
ထို့နောက် ဘဝအမျိုးမျိုး ကျင်လည်ပြီး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာ၀တ္ထိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်၌ လူ့အဖြစ်ရရှိခဲ့လေသည်။
သူသည် ရဟန္တာတပါးကို ဖူးတွေ့ရာ သရဏဂုံံ ဆောက်တည်လိုက်၏။ သရဏဂုံ ဆောက်တည်စဉ်သူ ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိဖြစ်လာ၏။
အတိတ်ဘဝက သရဏဂုံ ဆောက်တည်ခဲ့သောကြောင့် စိတ်ထဲမှာ ပီတိ ဖြစ်လာခြင်းပင်။ ထို့နောက် ဝိပဿနာအားထုတ်သောအခါ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
သရဏဂုံသုံးပါးကို ပါဠိလို တိသရဏဟု ခေါ်၏။ ထို့ကြောင့် အရှင်မြတ်သည် "အရှင်တိသရဏ" ဟု နာမည်တွင်သွားလေသည်။ ဤဖြစ်စဉ်ကို ကြည့်ပါက နှစ်ပေါင်းများစွာ သရဏဂုံကို မကြာခဏ ရွတ်ဆိုပွားများလျှင် ဘဝကောင်းကို ရနိုင်သကဲ့သို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို အလွယ်တကူ ရနိုင်ကြောင်း တွေ့ရမည် ဖြစ်သည်။ အတုယူရမည့် အချက်ပင် ဖြစ်ပါ၏။
သရဏဂုံအကျိုး
--------------------
မြတ်စွာဘုရားကို အာရုံပြု၍ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားကို ကိုးကွယ်ပါ၏ဟု ရွတ်ဆိုလိုက်လျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ ဖြစ်သွားတော့၏။ ဗုဒ္ဓါနုဿတိ ဟူသည် ဘုရားဂုဏ်ကို အဖန်ဖန်ပွားများခြင်းတည်း။
တရားတော်ကို အာရုံပြု၍ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ပါ၏ဟု ရွတ်ဆိုလိုက်လျှင် ဓမ္မာနုဿတိ ဘာဝနာ ဖြစ်သွားတော့၏။ ဓမ္မာနုဿတိ ဟူသည် တရားဂုဏ်ကို အဖန်ဖန်ပွားများခြင်းတည်း။
အရှင်သာရိပုတ္တရာစသော အရိယာသံဃာများကို အာရုံပြု၍ " သံဃံ သရဏံ ဂစ္ဆာမိ- အရိယာသံဃာများကို ကိုးကွယ်ပါ၏" ဟု ရွတ်ဆိုလျှင် သံဃာနုဿတိဘာဝနာ ဖြစ်သွားတော့၏။ သံဃာနုဿတိ ဟူသည် အရိယာ သံဃာတော်များ၏ ဂုဏ်ကို အဖန်ဖန်ပွားများခြင်းတည်း။
သရဏဂုံ သုံးပါး ကို အမြဲမပြတ် ရွတ်ဆို ပွားများသော ပုဂ္ဂိုလ်သည် သွားလေရာ အရပ်တိုင်း ၌ လေးစားမြတ်နိုးခြင်းခံရမည်။ နောက်နောင်ဘဝတို့၌လည်း ဉာဏ် ထက်မြက်ပြီး တရားထူး တရားမြတ်ကို အလွယ်တကူ ရရှိနိုင်ပါသည်။
ထို့ကြောင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟူသော သရဏဂုံသုံးပါးကို မကြာခဏ ရွတ်ဆိုပွားများသင့်လှပေသည်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment