ဆင်ခြင်တုံတရားဟာ
အင်မတန်ပဲ အရေးကြီးတယ်။
အဲဒါကို " ပဋိသင်္ခါနဗလ ” လို့ခေါ်တယ်။
ဆင်ခြင်မှုစွမ်းအားဟာ သိပ်အရေးကြီးတာ။
လောကမှာ ဆင်ခြင်မှုစွမ်းအားဖြင့်
အကုသိုလ် တော်တော်များများကို ဖယ်ရှားနိုင်တယ်။
မြတ်စွာဘုရားက " ပဋိသင်္ခါနဗလ ” တဲ့။
ဆင်ခြင်မှုစွမ်းအားကို အသုံးချပြီးတော့
မိမိရဲ့သဏ္ဍာန်မှာ
အကုသိုလ်တွေ မဖြစ်အောင်၊
အကုသိုလ်တွေ ဖယ်ရှားနိုင်အောင်
ကြိုးစားအားထုတ်ရမယ်လို့ ဟောတာ။
အဲဒီတော့ ကိုယ့်ဘဝကို
တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တိုင်း၊
ကိုယ့်ကိုယ်ကို
ဘဝမှာ အဆင့်မြင့်သထက်
မြင့်ချင်တဲ့ပုဂ္ဂိုလ်တိုင်း ကြိုးစားကြရမယ်။
လူတိုင်း လူတိုင်း ကိုယ့်ဘဝ ကိုယ် တန်ဖိုးထားကြတာပဲ။
ဒီဘဝထက် နောက်ဘဝ မြှင့်တင်သွားဖို့ စိတ်ရှိကြတာချည်းပဲ။
ကောင်းသထက် ကောင်းတာရဖို့ စိတ်ဆန္ဒ ရှိကြတာချည်းပဲ။
စိတ်ဆန္ဒရှိတာချင်း အတူတူပဲ။
သို့သော်… အကြောင်းတရားကို
အမှန်မသိသည့် အတွက်ကြောင့်
မကြီးပွားကြတာ ဖြစ်တယ်။
ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းက ဘာလဲ… ?
အဲဒီ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းတရားတွေကို
မသိသည့် အတွက်ကြောင့် မှားမှားယွင်းယွင်းတွေ လုပ်ပြီး
" ကြီးပွားချင်လျက် ဆုတ်ယုတ်သွားရတယ်၊
မြှင့်တက်ချင်လျက် နိမ့်ကျသွားကြတယ် ”၊
" ကောင်းကျိုးချမ်းသာတွေ ရချင်လျက်နဲ့
ဆင်းရဲဒုက္ခတွေနဲ့ ကြုံသွားကြရတယ် ”။
ဘုရားပွင့်လာတဲ့ အခါမှာသာ
အကြောင်းတရားတွေကို
မှန်မှန်ကန်ကန် သိခွင့်ရတယ်ပေါ့။
တရားဓမ္မတွေကို နာလိုက်တဲ့အခါ
လုပ်သင့်တာနဲ့ မလုပ်သင့်တာ
ခွဲခြားပြီးတော့ သိလာတယ်။
ဘယ်လို တွေးရမယ်၊ ဘယ်လို စဉ်းစားရမယ်၊
အကုသိုလ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့
နည်းစနစ်တွေကို သိလာတယ်။
ဒီနည်းစနစ်တွေအတိုင်း လိုက်နာ ကျင့်သုံးခြင်းဖြင့်
ကိုယ်ဘဝမှာ တန်ဖိုးရှိတဲ့ ဘဝတစ်ခု ဖြစ်လာနိုင်တယ်ပေါ့။
🌹 ပါမောက္ခချုပ်ဆရာတော်
🌸 ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
{ ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား- တရားတော်မှ }
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🙏 မိတ်ဆွေ များအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
… သူရိယ စန္ဒာ …
No comments:
Post a Comment