=============================
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါတုန်းက သရဏဂုံရဲ့တန်ဖိုးကို သိကြတဲ့အတွက် တချို့ ကိုယ်ဝန်ဆောင် ဒကာမများဆိုရင် မိမိအတွက် သရဏဂုံ ခံယူရုံမျှ မကသေးဘူး။ မိမိဝမ်းထဲမှာ ရှိနေတဲ့ ကလေးအတွက်ပါ သရဏဂုံ ခံယူတဲ့ ဒကာမတွေတောင် ရှိခဲ့ဖူးတယ်။
ဘုရားရှင်လက်ထက်တော်က သရဏဂုံကို အကြောင်းခံပြီး ရဟန္တာဖြစ်သွားရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ဖူးတယ်။ သရဏဂုံမထေရ် လို့ပဲ အမည်တွင်ခဲ့ကြတယ်။
သရဏဂုံ စွဲမြဲတဲ့အတွက် ပဒုမုတ္တရဘုရားရှင် လက်ထက်ကစပြီး ဘုရား ၁၆ ဆူတိုင်တိုင် ရရှိခဲ့တဲ့ ဘဝပေါင်းကို အသာထား။ ကမ္ဘာပေါင်းပင် မရေမတွက်နိုင်အောင် အပါယ်လေးပါးဆိုတဲ့ အသံကိုတောင် မကြားရဘဲ လူ့ပြည်နတ်ပြည်မှာချည်း အဆင့်တန်းမြင့်မြင့် စည်းစိမ်ခံစားခဲ့ရတဲ့ သာဓကလေးတစ်ခု ထုတ်ပြမယ်။
မြတ်စွာဘုရား လက်ထက်တော်က သာဝတ္ထိပြည်မှာ ခုနစ်နှစ်သားအရွယ် သူဌေးသား သူငယ်လေးတစ်ယောက် ကလေးတို့သဘာဝ တစ်နေ့ ကစားဖော် ကလေးများနဲ့အတူ ဘုန်းကြီးကျောင်းတိုက်တစ်ခုထဲ ရောက်သွားကြတယ်။
ကျောင်းတိုက်ထဲမှာ သီတင်းသုံးတဲ့ ရဟန္တာအရှင်မြတ် တစ်ပါးက ပျူပျူငှာငှာ ကလေးများကို နှုတ်ဆက်မေးစမ်းပြီး သရဏဂုံသုံးပါးကို ရွတ်ဆိုသင်ပြ ပေးလိုက်တယ်။ ကလေးနားနဲ့ တန်တဲ့ ဆုံးမစကားလည်း ပြောဟောပေးလိုက်သတဲ့။
အဲဒီထဲက ခုနစ်နှစ်အရွယ် ခုန သူကြွယ် ကလေးလေးဟာ
" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " လို့ ဆိုလိုက်တာနဲ့ ချက်ချင်း ရိုးတွင်းချဉ်ဆီခိုက်အောင် ပီတိတွေ ဖြစ်သွားသတဲ့။ ဒီအချိန်မှာ အိပ်ပျော်နေရာကနေ ဖြုန်းကနဲနိုးလာပြီး တစ်စုံတစ်ခု သတိရလိုက်သလိုမျိုး မီးခဲပြာဖုံးဖြစ်နေတဲ့ အသိတွေဟာ ဘွားခနဲ ပွင့်လင်းလာတယ်။ ဒါနဲ့ သရဏဂုံကို အကြောင်းပြုပြီး ဝိပဿနာဉာဏ် ဝင်စားလိုက်တာ အဲဒီခုနစ်နှစ်အရွယ် ကလေးလေးဟာ အဲဒီနေရာမှာပဲ ရဟန္တာဖြစ်သွားတယ်။
" သတ္တဝါတို့မည်သည် နောက်ကြောင်းကိုယ်စီ ရှိကြ၏။ ဘဝနောက်ခံ ကိုယ်စီ ပါ၏ "
လို့ မှတ်ရမယ်။ အသိဉာဏ်ရှိတဲ့ ဘဝတစ်ခုခုက ထိထိမိမိ နှလုံးသွင်း လေ့ကျင့်ထားတဲ့ အလုပ်တစ်ခုဟာ တစ်သံသရာလုံး အကျိုးဖြစ်စေတယ်။ နှယ်နှယ်ရရ မမှတ်ကြနဲ့။ ဒီတော့ ဒီခုနစ်နှစ်အရွယ် သူကြွယ်လေးရဲ့ အတိတ်ဘဝကို ပြန်လိုက်ကြည့်တော့
ဟိုး.. လွန်ခဲ့တဲ့ ခုနစ်ဆူမြောက် ဝိပဿီမြတ်စွာဘုရားရှင် လက်ထက်တော် အခါတုန်းက ဒီခုနစ်နှစ်အရွယ် သူကြွယ်လောင်းလေးဟာ #ဗန္ဓုမတီပြည် က မျက်မမြင် ဒုက္ခိတ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခဲ့တဲ့ သားလိမ္မာလေး ဖြစ်ခဲ့တယ်။
