စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, September 11, 2022

လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း •••

လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း •••
~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဝင် ပါဠိတော်၌
ပါရမီတော်များ ဖြည့်ကျင့်ရာ ကာလကို

လေးအသင်္ချေနှင် ကမ္ဘာတစ်သိန်းဟုပြဆိုထားပေသည်။

သို့ရာတွင်စူဠဗုဒ္ဓဃောသဆရာ ရေးသားစီရင်သော
သောတ္တကီကျမ်း၌ ဘုရားအဖြစ်ကိုစိတ်ဖြင့် ဆုတောင်းခဲ့ရာအချိန်ကာလမှာ

ကမ္ဘာပေါင်း ၇-အသင်္ချေ၊
နှုတ်ဖြင့် မြွက်ဆို၍ ဆုတောင်းခဲ့ရာအချိန်ကာလမှာ ကမ္ဘာပေါင်း ၉-အသင်္ချေ၊
နှုတ်ဖြင့်ဆုတောင်းရုံသာမကပါရမီတော်များကို ကိုယ်တိုင်ကိုယ်ကျ
ဆည်းပူးဖြည့်ကျင့်ခဲ့ရာ အချိန်ကာလမှာ..

ကမ္ဘာပေါင်း လေးအသင်္ချေနှင့်တစ်သိန်းဖြစ်သည်ဟု ရှင်းလင်းဖွင့်ဆိုထားပေသည်။

ပထမအဆင့်အနေဖြင့်
ဘုရားဖြစ်လိုသောဆန္ဒကို
လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန်

မဝံ့မရဲသဖြင့် စိတ်ထဲ၌သာ မျိုသိပ်ကာဘုရားအဖြစ်ကို တောင့်တခဲ့ရသည်။

ထိုသို့ စိတ်ဖြင့် တောင့်တဖန်များလာသောအခါဆန္ဒပြင်းပြမှု စိတ်ဓာတ်ရင့်ကျက်လာမှုကြောင့်

ဘုရားဖြစ်လိုကြောင်းကို လူသိရှင်ကြား မြွက်ဟပြောရဲဆိုရဲ ဖြစ်လာသည်။

ထိုအခါ ပွင့်တော်မူသည့်
ဘုရားရှင်များကို ဖူးတွေ့ရတိုင်း ဘုရားဖြစ်ရပါလို၏ဟု နှုတ်မှ မြွက်ဆို
ဆုတောင်းလေ့ ရှိခဲ့သည်။

ဤကဲ့သို့ စိတ်ကူးသက်သက် ၇-အသင်္ချေ၊နှုတ်မြွက်ဆိုမှု ၉-အသင်္ချေ စုစုပေါင်း ၁၆-အသင်္ချေကာလလွန်မြောက်ပြီးနောက် ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်း၌ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့ရသော
အချိန်ကာလမှစ၍

ကမ္ဘာပေါင်း လေးအသင်္ချေနှင့်တစ်သိန်း ပါရမီတော်တို့ကို ကိုယ်၊နှုတ်၊စိတ်တို့ဖြင့်
ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ရသည်။

အသင်္ချေ
•••••••••
၁။ဂဏအသင်္ချေ
ဂဏန်းသင်္ချာ၌ အသုံးပြုသည့် အသင်္ချေ။

၂။ အနုမာနအသင်္ချေ
တိကျသော အရေအတွက်မရှိဘဲ မှန်းဆရေတွက်အပ်သော အသင်္ချေ။

၃။ ကပ္ပအသင်္ချေ
ကမ္ဘာနှင့် ဆက်စပ်ရေတွက်ရသောအသင်္ချေ။

၄။ ဗုဒ္ဓအသင်္ချေ
ဂဏန်း အရေအတွက်ဖြင့် ကမ္ဘာပေါင်း မည်ရွေ့မည်မျှ မရေတွက်နိုင်၊

ပွင့်တော်မူသည့် ဘုရားရှင်တို့၏ အမည်နာမဖြင့် ပိုင်းခြားကန့်သတ်၍
ရေတွက်ရသော ကမ္ဘာအသင်္ချေ။

ကမ္ဘာအမည်များနှင့်
နှစ်ကျိတ် ရှစ်ဆူဘုရားများ
ပွင့်ထွန်းခဲ့ရာ ကာလများကို စုပေါင်း၍

လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ရေတွက်ကြရသည်။

နှစ်ကျိပ်လေးဆူသော ဘုရားများထံ၌ ဗျာဒိတ်ခံယူခြင်း
➖➖➖➖➖➖➖➖➖
၁။ဒီပင်္ကရာမြတ်စွာဘုရား
•••••••••••••••••••••••
ဂေါတမဘုရားအလောင်းတော် သည်
ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘဝဖြင့် နိယတဗျာဒိတ်ပန်း ခံယူခဲ့ပြီးနောက်

ကမ္ဘာပေါင်း မည်ရွေ့မည်မျှဟု ဂဏန်းချ၍ မရေတွက်နိုင်လောက်အောင် များစွာသော ကမ္ဘာအသင်္ချေသည်

ဘုရားတစ်ဆူမျှ ပွင့်တော်မမူသဖြင့် သုညကမ္ဘာများ ဖြစ်ကြကုန်၏။

၂။ကောဏ္ဍညမြတ်စွာဘုရား
•••••••••••••••••••••••

ယင်းသုညကမ္ဘာ အသင်္ချေ ကုန်လွန်ပြီးနောက် တစ်ဆူသော ကမ္ဘာတွင် ကောဏ္ဍမြတ်စွာဘုရား ပွင့်တော်မူလာသည်။

ထိုအခါ ဂေါတမဘုရားအလောင်းတော်သည်
ဝိဇိတာဝီအမည်ရှိသော သိကြားမင်းဖြစ်ခဲ့၍

အလှူဒါနပြုလုပ်ခြင်း၊
ထီးနန်းစွန့်၍ ရဟန်းပြုခြင်း၊

အဘိညာဉ်သမာပါတ်တို့ကို ရရှိအောင် အားထုတ်ခြင်းပြု၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၃။မင်္ဂလမြတ်စွာဘုရား
••••••••••••••••••••••
ထို့နောက်တဖန် ဘုရားမပွင့်သည့် သုညကမ္ဘာများ အသင်္ချေကုန်လွန်ပြီးသောအခါ တစ်ခုသောကမ္ဘာ၌ မင်္ဂလမြတ်စွာဘုရား၊ သုမနမြတ်စွာဘုရား၊ရေဝတမြတ်စွာဘုရား၊

သောဘိတမြတ်စွာဘုရားဟူ၍ ဘုရားလေးဆူပွင့်တော်မူသည့် သာရမဏ္ဍကမ္ဘာသို့ ရောက်ရှိခဲ့သည်။

မင်္ဂလမြတ်စွာဘုရားလက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် သုရုစိအမည်ရှိသော ပုဏ္ဏားပညာရှိဖြစ်လာ၍ကုဋေတစ်သိန်းမျှသော ရဟန်းသံဃာတော်များအား ပစ္စည်းလေးပါးလှူဒါန်း၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

ထို့နောက် စည်းစိမ်ဥစ္စာတို့ကို စွန့်၍ ရဟန်းပြုပြီးလျှင်
ပိဋကတ်သုံးပုံကိုသင်ယူ၏။

အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ရရှိအောင် အားထုတ်၍ ပါရမီဖြည့်ကျင့်တော်မူခဲ့သည်။

၄။သုမနမြတ်စွာဘုရား
•••••••••••••••••••••
မင်္ဂလဘုရားနောက်၌
ဆက်လက်ပွင့်တော်မူသော

သုမနဘုရား လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည် "အတုလ"နဂါးမင်းဖြစ်၍ မြတ်စွာဘုရားအား ဆွမ်းသင်္ကန်းတို့ဖြင့်

လှူဒါန်းပူဇော်၍
ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၅။ရေဝတမြတ်စွာဘုရား
•••••••••••••••••••••••
သုမနမြတ်စွာဘုရားနောက် ပွင့်တော်မူသည့် ရေဝတမြတ်စွာဘုရား လက်ထက်တော်တွင်

ဂေါတမဘုရားလောင်းသည်
"ပတိဒေဝ"အမည်ရှိ ပုဏ္ဏားပညာရှိဖြစ်ခဲ့၍

မြတ်စွာဘုရား၏ ဂုဏ်တော်များကို ဂါထာတစ်ထောင်ဖြင့် ချီးကျူးပူဇော်ခြင်း၊

အသပြာတစ်ထောင်တန်သော အပေါ်ရုံဖြင့် ပူဇော်ခြင်း ပြုလုပ်၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၆။ သောဘိတမြတ်စွာဘုရား
•••••••••••••••••••••••
ရေဝတမြတ်စွာဘုရားနောက်
ပွင့်တော်မူလာသည့်
သောဘိတမြတ်စွာဘုရား လက်ထက်တော်၌

