" အားထုတ်ဖြစ်ဖို့ အဓိက "
~~~~~~~~~~~~~~~
"ရောဂါ ပျောက်ချင်လို့ တရားအားထုတ်တာ မကောင်းကြောင်း ၊ ရိပ်သာတွေမှာ ရောဂါ ပျောက်ချင်ရင် တရား အားထုတ်ပါလို့ . . . မှားယွင်းစွာ မြူဆွယ်နေကြောင်း "
ဂျာနယ်တစ်စောင်ထဲမှာ ဆောင်းပါးရှင်တစ်ယောက် ရေးသားထားတာကို ဖတ်ရှုလိုက်ရတော့ . .
အတိတ်က ဖတ်ခဲ့ ၊ မှတ်ခဲ့ ၊ ကြားနာဖူးတဲ့ အကြောင်းအရာတွေ . . .စာရေးသူရဲ့ အတွေးအာရုံထဲကို ဝင်ရောက်လာပါတယ် ။
------------------------------------------
ပထမဆုံး ဝင်ရောက်လာတဲ့ အကြောင်းအရာက
နန္ဒမင်းသားတစ်ဖြစ် အရှင်နန္ဒိယ ရဲ့ အကြောင်းပါ ၊
နန္ဒမင်းသားဟာ သာသနာ့ဘောင်ကို သံသရာလွတ်ဖို့ ၊ နိဗ္ဗာန်ရဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာသူ မဟုတ်ပါဘူး ၊
ဇနပဒကလျာဏီနဲ့ လက်ထပ်ပွဲ ဆင်နွဲတဲ့နေ့မှာ မြတ်စွာဘုရားက တိုက်တွန်းလို့ မြတ်စွာဘုရားကို ရိုသေကိုင်းရှိုင်းတဲ့စိတ်နဲ့ ဝင်ရောက်လာသူပါ ၊
သဒ္ဓါတရားအစစ်အမှန်နဲ့ သင်္ကန်း ဝတ်လာသူ မဟုတ်တော့ သာသနာ့ဘောင်မှာ မပျော်ဘူးပေါ့ ၊ ဇနပဒကလျာဏီကိုပဲ တမ်းတမ်းတတ သတိရနေပါတယ် ။
မြတ်စွာဘုရားက အရှင်နန္ဒကို တာဝတိံသာနတ်ပြည် ခေါ်သွားခဲ့တယ် ၊ ဇနပဒကလျာဏီထက် အဆပေါင်းများစွာ လှတဲ့ နတ်သမီးတွေ မြင်ရတော့ လိုချင်တဲ့စိတ် ဖြစ်လာပါတယ် ၊
နတ်သမီးတွေလိုချင်ရင် တရားအားထုတ်ပါ ၊ တရား အားထုတ်ရင် နတ်သမီးတွေ ရစေ့မယ်လို့ မြတ်စွာဘုရားက ဆိုတော့ နတ်သမီးလိုချင်တဲ့စိတ်နဲ့ တရား အားထုတ် တော်မူတယ် ၊
နောက်ပိုင်းမှာ တခြားရဟန်းတော်တွေက ကဲ့ရဲ့ကြတဲ့ အတွက် ရည်ရွယ်ချက် ပြောင်းပြီး အားထုတ်လိုက်တာ ရဟန္တာ ဖြစ်တော်မူတယ်။
မူလ ရည်ရွယ်ချက်က အဆင့်နိမ့်ပေမယ့် တရား အသိဉာဏ် ရင့်ကျက်သွားရင် ရည်ရွယ်ချက်လည်း အဆင့် မြင့်သွားနိုင်ပါတယ် ။
လမ်းဆုံးရင် ရွာ တွေ့ရစမြဲ ဖြစ်သလို . . .
တရားကို နည်းမှန်လမ်းမှန် အားထုတ်နေရင်လည်း နောက်ဆုံးမှာ တရားရဲ့ အဓိကပန်းတိုင်ကို မလွှဲမသွေ ဆိုက်ရောက် သွားမှာပါ ။
-------------------------------------------------
ရောဂါပျောက်ချင်ရင် တရားအားထုတ်ပါ ဆိုတဲ့ တိုက်တွန်းချက်ကို မှားယွင်းတဲ့ မြူဆွယ်မှု လို့ စွပ်စွဲခဲ့ရင် . . .