ရဟန်းတော်တွေရဲ့ဘဝကို ဖူးမြင်ရတိုင်း သူ့မှာ အားကျတဲ့စိတ် ဖြစ်ရှာတယ်။ သို့ပါသော်လည်းပဲ
" သြော်...ငါ့မှာ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုရမယ့် တာဝန်က ရှိနေတယ်။ သူများလို လွတ်လွတ်လပ်လပ်သာဆိုရင် ရဟန်းပြုရသော် ကောင်းလေစွ" လို့ မကြာခဏ စိတ်ကူးမိတယ်။
နောက်ဆုံးတော့ မရနိုင်တာ တောင့်တနေလို့ အကျိုးမရှိဘူး။ သရဏဂုံသုံးပါးနဲ့ နေပြီး သရဏဂုံသုံးပါးနဲ့ သေရင်လည်း ဒီဘဝ ဒီဒုက္ခတွေက လွတ်မြောက်မှာပါပဲ ဆိုပြီး #နိသဘ လို့ ခေါ်တဲ့ အဂ္ဂသာဝကမထေရ် တစ်ပါးထံမှာ သရဏဂုံ ဆောက်တည်ပြီး အဲဒီ သရဏဂုံနဲ့ပဲ စွဲမြဲစွာ နေသွားတယ်။
အဲဒီဘဝက သေတော့ တာဝတိံသာမှာ ဖြစ်တယ်။ သရဏဂုံ စွဲမြဲထုံသောကြောင့် အပါယ်လေးဘုံဆိုတာ ကြားပင်မကြားရဘဲ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမဆိုတဲ့ ဘုရား ၇-ဆူ ကာလ တစ်လျှောက်လုံး ကမ္ဘာပေါင်းများစွာ လူ့ပြည် နတ်ပြည်မှာပဲ လှည့်လည်ပြီး အဆင့်တန်းမြင့်မြင့်ချည်း ကျင်လည်ခဲ့ရတယ်။
ငါတို့ ဂေါတမဘုရားရှင် လက်ထက်မှာတော့ ခုနက ပြောခဲ့တဲ့အတိုင်း ဒီခေတ်မှာ ပြောနေကြတဲ့ မီလျံနာ၊ ဘီလျံနာလောက်မက ချမ်းသာကြွယ်ဝတဲ့ #မဟာသာလ သူဌေးမျိုးမှာ လူဖြစ်လာတယ်။
ဘဝနောက်ခံ ပါခဲ့သည့် အားလျော်စွာ
" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" လို့ နှုတ်ကရွတ်ဆိုလိုက်တာနဲ့ ဇာတိဿရဉာဏ်တွေရသွားပြီး ဘွားခနဲ အတိတ်ဘဝက အလုပ်တွေ ပေါ်လာတော့ ဝိပဿနာဉာဏ်ဘက် ကူးပြီး ဝင်စားလိုက်တာ ချက်ချင်း ရဟန္တာဖြစ်သွားရတယ်။
အားကျဖွယ် ကောင်းလိုက်တာလေ။
ဒါကြောင့် အနည်းဆုံး သရဏဂုံနှင့်နေပြီး သရဏဂုံနဲ့ သေကြရင် အရိယာဘဝကို မရောက်ကြရသေးစေကာမူ အပါယ်ဘေးကြီးကတော့ စိတ်ချရပြီ။ နတ်ပြည်ခြောက်ထပ်ဆိုတဲ့ မြင့်မြတ်တဲ့ဘဝတွေကို အသာကလေး ရနိုင်တယ်လို့ မမှိတ်မသုန် ယုံကြည်ကြရမယ်။ သည့်ထက်ကောင်းတဲ့ ဂါထာ မရှိဘူး ဟူ၍ မှတ်ကြ။
ဘယ်လို အန္တရာယ်ကင်းတယ် စီးပွားတက်မယ်ဆိုပြီး သူပြောလူပြော ဘုရားဟော မဟုတ်တဲ့ ဂါထာအသစ်အဆန်းတွေ မလိုက်ကြနဲ့။
" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " ဆိုတဲ့ သဗ္ဗမင်္ဂလာ ဂါထာတော်ကြီးနှင့် အရဟံ စသော ဂုဏ်တော်မူရင်းတွေထက် ကောင်းတဲ့ အစွမ်းပကားကြီးမြတ်တဲ့ ဂါထာ ဘယ်မှာ ရှိလိမ့်မတုန်း။ အဲဒါကိုပဲ စွဲစွဲမြဲမြဲ မှတ်ထားကြ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
နယ်ခြား တောင်တန်းသာသနာပြု
ဆရာတော်ဘုရားကြီး
အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက
ဦးဥတ္တမသာရ
crdit : အရှင် ရေဝတ &
original uploader
No comments:
Post a Comment