စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 13, 2022

အားလုံးကိုသိရင် အားလုံးကို ခွင့်လွတ်နိုင်ပါတယ်

"အားလုံးကိုသိရင် အားလုံးကို ခွင့်လွတ်နိုင်ပါတယ်''

      ဒါလေးကို ဥုးဇင်းပြောတာ ရည်ရွယ်ချက်လေး ရှိပါတယ်။ ဘယ်နေရာမှာမဆို နေထိုင်တဲ့ ပုဂ္ဂိုလ်တွေ မိမိတို့ အိမ်မှာဖြစ်စေ, မြို့မှာ ဖြစ်စေ, ရွာမှာ ဖြစ်စေ, တောမှာဖြစ်စေ, ဘယ်နေရာမှာမဆို ကျောင်းပဲဖြစ်စေ, အိမ်မှာဖြစ်စေ စုပေါင်းနေထိုင်ကြပြီဆိုလျှင် ရွာထဲမှာသော်လည်းကောင်း, မြို့ထဲမှာသော်လည်းကောင်း ပြဿနာတစ်ခုခု ပေါ်ပေါက်တယ်။ ပြဿနာ ပေါ်ပေါက်လာပြီ ဆိုလျှင် မိမိတုိ့ဘက်က ဒီပြဿနာသည် ဘက်ကနေစပြီး အရင်းအမြစ်က ဖြစ်ပေါ်လာသလဲဆိုတာ နည်းနည်း ဆန်းစစ်တတ်ဖို့ လိုပါတယ်။ မစူးမစမ်းဘဲနဲ့ ရမ်းပြီး ပြောကြမယ်ဆိုရင် အမှားမှား အယွင်းယွင်း ဖြစ်မသွားနိုင်ဘူးလား? ဖြစ်သွားနိုင်ပါတယ်။

      ဘုန်းကြီးငယ်ငယ်က ကမ္ဘာကျော်လို့ပဲ ပြောနိုင်ပါတယ်။ ''#ဘားနပ်ရှော'' ရေးတဲ့ St. gone ဆိုတဲ့ ၀တ္ထုတစ်ပုဒ် ဖတ်ဖူးပါတယ်။ အဲဒီထဲမှာ St. gone အမျိုးသမီးလေးဟာ တစ်ချိန်တုန်းက ပြင်သစ်မှာ သူမဟာ တိုက်ပွဲတွေ အောင်မြင်တာကို အခြေခံပြီး နောက်ဆုံး သူ့ကို စုန်းမအဖြစ်နဲ့ ကွပ်မျက်လိုက်ပါတယ်။ အသတ်ခံလိုက်ရတယ်။ နောက်တက်လာတဲ့ ပုပ်ရဟန်းမင်းကြီးတွေက နှစ်ပေါင်း (၄၀၀)ကြာတော့ သူ့ကို သူတော်ကောင်းအဖြစ် ပြန်ပြီး အသိအမှတ်ပြုတယ်။ နောက်နှစ်ပေါင်း (၁၀၀)လောက် ထင်ပါတယ်။ နောက်ထပ်တက်လာတဲ့ ပုပ်ရဟန်းတွေက သူ့ကို (Saint) #စိန့် = တကယ့် သူတော်ကောင်းကြီးအဖြစ် အသိအမှတ် ပြန်ပြုပြန်တယ်။ အဲဒီ အတ္ထုပ္ပတ္တိကို ရေးသားထားတဲ့အခါမှာ ''ဘားနပ်ရှော'' က ဘာပြောသလဲဆိုတော့ ''အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်'' ဒီစကားကလေးတစ်ခု သူ သုံးထားတယ်။

      ဘုန်းကြီးက ဒီစကားတစ်ခုကို သဘောကျပြီး မှတ်ထားပါတယ်။ သူ ဆိုလိုတာက ဒီပုပ်ရဟန်းမင်းကြီးနဲ့ တစ်ချိန်တုန်းက St. gone ကို ကွပ်မျက်လိုက်တဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ပါ။ သူတို့မှာလည်း သူတို့ဆိုင်ရာ အကြာင်းလေးတွေ ရှိတယ်။ အဲဒီအကြောင်းလေးတွေကို ဂဃနဏ သိမယ်ဆိုရင်လည်း သူတို့တွေကို ခွင့်လွှတ်နိုင်မယ်၊ အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်။ တစ်ခါ သူတော်ကောင်းအဖြစ် ပြန်ပြီး ကြေငြာကြတယ်။ ဘာဖြစ်လို့ ကြေညာလည်းဆိုတာ ကြေညာတဲ့သူတွေရဲ့ အတွင်းဇာတ်ကြောင်း ဇစ်မြစ်ကို ကျကျနန သိမယ်ဆိုရင်လည်း အားလုံးကို သိရင် အားလုံးကိုပဲ ခွင့်လွှတ်နိုင်ပါတယ်လို့ သူက ရေးထားပါတယ်။ သူရေးလိုက်တဲ့ အဓိပ္ပာယ်နဲ့ ဥုးဇင်းတုိ့ သာသနာတော်ဘက်က အဓိပ္ပာယ်တွေနဲ့ တူချင်မှ တူမယ်။ ဘုန်းကြီးတို့က သာသနာတော်ဘက်က ကြည့်ပြီး ပြောတာပါ။