နတ်သမီးလိုချင်ရင် တရားအားထုတ်ပါလို့ တိုက်တွန်းခဲ့တဲ့ မြတ်စွာဘုရားကိုလည်း အမှား မြှူသမားကြီးလို့ လက်ညှိုးထိုး ရှုတ်ချရာ ရောက်ပါတယ် ။
နောက်အကြောင်းအရာတစ်ခုက . .
အနာထပိဏ်သူဌေးကြီးရဲ့ သား ကာဠ ပါ ၊
အဖေက သောတာပန် ကျောင်းဒကာကြီး ဖြစ်ပေမယ့် သားကာဠက ဘုရားကျောင်းလည်း မသွား ၊ တရားလည်း မနာ ၊ မေ့မေ့လျော့လျော့နေနေတော့ . . .
ဥပုသ်စောင့် ၊ တရားနာရင် အသပြာတစ်ရာ ပေးမယ် လို့ ဖခင်က ပြောတဲ့အတွက် အသပြာတစ်ရာ လိုချင်တဲ့စိတ်နဲ့ ဥပုသ် စောင့် ခဲ့တယ် ၊
နောက်တစ်နေ့မှာ တရားတစ်ပုဒ် မှတ်မိအောင် နာပြီး ပြောနိုင်ရင် အသပြာတစ်ထောင် ပေးမယ် လို့ ပြောပြန်တဲ့အတွက် . . .
အသပြာတစ်ထောင် ရလိုတဲ့စိတ်နဲ့ တရားကို အာရုံစိုက်ပြီး နာလိုက်တာ တရားနာရင်း ၊ နာရင်း တရားအဓိပ္ပာယ်ကို ထိုးထွင်း သိမြင်သွားရာက တရားအားထုတ်လိုက်တာ သောတာပန် တည်သွားခဲ့တယ် ။
မူလရည်ရွယ်ချက်က အသပြာတစ်ထောင် ရဖို့ ပါ ၊ မူလ ရည်ရွယ်ချက်က မမှန်ပေမယ့် အလုပ်က မှန်နေရင် အကျိုးတရားကို ထိုက်ထိုက်တန်တန် ခံစားရမှာ မလွှဲပါဘူး ။
------------------------------------------------
နာမည်ကြီးကာစ ဆရာတော်တစ်ပါးဆိုရင်လည်း လူ့ဘဝတုန်းက အိပ်မပျော်တဲ့အတွက် အိပ်ပျော်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရား အားထုတ်ခဲ့ရာက . . .
တရားအရသာ တွေ့သွားပြီး နိဗ္ဗာန်ကိုလည်း လိုချင်ရမှန်း သိလာ ၊
ဘာသာမဲ့ဘဝကနေလည်း ဗုဒ္ဓဘာသာဝင် ဖြစ်လာတဲ့အပြင် . . .ဇနီး ၊ သမီးတို့ကို စွန့်ပြီး ရဟန်းဘဝကို တက်လှမ်းနိုင်ခဲ့တယ် ။
ကမ္ဘာကျော်ဝိပဿနာဆရာကြီးတစ်ယောက် ဆိုရင်လည်း ခေါင်းတစ်ခြမ်း ကိုက်တဲ့ ရောဂါ ပျောက်ချင်လို့ တရားအားထုတ်ရာက . . .
တရားလမ်းမှန် ရောက်သွားလိုက်တာ ခုဆို နိဗ္ဗာန် မျက်မှောက်ပြုရေးတရားတွေ ကမ္ဘာအနှံ တွင်တွင်ကျယ်ကျယ်ကြီး ဟောပြောလို့ နေပါပြီ ၊
---------------------------------------------
ဒီလို ရည်ရွယ်ချက် ပြောင်းလဲမှန်ကန်သွားသူ တွေအကြောင်းကို ပြောပြ ၊ ရေးပြလို့ ကုန်နိူင်ဖွယ် မရှိပါဘူး ၊
ရောဂါ ပျောက်ချင်လို့ တရား အားထုတ်ရာကနေ တရားအရသာ တွေ့သွားပြီး မဂ်ဖိုလ်နိဗ္ဗာန် ဦးတည်ချက်နဲ့ စွဲစွဲမြဲမြဲ တရားအားထုတ်နေသူ တွေ ဒုနဲ့ဒေး ပါ ။
တရားအားထုတ်တဲ့ နေရာမှာ . . .
