စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 23, 2022

ဒေါသပျောက်ဆေး

#ဒေါသပျောက်ဆေး
_________________

လူတစ်ယောက် ဒေါသထွက်လျှင် ဘာစကားမှ မပြောသင့်ပေ။ ဘာကြောင့်နည်း၊ စိတ်ဆိုးနေတုန်းမှာ စကားကောင်း မထွက်နိုင်သောကြောင့်တည်း။ မှန်၏။ ဒေါသထွက်နေမှတော့ စိတ်သည် ပုံမှန် မဟုတ်တော့။ ပုံမှန် မဟုတ်သည့်အတွက် ပြောချင်ရာ ပြောမည် ဖြစ်၏။ ပြောချင်ရာ ပြောမှတော့ တစ်ဘက်သား မခံနိုင်သော စကားမျိုးသာ ထွက်လာမည် ဖြစ်သည်။

ထို့ကြောင့် ရှေးလူကြီးများက " ပြဿနာအစ ပါးစပ်က" ဟု ပြောခဲ့ကြခြင်း ဖြစ်သည်။ မှန်၏။ ပြဿနာဆိုသည်မှာ များသောအားဖြင့် စကားပြောရာကနေ ဖြစ်ကြခြင်းပင်။

ထို့ကြောင့် စိတ်ဆိုးပြီး ဒေါသထွက်နေလျှင် ဘယ်သူ့ကိုမှ ဘာအကြောင်းကြောင့်မှ စကား မပြောမိအောင် သတိထားရမည် ဖြစ်သည်။ စကားမပြောဖြစ်ဖို့အတွက် ပါးစပ်ကို ပိတ်ထားရမည် ဖြစ်သည်။ ပါးစပ် ပိတ်ထားနိုင်လျှင် ပြဿနာလည်း အလိုလို ငြိမ်းသွားလေတော့၏။

ရှင်ရသေ့နှင့် အမျိုးသမီး
-----------------------

ရွာလေးတစ်ရွာတွင် ဒေါသကြီးသော အမျိုးသမီးတစ်ယောက် ရှိ၏။ မပြောပလောက်သော အကြောင်းကလေးကို နင်းကန် ဒေါသ ထွက်လေ၏။ ဒေါသထွက်လာသည့်အခါ တိုင်းလည်း မကြားဝံ့မနာသာ အယုတ္တအနတ္တများကို ပြောလေတော့၏။

ဒေါသကြီးသော ထိုအမျိုးသမီးကြောင့် သူ့ တစ်အိမ်လုံးမျှသာမက တစ်ရပ်ကွက်လုံး စိတ်ညစ်နေကြ၏။ သူမကိုယ်တိုင်ကလည်း မိမိဒေါသကို ထိန်းမထားနိုင်သောကြောင့် မကြံတတ်မစည်တတ် ဖြစ်နေသည်၊ ဒေါသနှင့် ပြောရသည့်အခါတိုင်း နောင်တ ရနေတတ်သည်၊ သို့သော်လည်း ဒေါသကို မချုပ်တည်းနိုင်သောကြောင့် အကြောင်းပေါ်ပေါက်လာလျှင် ဒေါသကတော့ ဝုန်းကနဲ ဖြစ်သေးသည်သာတည်း။

တနေ့တွင် ရသေ့တစ်ပါးသည် ထိုအမျိုးသမီးအိမ် ကြွလာ၏။ အမျိုးသမီးက ရသေ့ကို သူ့အကြောင်း လျှောက်ထားလေ၏။

"ရသေ့ကြီး ... တပည့်တော်မှာ ကိုယ့်ဒေါသ ကိုယ် မထိန်းနိုင်တဲ့အတွက် ဒုက္ခရောက်နေပါတယ်၊ ထစ်ခနဲဆိုရင် ဒေါသထွက်လာတယ်၊ ဒေါသထွက်လာရင်လည်း ဘာကိုမျှ မစဉ်းစား မဆင်ခြင်တော့ပါဘူး၊ မှားတာတွေ လုပ်မိပါတယ်၊ ဒေါသပြေပျောက်တဲ့ နည်းလမ်းများရှိရင် တပည့်တော်ကို ညွှန်ကြားတော်မူပါ"။

" အေး ဟုတ်ပြီ၊ ငါ့ဆီမှာ ဒေါသပျောက်ဆေး ရှိပါတယ်၊ စိတ်မပူပါနဲ့"။

" မှန်ပါ၊ ဝမ်းသာလိုက်တာဘုရား၊ တပည့်တော်ကို ချီးမြှင့်တော်မူပါဘုရား"။

" ရော့ ဆေးပုလင်း၊ ဒေါသထွက်လာတဲ့အခါ ဒေါသပျောက်သွားတဲ့အထိ ပုလင်းထဲက ဆေးရည်ကို ဖြည်းဖြည်းသောက်၊ နောက်တစ်ပတ်ပြည့်တဲ့အခါ အကျိုးအကြောင်း သိရအောင် တစ်ခါလာခဲ့ဦးမယ်"။