ဂေါတမဘုရားအလောင်းတော်သည်"သုဇာတ"အမည်ရှိ ပုဏ္ဏားပညာရှိ ဖြစ်၍

ဘုရားအမှူးရှိသောသံဃာတော်တို့အား ဝါတွင်းသုံးလပတ်လုံး ကြီးစွာသော အလှူဒါနကို ပေးလှူလျှက်
ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၇။ အမောမဒဿီ မြတ်စွာဘုရား
•••••••••••••••••••••••
ထို့နောက် ဘုရားမပွင့်သည့်
သုညကမ္ဘာများ မရေတွက်နိုင်လောက်အောင် ကမ္ဘာအသင်္ချေ လွန်လေပြီးသောအခါ အနောမဒဿီ မြတ်စွာဘုရား၊ ပဒုမမြတ်စွာဘုရား၊
နာရဒရမြတ်စွာဘုရားဟူ၍

ဘုရားသုံးဆူ ပွင့်တော်မူသော ဝရကမ္ဘာသို့ ရောက်ရှိခဲ့သည်။ အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်တွင်

ဂေါတမဘုရားလောင်းသည်
"ဘီလူစစ်သေနာပတိ" ဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်များအား ၇- ရက်ပတ်လုံးဆွမ်း အဖျော်တို့ဖြင့် ပေးလှူ၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၈။ ပဒုမမြတ်စွာဘုရား
••••••••••••••••••••••
အနောမဒဿီ ဘုရားရှင်နောက် ဆက်လက်၍ ပွင့်တော်မူသော ပဒုမမြတ်စွာဘုရားလက်ထက်တော်တွင်

ဂေါတမဘုရားလောင်းသည်
"ခြင်္သေ့မင်း"ဖြစ်၍ ၇ -ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စားတော်မူနေသော

မြတ်စွာဘုရားကို အလွန်ဝမ်းမြောက် ကြည်ညိုစိတ်ဖြင့် အသက်စွန့်လှူကာ
ဆည်းကပ်ခြင်း ကုဋေများစွာသော

ရဟန်းတော်တို့အပေါ်၌
ကြည်ညိုစိတ်ဖြစ်လျှက်
ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၉။ နာဒရမြတ်စွာဘုရား
••••••••••••••••••••••
ထို့နောက်ဝရကမ္ဘာတွင်
ပွင့်တော်မူသော ဘုရားသုံးဆူအနက်

နောက်ဆုံးဖြစ်သော
နာဒရဘုရားရှင် လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည်

အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ရသော ရသေ့ဖြစ်၍ မိမိ၏ သင်္ခမ်းကျောင်းသို့ ကြွလာသော ဘုရားရှင်နှင့်တကွ ရဟန္တာပေါင်း ကုဋေရှစ်ဆယ်၊ အနာဂါမ် ဥပါသကာပေါင်း တစ်သောင်းတို့ကို

သင်္ခမ်းကျောင်းများ ဖန်ဆင်းပေး၍
တစ်ညဉ့်ပတ်လုံး ဘုရားရှင်၏ဂုဏ်တော်တို့ကို ချီးကျူးလျှက် ဘုရားနှင့်တကွ သံဃာပရိသတ်တို့အား

ဆွမ်းစသော အစာအာဟာရတို့ကို လှူဒါန်းခြင်း

မြတ်စွာဘုရားအား စန္ဒကူးနံ့သာနီကို လှူဒါန်းခြင်းပြု၍
ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၁၀။ ပဒုမုတ္တရမြတ်စွာဘုရား
•••••••••••••••••••••••••••
အနောမဒဿီ ၊ ပဒုမ၊ နာဒရတည်းဟူသော ဘုရားသုံးဆူတို့ ပွင့်တော်မူရာ ဝရကမ္ဘာကြီးကုန်ဆုံးပြီးနောက်

မည်၍မည်မျှဂဏန်းချ၍
မရေတွက်နိုင်အောင်များပြားလှစွာသော ဘုရားမပွင့်သည့် သုညကမ္ဘာပေါင်း(တစ်သင်္ချေ)ကို လွန်မြောက်ပြီးသော်

