တရားရထိုက်ပေမယ့် မရ
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
ပုထုဇဉ်ပုဂ္ဂိုလ်တွေက အသိဉာဏ် နဲ့ ပတ်သက်ပြီးတော့ ခိုင်မာမှု မရှိကြဘူးတဲ့။ နောက်တစ်ခုက သောတာပန်ပုဂ္ဂိုလ်တစ်ယောက် က အမိကိုသတ်တယ် ဆိုတဲ့ #မာတုဃာတကကံ ကျူးလွန်တာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ် တစ်ယောက် ကသာ မာတုဃာတက- အမိကို သတ်တယ်ဆိုတဲ့ကံ ကျူးလွန်တာ ဖြစ်နိုင်တယ်တဲ့။
တစ်ဖန် သောတာပန်ပုဂ္ဂိုလ်တစ်ယောက်က အဖကိုသတ်တဲ့ #ပိတုဃာတကကံ ကျူးလွန်တာ မဖြစ်နိုင် ဘူးတဲ့၊ ပုထုဇဉ်တစ်ယောက်ကသာ အဖကိုသတ်တဲ့ ပိတုဃာတကကံ ကျူးလွန်တယ်ဆိုတာ ဖြစ်နိုင်တယ် တဲ့။
နောက်တစ်ဖန် သောတာပန်ဖြစ်ပြီးသား ပုဂ္ဂိုလ် တစ်ယောက်က ရဟန္တာပုဂ္ဂိုလ်ကို သတ်တယ်ဆိုတဲ့ #အရဟန္တဃာတကကံ ကျူးလွန်တာ မဖြစ်နိုင်ဘူးတဲ့ပုထုဇဉ်တစ်ယောက်ကသာ အရဟန္တဃာတကကံ ရဟန္တာကိုသတ်တယ်ဆိုတဲ့ကံ ကျူးလွန်တာ ဖြစ်နိုင် တယ်တဲ့။
သောတာပန်ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြစ်မှား လိုတဲ့စိတ်နဲ့ မြတ်စွာဘုရားကို #သွေးစိမ်းတည်အောင် လုပ်တယ်, ဘုရားကို ထိခိုက်ဒဏ်ရာရအောင်လုပ်တယ် ဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ်တစ်ယောက် အနေနဲ့ ကတော့ ဖြစ်နိုင်တယ်တဲ့။
တစ်ဖန် သောတာပန်ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ သံဃာသင်းခွဲတယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ် တစ်ယောက်အနေနဲ့က #သံဃာသင်းခွဲမှုဆိုတာ ဖြစ်နိုင် တယ်တဲ့။ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာလေးတွေကို မြတ်စွာဘုရားက ရှင်းပြီးတော့ ဒီလိုဟောထားတယ်။
ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ် အပေါင်းတို့သည် သံသရာမှာ အလွန့်အလွန် အရေးပါ လှတဲ့ ဝိပဿနာဉာဏ်နဲ့ ပတ်သက်ပြီးတော့ သင်္ခါရ တရားတွေကို အနိစ္စ, သင်္ခါရတရားတွေကို ဒုက္ခ သဘာဝတရားမှန်သမျှ အနတ္တ လို့ အခိုင်အမာ ရှုနိုင် တာဟာ သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားမှ အခိုင်အမာ ဖြစ်တယ်၊ သောတာပန် မဖြစ်သေးသမျှ “တို့ ဒီဘဝမှာ သင်္ခါရတရားမှန်သမျှ မမြဲဘူး” လို့ သိနေပေမယ့်လို့ တခြားဘဝ ရောက်သွားတဲ့အခါ ဒီအသိဟာ ခိုင်မြဲမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဒီဘဝမှာပဲ #ခိုင်မြဲအောင်လုပ်ဖို့ လိုအပ်တယ်” လို့ ဒီလို အသိတရားဝင်ရမယ်။
သောတာပန် မဖြစ်သေးလို့ရှိရင် ကျွတ်တန်းဝင် လောက်တဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တောင်မှပဲ အင်မတန်မှ ကြီးလေးတဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်မိ တတ်သေးတယ်။ အင်မတန်ကြီးလေးတဲ့ပြစ်မှုဆိုတာ #အာနန္တရိယကံ= သေသည်၏အခြားမဲ့မှာ လုံးဝ အကျိုး ပေးမယ့်ကံ၊ မြန်မာစာမှာ “ပဉ္စာနန္တရိယ” လို့ ပြောတယ်၊‘ပဉ္စ’ ဆိုတာ ၅-မျိုး၊ ‘အာနန္တရိယ’ ဆိုတာ သေသည်၏ အခြားမဲ့မှာ အကျိုးကို ထုတ်လုပ်မယ့် ကံ။
အဲဒါတွေက ဘာတုန်းဆိုတော့ မာတုဃာတက -အမိကိုသတ်ခြင်း၊ ပိတုဃာတက- အဖကိုသတ်ခြင်း၊ အရဟန္တဃာတက- ရဟန္တာကိုသတ်ခြင်း၊ လောဟိ တုပ္ပါဒက- မြတ်စွာဘုရားကို ဒဏ်ရာရစေ၍ သွေးစိမ်း တည်အောင်လုပ်ခြင်း၊ သံဃဘေဒကသံဃာသင်းခွဲ ခြင်းလို့ ဆိုတဲ့ ဒီကံ ၅-မျိုးဟာ အကုသိုလ်ကံတွေထဲမှာ အပြစ်အကြီးဆုံးကံတွေလို့ ဒီလို သတ်မှတ်ထားတယ် ပေါ့။ ဒီထဲမှာ တစ်ခုထပ်ထည့်လိုက်လို့ရှိရင် နိယတက မိစ္ဆာဒိဋ္ဌိ ကံကလည်း အပြစ်ကြီးတဲ့ ကံတစ်မျိုးပဲ။
