🌺🌺🌺🌿🌺🌺🌺
မြတ်စွာဘုရားက
❝သဗ္ဗဒါနံ ဓမ္မဒါန ဇိနာတိ❞လို့ ဟောထားတာရှိတယ်။ ဓမ္မဒါန က ဘာဖြစ်လို့ ဒါနထဲမှာ အမြတ်ဆုံး ဖြစ်နေရသလဲ။ ဒါကို အလေးအနက် စဉ်းစားကြည့်။
ဥပမာ... ပစ္စည်းတစ်ခုခုကို လှူလိုက်လို့ထိုပစ္စည်းဝတ္ထုရတဲ့ ပုဂ္ဂိုလ်အတွက် အဲဒီပစ္စည်းကဘယ်လောက် အကျိုးပြုသလဲဆိုတာကို မူတည်ပြီး မြတ် မမြတ် ဆုံးဖြတ်ရတာဖြစ်တယ်။
ဆိုပါစို့။ ဒီ ဓမ္မဒါနက မြတ်တယ်ဆိုတာ ဓမ္မကိုလှူလိုက်သဖြင့် အဲဒီ ဓမ္မ ကို လက်ခံရရှိလိုက်တဲ့ ပုဂ္ဂိုလ်မှာ ဘယ်လောက်အကျိုးများသွားလဲဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့ ဆုံးဖြတ်ရမယ်။ လှူတဲ့ပုဂ္ဂိုလ်နဲ့ မဟုတ်ဘူး။ ရတဲ့ပုဂ္ဂိုလ်နဲ့ ဆုံးဖြတ်ရမယ်။
ဥပမာ ဆွမ်းလှူတယ်၊ ဆွမ်းဆိုတာ အားလုံးသိတဲ့အတိုင်း
တစ်မနက်စားပြီးရင် နေ့လည်ကျရင် စားဖို့လိုအပ်နေသေးတယ်။ မြန်မာတွေကတော့ ❛ထမင်းအသက် ခုနစ်ရက်❜ လို့ ပြောကြတယ်။ ဒါ မသေနိုင်တာကို ပြောတာနော်။ သို့သော် ထမင်းဆိုတာ လူတွေဘယ်နှစ်ထပ် စားနေကြသလဲ။ တစ်ထပ်တည်းနဲ့ ဘယ်သူမှ မဝဘူးနော်။
အနည်းဆုံး နှစ်ထပ်တော့ စားကြတာပဲ။ အဲဒီတော့ ထမင်းရဲ့ စောင့်ရှောက်မှုဟာ
နေ့တစ်ဝက်ပဲခံတယ် ပြောရမှာပေါ့။ ထမင်းက တစ်ခါစားပြီးရင် လူကို နေ့တစ်ဝက်ပဲ
အကျိုးပြုတယ်။ ဒီလိုအကျိုးပြုတဲ့ အတိုင်းအတာက အင်မတန်နည်းတယ်။
နောက်တစ်ခါ အဝတ်လှူတယ်။ အဝတ်ရဲ့ အကျိုးပြုမှုက ထမင်းထက်တော့ပိုတယ်။ သို့သော် သိပ်ပြီးတော့ ရေရှည်အကျိုးမပြုဘူး။
တစ်လ၊ နှစ်လ၊ သုံးလပေါ့နော်။ ကျောင်းအဆောက်အဦး လှူလိုက်တဲ့အခါကျတော့
နှစ်ပေါင်းများစွာ အကျိုးပြုတယ်။ ဒါကြောင့်မို့လို့ ကျောင်းအလှူကို မြတ်တယ်ပြောတာ။ ဘာဖြစ်လို့တုန်းဆိုတော့ အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ အကျိုးပြုတဲ့ အတိုင်းအတာ ကြီးထွားလို့ မြတ်တယ်ပြောတာ။
ဓမ္မဒါန တရားလှူတာက အလှူခံပုဂ္ဂိုလ်ကို
ဘယ်လောက် အကျိုးပြုသလဲကြည့်။ ရှင်အဿဇိက ရှင်သာရိပုတ္တရာမထေရ်မြတ်ကို (ရှင်သာရိပုတ္တရာက အဲဒီတုန်းက ဥပတိဿပရဗိုဇ်ပေါ့။) တရားဓမ္မနဲ့ ရှင်းပြတယ်။ ဓမ္မဒါနပြုလိုက်တယ်။
❝ယေ ဓမ်မာ ဟတေုပ်ပဘဝါ၊
တေသံ ဟေတုံတထာဂတော အာဟ❞။
အကြောင်းကြောင့်ဖြစ်တဲ့ တရားတွေ၊ အကျိုးတရားတွေရဲ့ အကြောင်းတရားတွေကို မြတ်စွာဘုရားက ဟောပါတယ်လို့ ရှင်းပြောလိုက်တာ။
တရားနာလိုက်ရတဲ့ ဥပတိဿပရဗိုဇ် (ရှင်သာရိပုတ္တရာ) ဟာ ဘယ်လောက် အကျိုးရသွား တုန်းဆိုရင် … သောတာပန် .. ဖြစ်သွားတယ်လေ။
ရှင်အဿဇိ က ဓမ္မဒါနတရားအလှူ လှူလိုက်တဲ့ပုဂ္ဂိုလ်။သူ့မှာ ဘယ်လောက် အကျိုးပြုမှာတုန်း။ ရဟန္တာဖြစ်နေပြီလေ။ သို့သော် အဲဒီတရားကို နာယူလိုက်ရတဲ့ ဥပတိဿပရဗိုဇ် ကသောတာပန်ဖြစ်သွားတယ်ဆိုတော့ နည်းတဲ့အကျိုးလား။ အဲဒီတော့ လှူတဲ့ ပုဂ္ဂိုလ်အတွက်ရရှိတဲ့အကျိုးထက် ယူတဲ့ပုဂ္ဂိုလ်အတွက် ရရှိတဲ့အကျိုးက ပိုများတာဖြစ်လို့ ပိုပြီးမြတ်တယ်လို့ ဒီလိုမှတ်ရမယ်။
ဒါကြောင့် ❛သဗ္ဗဒါနံ ဓမ္မဒါန ဇိနာတိ❜ လို့ ဟောတာဖြစ်တယ်။
🙏🏻ပါချုပ်ဆရာတော် (ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)
📚မဟာဒါန တရားတော်မှကောက်နုတ်မျှဝေပူဇော်ပါသည်။
No comments:
Post a Comment