ဤကမ္ဘာမှ ပြန်၍ ရေတွက်ပါက ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရ တစ်ဆူတည်းသော

ဘုရားပွင့်တော်မူသည့် သာရကမ္ဘာသို့ ရောက်ရှိခဲ့သည်။

ပဒုမုတ္တရမြတ်စွာဘုရား
လက်ထက်တော်၌
ဂေါတမဘုရားလောင်းသည်

ကုဋေများစွာ ဥစ္စာကြွယ်ဝသော
"ဇဋိလ"အမည်ရှိသော တိုင်းကြပ်မင်းဖြစ်၍

ဘုရားအမူးရှိသော သံဃာအပေါင်းအား ဆွမ်းခဲဖွယ် ဘောဇဉ်နှင့်တကွ

သင်္ကန်းလျာအထည် အလှူကြီး ပေးလှူ၍ ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၁၁။ သုမေဓမြတ်စွာဘုရား
•••••••••••••••••••••••••
ထို့နောက် သုညကမ္ဘာပေါင်း
ခုနှစ်သောင်း ကုန်လွန်ပြီးနောက်

သုမေဓမြတ်စွာဘုရားနှင့်
သုဇာတမြတ်စွာဘုရားနှစ်ဆူ
ပွင့်တော်မူရာ မဏ္ဍကမ္ဘာသို့ ရောက်ရှိခဲ့သည်။

သုမေဓမြတ်စွာဘုရား လက်ထက်တွင်ဂေါတမဘုရားလောင်းသည်

"ဥတ္တရ"အမည်ရှိ လုလင်ဖြစ်၍
ဘုရားအမှူးရှိသော သံဃာတော်တို့အား ကုဋေရှစ်ဆယ်မျှသော ပစ္စည်း ဥစ္စာတို့ကိုလှူဒါန်းခဲ့သည်။

မြတ်စွာဘုရား၏ တရားတော်ကို နာရ၍သရဏဂုံ သုံးပါးတို့၌တည်၍ ရဟန်းပြုပြီးလျှင်
ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၁၂။ သုဇာတမြတ်စွာဘုရား
•••••••••••••••••••••••••••
သုမေဓ မြတ်စွာဘုရား ပွင့်တော်မူပြီးနောက်
ဆက်လက်၍ ပွင့်တော်မူသော

သုဇာတမြတ်စွာဘုရား လက်ထက်တော်၌
ဂေါတမဘုရားလောင်းသည်

"စကြာမင်း"ဖြစ်၍
ဘုရားအမူးရှိသော သံဃာတော်တို့အား

ရတနာခုနှစ်ပါးတို့နှင့်တကွ
ထီးနန်းစည်းစိမ်ကြီးကို လှူဒါန်း၍
ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၁၃။ ပိယဒဿီ မြတ်စွာဘုရား
•••••••••••••••••••••••••••
သုမေဓမြတ်စွာဘုရားရှင်နှင့်
သုဇာတမြတ်စွာဘုရားရှင်တို့
ပွင့်တော်မူရာ မဏ္ဍကမ္ဘာကုန်ဆုံးပြီး

နောက်ပိယဒဿီ မြတ်စွာဘုရား၊
အတ္ထဒဿီ မြတ်စွာဘုရား၊
ဓမ္မဒဿီ မြတ်စွာဘုရား ဟူ၍

ဘုရားသုံးဆူ ပွင့်တော်မူရာ
ဝရကမ္ဘာသို့ ရောက်ရှိခဲ့သည်။

ပိယဒဿီ မြတ်စွာဘုရားလက်ထက်တော်တွင်
ဂေါတမ ဘုရားလောင်းသည်

ဗေဒင်သုံးရပ်တတ်ကျွမ်းသော
"ကဿပ ပုဏ္ဏား"လုလင်ဖြစ်၍

ဘုရားရှင်၏ တရားတော်ကို နာရ၍
သဒ္ဓါတရား အလွန်ဖြစ်လျက်
ကုဋေတစ်သိန်းသော ဥစ္စာကို စွန့်ပြီး

သံဃာ့အာရာမ်ကြီးကို ဆောက်လုပ်လှူဒါန်းခြင်း၊ သရဏဂုံသုံးပါးနှင့်တကွ

ငါးပါးသီလကို မြဲစွာ
ဆောက်တည်ခြင်းပြုလျက်
ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၁၄။ အတ္ထဒဿီ မြတ်စွာဘုရား
•••••••••••••••••••••••••••
ပိယဒဿီ မြတ်စွာဘုရားနောက်
ဆက်လက် ပွင့်တော်မူသည့်

အတ္ထဒဿီ မြတ်စွာဘုရားလက်ထက်တော်၌
ဂေါတမဘုရားလောင်းသည်

"သုသီမ"အမည်ရှိသော ရသေ့ဖြစ်၍မြတ်စွာဘုရား၏တရားကို နာယူပြီး

နတ်ပြည်သို့ သွားရောက်၍
နတ်ပြည်မှ ထင်ရှားပန်းစသည်ကို
ယူဆောင်ကာ

ပန်းမဏ္ဍပ်ကြီး ဆောက်လုပ်ပြီး
ဘုရားရှင်အားကပ်လှူပူဇော်ခြင်းပြု၍ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၁၅။ ဓမ္မဒဿီ မြတ်စွာဘုရား
•••••••••••••••••••••••••••
ထို့နောက် ပွင့်တော်မူလာသော
ဓမ္မဒဿီ မြတ်စွာဘုရားလက်ထက်တော်၌

ဂေါတမဘုရားလောင်းသည်
သိကြားမင်းဖြစ်၍ စတုမဟာရာဇ်၊
တာဝတိံသာဟူသော

နှစ်ပြည်ထောင်နတ်အပေါင်းတို့ ခြံရံလျက်မြတ်စွာဘုရားအား နတ်၌ ဖြစ်သော နံ့သာပန်း၊ တူရိယာတို့ဖြင့် ပူဇော်လျှက်
ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၁၆။ သိဒတ္ထမြတ်စွာဘုရား
••••••••••••••••••••••••
တစ်ဖန်ကမ္ဘာအပေါင်း
တစ်ထောင့်ခုနှစ်ရာ
ခြောက်ကမ္ဘာ လွန်မြောက်ပြီးနောက်

ဤကမ္ဘာမှ ပြန်၍ ရေတွက်သော်
ကိုးဆယ့်လေးကမ္ဘာထက်၌
ပွင့်တော်မူလာသော

သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည်

"မင်္ဂလပုဏ္ဏားဖြစ်၍ သူဆင်းရဲတို့အား ကုဋေပေါင်း များစွာသော ဥစ္စာစုကို စွန့်လွှတ်ပြီး ရသေ့ပြုသည်။

ရသေ့အဖြစ်ဖြင့်
ဈာန်အဘိညာဉ်တို့ကိုရလျက်
မြတ်စွာဘုရား အမူးရှိသော

ကုဋေကိုးဆယ်သော သံဃာတော်တို့အား ဇမ္ဗုသပြေသီးမှည့်တို့ဖြင့်
ဆက်ကပ် လှူဒါန်း ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၁၇။ တိဿ မြတ်စွာဘုရား
••••••••••••••••••••••••
သိဒတ္ထမတ်စွာဘုရား ပွင့်တော်မူရာ
ကမ္ဘာကုန်ဆုံးပြီးနောက်

ဘုရားမပွင့်သော သုညကမ္ဘာ တစ်ခုခြား၍ ကိုးဆယ့်နှစ်ကမ္ဘာမြောက်၌

ပွင့်တော်မူသော တိဿ မြတ်စွာဘုရား လက်ထက်တော်တွင် ဂေါတမဘုရားလောင်းသည်

"သုဇာတမင်း"ဖြစ်၍
မိမိပိုင်သော ကုဋေပေါင်း များစွာသော ဥစ္စာဘဏ္ဍာစု၊ နှစ်သက်ဖွယ်
အခြွေအရံကောင်းများနှင့်

ထီးနန်းစည်းစိမ်ကို စွန့်လွှတ်၍
ရသေ့ပြုသည်၊

တန်ခိုးကြီးမားသော ရသေ့အဖြစ့်ဖြင့် မြတ်စွာဘုရားအား နတ်ပန်းများနှင့်

ပဒုမ္မာကြာပန်းထီးကို
လှူဒါန်းပူဇော်၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၁၈။ ဖုဿ မြတ်စွာဘုရား
•••••••••••••••••••••••
ထို့နောက် ဆက်လက်ပွင့်တော်မူသော ဖုဿ မြတ်စွာဘုရား လက်ထက်တော်၌

ဂေါတမဘုရားလောင်းသည်
"ဝိဇိတာဝီ"အမည်ရှိသော
စကြာမင်းကြီး ဖြစ်၍

ဘုရားရှင်၏ တရားတော်ကို
နာယူရသဖြင့်

မြတ်စွာဘုရား၌ လွန်စွာ ကြည်ညို၍ အလှူကြီးပေးကာ

ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ပြီး
ဘုရားရှင်ထံ၌ ရဟန်းပြု၏။

ရဟန်းဘဝဖြင့်
ပိဋကသုံးပုံဆောင်ခြင်း၊
လူတို့အား တရားဟောခြင်း၊

သီလပါရမီကို
ကောင်းစွာဖြည့်ခြင်းတို့ကို ပြုလျက် ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၁၉။ ဝိပဿီ မြတ်စွာဘုရား
•••••••••••••••••••••••••
တိဿ မြတ်စွာဘုရားနှင့်
ဖုဿ မြတ်စွာဘုရား
ပွင့်တော်မူရာ ကမ္ဘာကုန်ဆုံးပြီးနောက်

ကိုးဆယ့်တစ်ကမ္ဘာမြောက်
ပွင့်တော်မူသောဝိပဿီ မြတ်စွာဘုရား လက်ထက်တော်၌

ဂေါတမဘုရား အလောင်းတော်သည် "အတုလ"နဂါးမင်း ဖြစ်၍

ဘုရားအမှူးရှိသော
သံဃာတော်တို့အား ခုနှစ်ရက်ပတ်လုံး ပူဇော်သက္ကာရပြုပြီးလျှင်
ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၂၀။ သိခီမြတ်စွာဘုရား
••••••••••••••••••••••
ဝိပဿီ မြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံး၍

သုညကမ္ဘာပေါင်း ငါးဆယ့် ကိုးကမ္ဘာလွန်မြောက်ပြီးနောက်

ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် သုံးဆယ့် တစ်ကမ္ဘာထက်၌

သိခီမြတ်စွာဘုရားနှင့်
ဝေဿ ဘူမြတ်စွာဘုရားရှင် နှစ်ဆူ
ပွင့်တော်မူရာ မဏ္ဍကမ္ဘာသို့
ရောက်ရှိခဲ့သည် ။

သိခီမြတ်စွာဘုရားရှင် လက်ထက်တော်၌ "အရိန္ဒမမင်းဖြစ်၍
မြတ်စွာဘုရား အမှူးရှိသော

သံဃာတော်တို့အား
နန်းတော်သို့ပင့်၍ ခုနှစ်ရက်ပတ်လုံး အလှူဒါနကြီး ပြုလုပ်၍

မင်္ဂလာဆင်တော်ကို မြတ်စွာဘုရားအား လှူဒါန်းပြီး ထိုဆင်တော်ကို တန်ဖိုးဖြတ်၍

တန်ဖိုးနှင့် ညီမျှသော အပ်စပ်သည့်
ပစ္စည်းဝတ္ထုတို့ဖြင့်ဘုရားအမှူးရှိသော သံဃာတော်များအား လှူဒါန်းပူဇော်လျက် ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၂၁ ။ ဝေဿ ဘူမြတ်စွာဘုရား
•••••••••••••••••••••••••••
ထို့နောက်သိခီမြတ်စွာဘုရား
ပွင့်တော်မူသည့် မဏ္ဍကမ္ဘာမှာပင်
ဆက်လက်၍ ပွင့်တော်မူသော

ဝေဿ ဘူမြတ်စွာဘုရားလက်ထက်တော်၌
ဂေါတမဘုရားလောင်းသည်

"သုဒဿ န"အမည်ရှိမင်းဖြစ်၍
ဘုရားအမှူးရှိသော သံဃာတော်တို့အား

သင်္ကန်းစသောအလှူဒါန၊
မြတ်စွာဘုရားအတွက်
ဂန္ဓကုဋီကျောင်းတော်ကြီးနှင့်

ရဟန်းတော်တို့အတွက်
ကျောင်းပေါင်း တစ်ထောင် လှူဒါန်းခဲ့သည်။

ထို့နောက်. မင်းစည်းစိမ်ကို စွန့်လွှတ်၍ ရဟန်းဘဝဖြင့် ဓုတင် ၁၃-ပါး ကျင့်ဆောင်၍ ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၂၂။ ကကုသန္ဓ မြတ်စွာဘုရား
••••••••••••••••••••••••••••
ထို့နောက် ဘုရားမပွင့်သော
သုညကမ္ဘာပေါင်း နှစ်ဆယ့်ကိုးကမ္ဘာလွန်မြောက်ပြီးနောက်