သောတာပန်ဖြစ်သွားလို့ရှိရင် ဒီလောက် ကြီးလေး တဲ့ ပြစ်မှုကြီးကို မကျူးလွန်တော့ဘူးတဲ့။ ပုထုဇဉ် ဖြစ်နေသေးလို့ရှိရင် ဒီဘဝမှာ သူတော်ကောင်း ဖြစ်ပေ မယ့်လည်း နောင်ဘဝကျရင်တော့ ပတ်ဝန်းကျင်ကို မကျော်လွှားနိုင်သည့်အတွက်ကြောင့် ဒီ အာနန္တရိယ ကံ- ကြီးလေးတဲ့ ကံကြီးတွေကို ကျူးလွန်မိကောင်းကျူးလွန်နိုင်လိမ့်ဦးမယ်တဲ့။
ပုထုဇဉ်ဘဝဆိုတာ အင်မတန်မှ အပြစ်ကြီးတယ်။
#အဇာတသတ်မင်း
ကြည့်လေ- ဗိမ္ဗိသာရမင်းကြီးရဲ့ သားတော် အဇာတသတ်မင်း၊ အဇာတသတ်မင်းဟာ တိဟိတ် ပဋိ သန္ဓေနေလာတာ။ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ သို့သော် ပါပမိတ္တလို့ခေါ်တဲ့ မကောင်းတဲ့ မိတ်ဆွေ- ဒေဝဒတ်တို့လို မကောင်းတဲ့ အတွေးတွေ တွေးပြီး, မကောင်းတဲ့အပြောတွေပြော, မကောင်းတဲ့ အလုပ်ကို လုပ်တတ်တဲ့ပုဂ္ဂိုလ်ကို ဆရာတင်မိတဲ့အခါ ဘာဖြစ်သွားတုန်း၊ ပိတုဃာတကကံ- အဖသတ်တဲ့ ကြီးလေးတဲ့ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်မိတယ်။ ကျူးလွန်မိသည့်အတွက်ကြောင့် သန္ဓေက ဉာဏ်ပါလာ လို့ တိဟိတ်ပုဂ္ဂိုလ် ဖြစ်လင့်ကစား တရားထူးကိုရနိုင်တဲ့ အခြေအနေကောင်းက ပျက်စီးသွားတယ်။ ဘယ်သူက ဖျက်ဆီးပစ်လိုက်သလဲဆိုရင် သူကျူးလွန်လိုက်တဲ့
ကံက ဖျက်ဆီးပစ်လိုက်တယ်။ ရဟန်းဘဝရဲ့ လက်တွေ့ အကျိုးကို ဖော်ပြတဲ့ သာမညဖလသုတ်ကို မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းလင်း ဟောကြားတဲ့အခါ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး အသိ ဉာဏ်တွေ ပွင့်လင်းသွားပေမယ့်လို့ သောတာပန်အဖြစ် ရောက်မသွားဘူး။
မြတ်စွာဘုရားကိုယ်တိုင်က အဇာတသတ်မင်း ကြီး ထိုနေ့ညက တရားနာပြီး တရားပွဲက ထပြန် သွားတာနဲ့တစ်ပြိုင်နက် ရဟန်းတွေကို အမိန့်ရှိတာက “ဒီမင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်တာပဲ၊ အကယ် ၍သာ သူ့ အဖေကိုသတ်ခြင်းလို့ဆိုတဲ့ ပိတုဃာတကကံ ကို မကျူးလွန်ခဲ့ဘူးဆိုရင် ဒီကနေ့ည သူသောတာပန် ဖြစ်ရမှာ” တဲ့။
ဒါကြောင့် တရားနာပေမယ့်လို့ တရားထူး တရား မြတ် မရနိုင်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဟောဒီ အာနန္တရိယကံ ၅ -မျိုးကို ကျူးလွန်ထားပြီဆိုလို့ရှိရင် တရားထူး တရား မြတ် မရနိုင်တော့ဘူး။ အခြေအနေကောင်းတစ်ခုဟာ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ပျက်စီးသွားတယ်။ မွေးရာပါ မဟုတ်ဘူး၊ မှားယွင်းချွတ်ချော်မှုကြောင့် ပျက်စီးသွား တယ်။
ဒါကြောင့် သောတာပန်မဖြစ်သေးလို့ရှိရင် ကိုယ့် ကိုယ်ကို အထင်ကြီးလို့မရဘူး။ ဒီဘဝ သူတော်ကောင်း၊ နောက်ဘဝကျတော့ သူယုတ်မာ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုမှပြောလို့မရဘူး၊ ဘုရား အလောင်းတော်ကြီး တွေတောင်မှပဲ မှားယွင်းမှုတွေ အများကြီးရှိတယ်။
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ။
#ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာ တရားတော်မှ
No comments:
Post a Comment