ယင်းသို့ ပြောဆိုပြီး ရသေ့ကြီး ပြန်ကြွသွားသည်။ ရသေ့ကြီး ပေးသွားသော ဆေးပုလင်းကို အမျိုးသမီးက သိမ်းထားသည်။ အကြောင်းတစ်ခုခုကြောင့် ဒေါသထွက်လာသောအခါ အမျိုးသမီးသည် ရသေ့ကြီး ညွှန်ကြားသွား သည့်အတိုင်း ပုလင်းထဲကဆေးရည်ကို တစ်စက်ချင်း ဖြည်းဖြည်းသောက်လေသည်။ 

နောက်တစ်ပတ်ကြာသောအခါ ရသေ့ကြီး ကြွလာပြန်သည်။ အမျိုးသမီးက ရသေ့ကြီးကို သူ့အကြောင်း လျှောက်ထားလေတော့သည်။

" ရှင်ရသေ့ကြီးရယ် ကျေးဇူးတင်လိုက်တာဘုရား၊ တပည့်တော် ဒေါသဖြစ်လာရင် အရှင်ဘုရား ပေးတဲ့ဆေးကို သောက်ပါတယ်ဘုရား၊ ဆေးကို သောက်လိုက်တာနဲ့ တပည့်တော်မ ဒေါသပြေပျောက်သွားပါတယ်၊ဘယ်လိုဆေးမျိုးကို ပေးတယ် ဆိုတာ တပည့်တော် သိချင်ပါတယ်"။

" ငါ ရှင်းပြမယ်၊ ပုလင်းထဲမှာ ဘာဆေးမှ မရှိဘူး၊ ရေပဲ ထည့်ထားတယ်။ ပုလင်းထဲက ရေကို သောက်နေရတဲ့ အတွက် စကားပြောလို့ မရတော့ဘူး၊ ဒီတော့ ပါးစပ်က ပိတ်သွားတယ် မဟုတ်လား"။

" ဟုတ်ပါတယ်ဘုရား"။

" မှတ်ထား၊ ဒေါသကို ဖြေဖျောက်စေတဲ့ အကောင်းဆုံးဆေးဟာ ပါးစပ်ပိတ်ထားခြင်းပဲ ဖြစ်တယ်၊ ပါးစပ်ပိတ်ထားရင် စကားမပြောဖြစ်တော့၊ ဒီတော့ ဒေါသဟာ သူ့အလိုလို ပျောက်သွားလိမ့်မယ်ကွယ်"။

ထိုသို့ ပြောလိုက်တော့မှ အမျိုးသမီးလေး ပါးစပ်အဟောင်းသား ဖြစ်သွားလေတော့သည်။

ဤဖြစ်စဉ်၌ ရသေ့ကြီး၏ ပညာသားပါသော ဆုံးမနည်းကို တွေ့ရမည် ဖြစ်သည်။ " ဒေါသဖြစ်နေလျှင် ပါးစပ်ပိတ်ထားခြင်းက အကောင်းဆုံး" ဟု ဆုံးမလိုသောကြောင့် ဒေါသပျောက်ဆေးဟု ပရိယာယ်နှင့် ပြောလိုက်ခြင်း ဖြစ်သည်။

အကောင်းဆုံးယတြာ
--------------------------

စိတ်ဆိုးပြီး ဒေါသဖြစ်နေပါက ပါးစပ်ပိတ်ပြီး တိတ်တိတ်လေး နေရမည် ဖြစ်သည်။ ထို့ကြောင့် ရှေးလူကြီးတို့က "တိတ်တိတ်နေ ထောင်တန်" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။ တိတ်တိတ်နေ ထောင်တန်ဟူသည် လူဖျင်းလူအကဲ့သို့ ဘာမှ မပြောဘဲ ငူငူကြီး နေရမည်ဟု ဆိုလိုသည် မဟုတ်၊ အကျိုးရှိက ပြောရမည် ဖြစ်ပြီး အကျိုးမရှိပါက ဘာစကားမှ မပြောဘဲ နေရမည်ဟု ဆိုလိုသည်။

ဘယ်သူဖြစ်ဖြစ် ဒေါသထွက်နေလျှင် စိတ်က မကြည်တော့။ စိတ်က မကြည်သည့်အတွက် ဘာစကားပဲ ပြောပြော အဆိုးဘက်ကို ဦးတည်နေ၏။ မှန်၏။ ဒေါသနှင့် စကားပြောလျှင် အကျိုးရှိတာထက် အကျိုးမရှိတာက များ၏။ အပြုသဘောထက် အဖျက်သဘောက များ၏။  

ထို့ကြောင့် စိတ်ဆိုးပြီး ဒေါသထွက်နေလျှင် ဘာမှ မပြောဘဲ တိတ်တိတ်လေး နေသင့်၏။ တကယ်တော့ တိတ်တိတ်လေး နေခြင်းသည် ပညာပင် ဖြစ်ပါ၏။ ထို့ကြောင့် ပါးစပ်ပိတ်ခြင်းသည် "အကောင်းဆုံး ယတြာ" ဟုသာ ဆိုချင်ပါတော့၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment