🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အသက်ကြီးတာ ရောဂါထူတာ ဒါတွေ ပဓာနမဟုတ်ဘူး.... ၊ မြင်အောင်ကြည့်တာ ပဓာန.... ။ မြင်ရင်တော့ အနိစ္စအရိပ်တွေ ထွက်လာမယ် ၊ ဒီခန္ဓာကြီးထဲမှာ ေဩာ်... အနိစ္စပါကလားလို့ ဆိုတော့... အနိစ္စလို့သိတဲ့ မဂ္ဂင်ကလေး ထွက်လာမှာပဲ... ၊ ပုထုဇဉ်မျက်လုံး တပ်ကြည့်လိုက်တဲ့အခါကျတော့... တဏှာ ၊ မာန ၊ ဒိဋ္ဌိ ထွက်တယ်... ။
ဒီကနေ ဘုန်းကြီးက မျက်လုံးပြောင်းပေးလိုက်တယ်...၊ ဟောဒါ ခန္ဓာငါးပါးဗျ ၊ ခန္ဓာငါးပါးမှာလဲ သေသေချာချာကြည့်ဗျ ၊ တော်တော်ကြာကျတော့ ဖြစ်ပျက်တွေဗျလို့ ဆိုတော့... ဒီဟာ အရိယာမျက်လုံး တပ်ကြည့်လိုက်တော့... ဖြစ်ပျက်မြင်တဲ့မဂ်တွေ ထွက်လာတယ်... ။
ကဲ...အရိပ်တွေ ကွာသွားပြီ ၊ ခုနင်က တဏှာ ၊ မာန ၊ ဒိဋ္ဌိ ၊ အခုတော့ မဂ္ဂင်တွေထွက်လာတယ်... ၊ တဏှာ ၊ မာန ၊ ဒိဋ္ဌိ သေသွားတဲ့သဘောတွေ ထွက်လာတယ်... ။
အရိယာတို့၏ တပည့်သား မျက်လုံးနဲ့ ခန္ဓာငါးပါး ကြည့်လိုက်တဲ့အခါကျတော့... ခင်ဗျားတို့ ကြည့်ပါ... ၊ ဘာတွေမြင်သတုန်း ၊ ယောက်ျားမြင်သလား ၊ မိန်းမမြင်သလား ၊ အနိစ္စတွေ မြင်သလား... ( အနိစ္စတွေ မြင်ပါတယ်ဘုရား) ။
အနိစ္စတွေ မြင်တယ်ဆိုတော့... ဒါ ဘုန်းကြီးတို့က တပ်ပေးလိုက်တဲ့ အရိယာမျက်လုံး ဖြစ်သွားတယ်... ။
အဲဒီမျက်လုံးလဲ ရောက်ပါရော တဏှာ ၊ မာန ၊ ဒိဋ္ဌိလဲ သေကုန်တာပဲ.... ။
ဒါဖြင့် တဏှာချုပ်လဲ နိဗ္ဗာန် ၊ ဒိဋ္ဌိချုပ်လဲ နိဗ္ဗာန် ၊ မာနချုပ်လဲ နိဗ္ဗာန်... ဒီဘက် ဇာတိ ၊ ဇရာ ၊ မရဏမှ မလာတော့ဘဲကိုးဗျ.... ၊ ရှင်းပလား.... ။
ဒါဖြင့်...ေဩာ်... တို့ မျက်လုံးပြောင်းလိုက်တော့လဲ သံသရာစခန်းသတ်တယ်.... ။
ခင်ဗျားတို့ ဘယ်တော့ကမှလဲ မပြောင်းခဲ့ဘူး ၊ ဘယ်တော့မှ မပြောင်းခဲ့လို့ ဘုရားနဲ့တွေ့လဲ မကျွတ်ခဲ့ဘူး ...၊ မတွေ့လို့လဲ မကျွတ်ခဲ့ဘူး.... ၊ ဘာကြောင့်တုန်းလို့မေးတော့မှ.... မျက်လုံးမပြောင်းခဲ့ဘူး ၊ ပြောင်းပေးမယ့်လူလဲ မတွေ့ ၊ ကိုယ်ကိုယ်တိုင် ပြောင်းနိုင်တဲ့ ဥာဏ်ကတော့ ဝေးပါသေးရဲ့....။