ရောဂါပျောက်ရုံ ၊ စိတ်ချမ်းသာရုံလေးနဲ့ ကျေနပ်မနေကြနဲ့ ၊ နိဗ္ဗာန်ရတဲ့အထိ အားထုတ်ပါ လို့ ရိုးရိုးလေး တိုက်တွန်းလိုက်ရင် မှန်လည်း မှန်ပါတယ် ။ အပြစ်လည်း ကင်းပါတယ် ။
ခုတော့ တရားအားထုတ်ဖို့ တိုက်တွန်းသူတွေကို " မှားယွင်း " ဆိုတဲ့ စကားလုံး ၊ " မြှူဆွယ် " ဆိုတဲ့ စကားလုံးတွေနဲ့ စွပ်စွဲလာလို့ ဒီစာလေးနဲ့ အကျဉ်း ရှင်းပြလိုက်ပါတယ် ။
----------------------------------------------
ထမင်းဟာ ဘာရည်ရွယ်ချက်နဲ့ပဲစားစား စားသူကို ဗိုက်ပြည့်စေ ၊ အားရှိစေမှာ ဖြစ်သလို
တရားဟာလည်း ဘာရည်ရွယ်ချက်နဲ့ပဲ အားထုတ် အားထုတ် . . .
အားထုတ်သူကို ငြိမ်းအေးစေ ၊ လွတ်မြောက်စေမှာ သေချာပါတယ် ၊ တရားကို တရားနဲ့တူအောင် အားထုတ်ဖို့တော့ လိုတာပေါ့ ။
ဒါကြောင့် . . ထပ်ပြီး ပြောချင်တာက
ဘာရည်ရွယ်ချက်နဲ့ပဲ အားထုတ်အားထုတ် တရား အားထုတ်တာ ကောင်းပါတယ် ။
အားထုတ်ပါ ၊ အားထုတ်ဖြစ်ဖို့နဲ့ နည်းလမ်းမှန်ဖို့ သာ အရေးကြီးပါတယ် ၊
-ရောဂါပျောက်ချင်လို့ တရားအားထုတ်တာလည်း ကောင်းပါတယ် ။
-စီးပွားရေး ၊ လူမှုရေး အဆင်ပြေ တိုးတက်ချင်လို့ တရား အားထုတ်တာလည်း ကောင်းပါတယ် ၊
-စိတ်ဓာတ်ခိုင်မာ ငြိမ်းချမ်းပြီး စိတ်နေသဘောထား ကြီးကျယ် မြင့်မြတ်ချင်လို့ တရား အားထုတ်တာလည်း ကောင်းပါတယ် ၊
ခန္ဓာဇတ်သိမ်း ဒုက္ခငြိမ်းချင်လို့ တရား အားထုတ်တာကတော့ အကောင်းဆုံးပါပဲ ။
ဣဿာမစ္ဆိရိယအမြင်နဲ့ ကြည့်တတ်သူတွေ အတွက် အရာရာတိုင်းဟာ အဆိုးတွေ ၊ အပြစ်တွေချည်း ဖြစ်နေမှာပါ ။
အရာရာကို ယောနိသော မနသိကာရ အမြင်နဲ့ မှန်မှန်ကန်ကန် နားလည် နှလုံးသွင်း တတ်ခြင်းက တကယ့် သူတော်ကောင်း စိတ်ထား ဖြစ်ပါတယ် ။
-----------------------------------------------
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် . . .တရား အားထုတ် ဖြစ်ကြပါစေ ၊
ဘာရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ် . . . . တရား အားထုတ်ဖြစ်ကြပါစေ ။
" ဆရာတော် အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ"
( အားထုတ်ဖြစ်ဖို့ အဓိက ၊ စာ -၃-၂၀ ) မှ အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏
No comments:
Post a Comment