ကကုသန်မြတ်စွာဘုရား၊
ကောဏာဂုံမြတ်စွာဘုရား၊
ကဿ ပမြတ်စွာဘုရား၊
ဂေါတမမြတ်စွာဘုရား၊
အရိမေတ္တေယျမြတ်စွာဘုရားတည်းဟူသော

ဘုရားငါးဆူ ပွင့်တော်မူရာ
ဤဘဒ္ဒကမ္ဘာသို့ ရောက်ရှိခဲ့သည်။

ထိုဘုရားငါးဆူတို့တွင်
ရှေ့ဦးစွာ ပွင့်တော်မူသော
ကကုသန်မြတ်စွာဘုရား လက်ထက်တော်၌

ဂေါတမဘုရားလောင်းသည်
"ခေမ"အမည်ရှိ မင်းဖြစ်၍
ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား

သင်္ကန်း၊ဆွမ်း၊ဆေး စသော
လှူဖွယ်တို့ကို လှူဒါန်းသည်။
ထို့နောက် ရဟန်းပြု၍
ဗျာဒိတ်ခံယူတော်မူခဲ့သည်။

၂၃။ ကောဏာဂမန မြတ်စွာဘုရား
•••••••••••••••••••••••••••••••
ထို့နောက် ကောဏာဂုံ မြတ်စွာဘုရားလက်ထက်တော်၌

မိထိလာမြို့၌ "ပဗ္ဗတ"အမည်ရှိသောမင်းဖြစ်၍မိတ္ထီလာမြို့သို့ ကြွတော်မူလာသော

မြတ်စွာဘုရားနှင့် ရဟန်းအပေါင်းအား အလှူဒါနကြီးပြု၍ ဝါတွင်းသုံးလပတ်လုံး

ဝါကပ်သီတင်းသုံးစေတော်မူလျက်
ပြုစုလုပ်ကျွေးခြင်း၊

သင်္ကန်းလျာများအား လှူဒါန်းပူဇော်၍ ဗျာဒိတ် ခံယူတော်မူခဲ့သည်။

၂၄။ ကဿ ပမြတ်စွာဘုရား
••••••••••••••••••••••••••
ကကုသန်မြတ်စွာဘုရား
ကောဏာဂုံမြတ်စွာဘုရားရှင်တို့
ပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာမှာပင်
ဆက်လက် ပွင့်တော်မူသော

ကဿ ပမြတ်စွာဘုရား လက်ထက်တော်၌ ဂေါတမဘုရားလောင်းသည်

"ဇောတိပါလ"လုလင်ဖြစ်၍
ကဿ ပမြတ်စွာဘုရား၏

အလုပ်အကျွေးဖြစ်သော
အနာဂါမ်ဃဋိကာရဥပါသကာနှင့်
မိတ်ဆွေဖြစ်၍

မြတ်စွာဘုရားနှင့်ရင်းနှီးခွင့်ရသဖြင့် ဘုရားရှင်ထံတော်၌ ရဟန်းပြု၏။

ရဟန်းဘဝ၌ ပိဋကတ်သုံးပုံကို သင်အံကြိုးကုတ် တတ်မြောက်၍ ဗျာဒိတ် ခံယူတော်မူခဲ့သည်။

ဤကား လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလအတွင်း၌ ပွင့်တော်မူသော သဗ္ဗညုမြတ်စွာဘုရား ၂၄-ဆူထံ၌ ပါရမီတော်တို့ကို ဘဝအဆက်ဆက် ဖြည့်ကျင့်ဆည်းပူး၍ ထပ်ကာထပ်ကာဗျာဒိတ် ခံယူတော်မူခဲ့ခြင်း ဖြစ်သည်။

☸️ဗုဒ္ဓဘာသာလက်စွဲကျမ်း☸️

Credit# သုတဂဝေသီ

No comments:

Post a Comment