ဝိမုတ္တိ ဆိုတာ လွတ်မြောက်ခြင်း
🌺🌺🌿🌺🌺🌿🌺🌺🌿
ဝိမုတ္တိဆိုတာ လွတ်မြောက်ခြင်းလို့ အဓိပ္ပါယ်ရတယ်။လွတ်မြောက်ခြင်းဆိုတာ အမျိုးမျိုးရှိပါတယ်။
ထောင်က လွတ်မြောက်တာတို့ တခြားအနှောင်အဖွဲ့ လွတ်မြောက်တာတို့ သံသရာကလွတ်မြောက်တာတို့ကိုလည်း လွတ်မြောက်တယ်လို့ဘဲ ခေါ်တယ်။
ဒီနေရာမှာ ဝိမုတ္တိကို စိတ်ကိုနှောင်ဖွဲ့ထားတဲ့ ကိလေသာဆိုတဲ့ နှောင်ကြိုးတွေက လွတ်မြောက်သွားတဲ့လွတ်မြောက်မှုလို့ ဆိုရမှာပဲ။
သြော် ငါ့စိတ်လေးကို ဘာတွေက နှောင်ဖွဲ့နေလည်း ကိုယ့်ကိုယ်ကို မစစ်ရင် မသိဘူး။ဆင်ခြင်သုံးသပ်မှုဟာ အရေးပါတယ်။
ငါ့စိတ်လေးဟာ လွတ်မြောက်နေလား --? ဘယ်လာလွတ်မြောက်မှာလည်း ဘုန်းကြီးတို့စိတ်ကို ဘယ်သူကလွှမ်းခြုံထား သလဲဆိုရင် မောဟက လွှမ်းခြုံထားတယ်။
တွယ်တာစရာနဲ့တွေ့ရင် လောဘဖြစ်လိုက် မုန်းတီးစရာနဲ့တွေ့ရင် ဒေါသဖြစ်လိုက်။ ဒီကြားထဲ မာန ဣဿာ မစ္ဆရိယ အစရှိတဲ့ အနှောင်အဖွဲ့တွေက အထပ်ထပ် ရစ်ပတ်ထားတဲ့အတွက် လွတ်လမ်းတောင်မမြင်ဘူးပေါ့။
အပြင်မှာ ကိုယ့်ခန္ဓာကြီးကို ကြိုးနဲ့တုတ်ထားသလို ခံစားကြည့်---အဲ့သလို ကြိုးနဲ့တုတ်ခံရသလို
သာမာန်အားဖြင့်တော့မသိဘူး။ အပြင်မှာချည်ထားတဲ့ကြိုးက ရုန်းလို့ရှိရင် အရည်တွေပွန်းမယ် အသားတွေစုပ်မယ်။
အခု ဒီကြိုးက ရုန်းလည်း အဲ့သလိုမဖြစ်ဘူး ချည်ထားမှန်းလည်း မသိဘူး--ဟိုဟိုဒီဒီသွားလို့ရတယ်ဆိုတော့ ကိုယ့်မှာကြိုးရှိမှန်းကို မသိတာ။
အဲ့သလောက်ထိ သိမ်မွေ့လွန်းလို့ ကြိုးတန်း လန်းကြီးနဲ့ဆိုတာ မသိတဲ့အတွက် ဒီကြိုးဖြတ်ဖို့ကို ဘယ်တော့မှ မတွေးဘူး။
ငါအနှောင်ဖွဲ့ခံနေရပါလားဆိုတာ မသိတဲ့အတွက် ကိုယ့်ကိုယ်ကို လွတ်လပ်တယ်လို့ဘဲ ထင်ကြတာ။
လူတွေဟာ အိုလိုက်တယ် နာလိုက်တယ် သေလိုက်တယ်---(ဒီလိုဘဲ) မြေကြီးပေါ်မှာ ယုန်လေးဟာ ဘယ်လိုဘဲခုန်ခုန် ပြန်ကျတော့မြေကြီးပေါ်ဘဲ။
အဲ့သလိုဘဲ လူတွေရဲ့ဘဝခရီးဟာဘယ်လောက်ဘဲမြင့်တက်သွားသွား နောက်ဆုံးတော့အိုခြင်း နာခြင်း သေခြင်းနဲ့ဘဲ အဆုံးသတ်တယ်။ထွက်ပေါက်ဆိုတာ ဘယ်လိုမှ ရှာမတွေ့နိုင်အောင်ဒီထဲမှာဘဲ လည်နေတာ။ ဘဝတခုကနေ တခုကိုပြောင်းပေးနေတဲ့ တဏှာကို မဖယ်နိုင်သ၍ကတော့ ဘဝတွေဟာဖြစ်နေမှာဘဲ။
ဘဝဆိုတာ ခန္ဓာငါးပါးဖြစ်ပေါ်နေမှုကို ဆိုလိုတယ်။လူတွေဟာ ဘဝကို ဒီလိုမထင်ဘူး--- ကိုယ့်အိမ်မှာနေတယ် ကိုယ့်အဖေအမေနဲ့နေတယ် ဘာလုပ်ကိုင်စားတယ်။ ဒါကို ဘဝလို့ထင်နေကြတာ။ ဘဝရှိတာနဲ့မရှိတာ ဘာကွာခြားလို့လည်း မေးစရာရှိတယ်။
လောကလူသားတွေကတော့ ဘဝရှိတာကို
ကျေနပ်စရာလို့မြင်ကြတယ်။အရိယာသူတော်
စင်တွေကတော့ ဘဝရှိတာကို ဆင်းရဲဒုက္ခလို့မြင်ကြတယ်။မြင်ပုံမြင်နည်းခြင်း မတူဘူး----
တဏှာမကင်းသေးတဲ့သူတွေကတော့ ဘဝရှိတာကိုကြိုက်ကြတယ်။အဆင်မပြေရင်သာ ငြီးငွေ့လှပါပြီလို့ အော်ကောင်းအော်လိမ့်မယ်။သို့သော် အဆင်ပြေတာလေးတွေနဲ့ကျတော့
ဘဝက ဘယ်တော့မှ လွတ်မြောက်ခြင်မှာ
မဟုတ်တော့ဘူး။
ဘဝဆိုတာ ဘာပြောတာတုန်းဆိုရင် ကမ္မဘဝဆိုတဲ့ ကံတရားကထုတ်လုပ်လိုက်တဲ့
ခန္ဓာငါးပါးကို ဘဝလို့ခေါ်ကြတယ်။မျက်လုံး နားနှာခေါင်း လျှာ ကာယဆိုတာရှိတယ်--
မျက်လုံးရှိလို့မြင်တယ် နားရှိလို့ကြားတယ်
နှာခေါင်းရှိလို့ အနံ့ရတယ်
လျှာရှိလို့ အရသာသိတယ် ကာယရှိလို့
အတွေ့အထိတွေကို သိတယ် ဒါတွေဟာ
ဝေဒနာက္ခန္ဓာ မဟုတ်ဘူးလား--
အာရုံပေါ်မှာ သိတာလေးတွေက ဝေဒနာက္ခန္ဓာ---
နေ့စဉ် ဘဝဟာ ဒါတွေနဲ့ဘဲသွားနေတာ။
ဘဝမှာ ကျေနပ်စရာရှိလား--ဒါကိုရှာရဦးမယ်။
ကျေနပ်စရာမရှိဘဲ ဘဝမှာ ပျော်ကြမှာ မဟုတ်ဘူး---
မေးကြည့်မယ်ဆိုရင်
ဘဝရဲ့ကျေနပ်စရာတွေက ဘာတွေလဲ---?