အဲဒါကြောင့် ခင်ဗျားတို့ အသေမစောသေးတာဟာ သိန်းထီအကြိမ်ပေါင်း နှစ်ရာ, သုံးရာလောက် ပြန်ပေါက်တာလောက် မကဘူး...အဖိုးတန်ပါတယ်... ။
အခုတော့ မျက်လုံးမှားနဲ့ မကြည့်ပါဘူးတဲ့ ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောသလို ဆရာဘုန်းကြီးက တစ်ဆင့်တပ်ပေးတဲ့ မျက်လုံးနဲ့ ကြည့်လိုက်တော့... ဝေဒနာကလေးတွေ ကြည့်လိုက်ပြန်လဲ ဖြစ်ပြီး ပျက်တာပဲ မြင်တယ် ၊ သညာကလေးတွေ ကြည့်လိုက်ပြန်လဲ ဖြစ်ပြီး ပျက်တာပဲ မြင်တယ်... ၊
ဒါဖြင့် ဒီဟာတွေကို ခင်ဗျားတို့ ဖြစ်ပျက်လို့ ဝေဒနာရှုရှု, စိတ်ရှုရှု ရှုနိုင်လို့ရှိရင်ဖြင့်... အရိယာတို့၏ တပည့်မျက်လုံးဖြစ်သွားတယ်နော်....၊ ဖြစ်ပျက်မြင်ရင် အရိယာတို့၏ တပည့်မျက်လုံး ဖြစ်သွားပြီ... ။
ကောင်းပြီ ၊ ဖြစ်ပျက် မုန်းပြန်ပြီဆိုတဲ့ ဥာဏ်တက်လာပြန်လဲ အရိယာတို့၏ တပည့်မျက်လုံးပဲရှိမယ်...။
ဒီဖြစ်ပျက်တွေ.... " တေသံ ဝူပသမော သုခေါ " ဆိုတဲ့အတိုင်း ဖြစ်မှုရော, ပျက်မှုရော ချုပ်သွားတယ်ဆိုတော့ နိဗ္ဗာန်ပေါ်မှာပေါ့ဗျာ....။
အဲဒီကျမှ ခင်ဗျားတို့ ကိုယ်ကိုယ်တိုင် အရိယာမျက်လုံး.... ခုနင်တုန်းကတော့ အရိယာတို့၏ တပည့်မျက်လုံး... ၊ ပေါ်ပလား.... ။
ဒါဖြင့် ခင်ဗျားတို့ တပည့်ကမှ ဆရာအဖြစ်တက်ရမှာ... ၊ တပည့်အဖြစ် မခံဘဲနဲ့ ဆရာအဖြစ် တက်ချင်လို့တော့ မရနိုင်ဘူး... ၊ ရှင်းကြပလား... ။
ဒါဖြင့် ဝိပဿနာအလုပ် လုပ်မှသာလျှင် အရိယာဖြစ်မယ်... ၊ ဝိပဿနာအလုပ် မလုပ်ရင် မဖြစ်ပါဘူး.... ၊
ဝိပဿနာအလုပ် လုပ်တော့ကို အရိယာတို့၏ တပည့်မျက်လုံးတပ်တယ်... ၊ ဝိပဿနာလမ်းဆုံးသွားပြီ ၊ ဖြစ်ပျက်တွေ ဆုံးသွားပြီဆိုတော့ ကိုယ်ကိုယ်တိုင် အရိယာဖြစ်တယ်.... ၊ ရှင်းပလား...... ။
No comments:
Post a Comment