      ဥုးဇင်းတို့ ဘုရားရှင်သည် သတ္တဝါတိုင်းကို အားလုံး ခွင့်လွှတ်နိုင်တဲ့ စွမ်းအား ရှိတယ်။ ဘာဖြစ်လို့လဲ? အားလုံးကို သိထားတယ်။ အဂုင်္လိမာလလို လူသတ်သမားတစ်ဦးကိုလည်း ဘုရားရှင်က သာသနာဘောင်ကို ၀င်ရောက်စေပြီး ရဟန်းပြုခွင့် ပေးတယ်။ ဘာကြောင့်လဲ? သူဟာ အရဟတ္တဖိုလ် တည်တော့မယ်ဆိုတာကို ဘုရားက သိတယ်၊ အားလုံးကို သိထားတယ်၊ တစ်ချိန်က သူ ဘယ်လို ပါရမီတွေ ရင့်ကြောင်းကို ပြုခဲ့တယ်ဆိုတာကိုလည်း သိတယ်၊ အားလုံးကို သိတယ်။

      အမ္ဗပါလီလို ပြည်တန်ဆာမတစ်ဦးကိုလည်း သာသနာဘောင်ကို ၀င်ရောက်ပြီး ရဟန်းပြုခွင့် ပေးတယ်။ ဘာကြောင့်လဲ? ဘယ်လိုပင် ပြည်တန်ဆာမ ဖြစ်ချင် ဖြစ်ပါစေ၊ သူဟာ အရဟတ္တဖိုလ်ရောက်မယ့် ပုဂ္ဂိုလ်ဆိုတာ ဘုရားရှင် သိတယ်။ တစ်ချိန်က သူဟာ မကောင်းမှုတွေ လွန်ကျူးခဲ့လို့ ဒီလို မကောင်းတဲ့ဘ၀ ရောက်ရတယ်ဆိုတာလည်း အားလုံး သိတယ်။ အရဟတ္တဖိုလ်ရောက်ကြောင်းဖြစ်တဲ့ ကောင်းမှုပါရမီမျိုးစေ့တွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထူထောင်ခဲ့တယ်ဆိုတာကိုလည်း အားလုံး သိတယ်။ အားလုံးကို သိတဲ့အတွက် မြတ်စွာဘုရားက အားလုံးကို ခွင့်လွှတ်နိုင်တယ်။ ဒီနေ့ တရားနာပရိတ်သတ်တွေ အားလုံးကို သိရင် အားလုံးကို ခွင့်မလွှတ်နိုင်ဘူးလား? ခွင့်လွှတ်နိုင်တယ်။ ခွင့်လွှတ်နိုင်တဲ့ စိတ်ထားရှိခြင်းသည် ကုသိုလ် ရခြင်း၏ အကြောင်းတစ်ခုပဲနော်။ 

      "ငါက နည်းနည်းကလေးမှ မကျေနပ်ဘူး၊ ဒီကောင်မကိုတော့ နည်းနည်းကလေးမှ မကြည့်ချင်ဘူး၊ ဒီအကောင်ကိုတော့ နည်းနည်းမှ မကြည့်ချင်ဘူး။'' ခွင့်လွှတ်နိုင်တဲ့ စိတ်ထား ဟုတ်သလား? မဟုတ်ဘူး။ မကျေနပ်ချက်တွေ ရှိနေသမျှ အဲဒီ မကျေနပ်ချက်မှုဆိုတာ ဘာလဲ? ဒေါသပြဓာန်းထားတဲ့ အကုသိုလ်တရားတွေ ဖြစ်ကြပါတယ်။

      ဒီဒေါသပြဓာန်းနေတဲ့ အကုသိုလ်တရားတွေသည် မင်္ဂလာရှိတဲ့ တရားလား, မင်္ဂလာမရှိတဲ့ တရားလားလို့ မေးရင် ဘယ်လို ဖြေမလဲ? မင်္ဂလာ မရှိဘူး။ မင်္ဂလာမရှိတဲ့ ဒီ အကုသိုလ်တရားတွေက မိမိကို ဘယ်ကိုရောက်အောင် ပို့ဆောင်ပေးနေလဲ? အပါယ်လေးဘုံရောက်အောင် ပို့ဆောင်ပေးမယ်။

      ဒါကြောင့် မကျေနပ်ချက်ရှိတာနဲ့ ခွင့်လွှတ်နိုင်တဲ့ စိတ်ထားရှိတာ ဘယ်သင်းက ပိုကောင်းသလဲ? ခွင့်လွှတ်နိုင်တဲ့ စိတ်ထား ရှိခြင်းသည် ပိုကောင်းတယ်။ ကုသိုလ်တရားတိုးပွားဖို့ အကြောင်းလည်း ဖြစ်တယ်။ ဒီနေရာမှာ အဲဒီလို ခွင့်လွှတ်နိုင်တဲ့ စိတ်ထားကလေး ရှိအောင် ပြဿနာတစ်ခု ပေါ်လာပြီဆိုရင် ဒီပြဿနာဟာ ဘယ်ကနေစပြီး ဖြစ်ခဲ့သလဲ? ဒါကို မေးဖို့ မလိုဘူးလား? အဲဒါဟာ ကုသိုလ်ရဖို့ အကြောင်း တစ်ခုပဲ။ 

#မင်္ဂလသုတ္တန်တရားဒေသနာတော် ...

ဖားအောက်တောရဆရာတော်
#BhikkhuDhammaRakkhita

No comments:

Post a Comment