သားတွေ သမီးတွေ စီးပွါးရေးတွေ အဆင်ပြေပြေနေထိုင်ရတယ်ဆိုရင်
ဘဝမှာ ကျေနပ်ကြတယ်--ဘဝကြီးမှာ
ပျော်တယ်ပေါ့။ဘဝကို အကြောင်းပြုပြီး
ရလာတဲ့ ပီတိ သောမနဿတွေဖြစ်တယ်။
မျက်စိတွေရှိလို့ လှတာလေးတွေမြင်ရတယ်
နားရှိလို့ ကောင်းတဲ့အသံလေးတွေ နားထောင်
ရတယ်--ပျော်စရာကြီးဘဲ ဘဝကြီးဟာ အင်မတန်မှ ကျေနပ်စရာကောင်းတယ်---
ကိုယ်လုပ်ချင်တာလည်းလုပ်လို့ရတယ်။ ပျော်စရာကြီးဘဲလို့ အဲ့ဒီဘက်ကကြည့်ရင်
ဘဝဟာ ကျေနပ်စရာလို့မြင်ကြတယ်။
သတ္တဝါတွေဟာ အဲ့သလို ကျေနပ်စရာတွေ
ဘဝကိုတွယ်တာမှုတွေနဲ့
ဘဝက ရုန်းမထွက်နိုင်တာ။
မကျေနပ်စရာ ဘဝရဲ့အပြစ်အနာအဆာတွေကို
ရှာကြည့်မယ်ဆိုရင် ကိုယ်ရထားတဲ့ ခန္ဓာငါးပါးဟာ ထာဝရကျန်းမာနေတာ
ဟုတ်ရဲ့လား--?
ထာဝရ ရှင်သန်နေတာဟုတ်ရဲ့လား--?
နုပျိုနေတာကနေ တဖြေးဖြေးအိုမင်းလာတယ်---
ကျန်းမာနေတာကနေ တဖြေးဖြေးယိုယွင်း
လာတယ်---အသက်ရှင်နေတာကနေ တဖြေးဖြေးသေဆုံးရမဲ့ အနေအထားကို
ရောက်ရောက်လာတယ်။
ဒါတွေကို ကျေနပ်လားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်--
ခေါင်းတွေ မဖြူချင်ဘဲနဲ့ဖြူလာတယ်---
သွားတွေမကြိုးချင်ဘဲနဲ့ ကြိုးလာတယ်----
ဒါတွေကိုကျေနပ်လားလို့မေးရင် ဘယ်ကျေနပ်မလဲ ရချင်လားဆိုရင် ဘယ်သူမှ မရချင်ဘူး။
ထာဝရနုပျိုချင်တယ်
ထာဝရ ကျန်းမာချင်တယ်
ထာဝရအသက်ရှင်ချင်တယ်။အသက်ကြီးလာတယ် အိုလာတယ်ဆိုတာ
သူ့ဖာသာအိုလာတာ မအောက်မေ့နဲ့။လူတွေရဲ့သန္တာန်မှာရှိတဲ့နုပျိုမှုတွေကို
ဇရာကလုယူဖျက်ဆီးသွားတဲ့အတွက်မီးလောင်ပြင်လိုဖြစ်ပြီး ကျန်ခဲ့တာ။
ဇရာမီးလောင်သွားတဲ့အခါမှာ ခေါင်းတွေဖွေးသွားတယ် ပါးရည်တွေ တွန့်ကျန်ခဲ့တယ် ရုပ်တွေကလည်း မမှတ်မိနိုင်လောက်အောင် ရုပ်တွေပျက်ထွက်သွားတာ။
ဒီအချက်တွေကိုမှမသိဘူးဆိုရင် နိဗ္ဗာန်ကို ရရပါလို၏လို့ ဘယ်လောက်ဘဲ
ဆုတောင်း ဆုတောင်း နိဗ္ဗာန်နဲ့ဝေးနေဦးမှာဘဲ။
ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ
No comments:
Post a Comment