( သမထ- ဝိပဿနာ ဘာဝနာပွားခြင်းအလုပ်)
🌹🌸🌹🌸🌹🌸🌹🌸🌹🌸🌹🌸🌹🌸
#စကားမပြောတဲ့ကြက်တူရွေး
မိန်းမကြီးတစ်ယောက်ဟာ အိမ်မွေးတိရစ္ဆာန်ဆိုင်က ကြက်တူရွေးတစ်ကောင် ဝယ်သွားတယ်။ နောက်နေ့မှာ သူ ဆိုင်ကို ပြန်လာပြီး ဆိုင်ရှင်ကို ပြောတယ်။
"မနေ့က ကျွန်မဝယ်သွားတဲ့ ကြက်တူရွေးဟာ စကားမပြောဘူးရှင့်"
"သူ့လှောင်အိမ်ထဲမှာ မှန်တစ်ချပ်ထည့်ပေးထားပါ။ သူဟာ မှန်ကြည့်ပြီး စကားပြောပါလိမ့်မယ်"
ဒါနဲ့ မိန်းမကြီးလည်း ဆိုင်က မှန်တစ်ချပ်ဝယ်ပြီး အိမ်ပြန်သွားတယ်။
နောက်နေ့မှာ သူ ဆိုင်ကို ပြန်လာပြီး ဆိုင်ရှင်ကို ပြောပြန်တယ်။
"လှောင်အိမ်ထဲမှာ မှန်ထည့်ထားပေးတာလည်း ကြက်တူရွေးက စကားမပြောပါဘူးရှင်"
"ဒါဆို လှောင်အိမ်ထဲမှာ လှေကားလေးတစ်ခု ဆင်ပေးလိုက်ပါ။ သူ လှေကားတက်ဆင်းလုပ်ရတာ ကြိုက်တယ်ဗျ။ လှေကားတက်ဆင်းလုပ်ရင်း စကားပြောပါလိမ့်မယ်"
ဒါနဲ့ မိန်းမကြီးလည်း ဆိုင်က လှေကားလေးတစ်ခုဝယ်ပြီး အိမ်ပြန်သွားတယ်။
နောက်နေ့မှာ သူ ဆိုင်ကို ပြန်လာပြီး ဆိုင်ရှင်ကို ကြက်တူရွေးဟာ စကားမပြောသေးဘူးလို့ ပြောပြန်တယ်။
"ဟုတ်လား။ ပြဿနာမဟုတ်ပါဘူး။ လှောင်အိမ်ထဲမှာ ဒန်းလေးတစ်ခု ဆင်ပေးလိုက်ပါ။ သူဟာ ဒန်းစီးရင်း စကားတွေပြောမှာ သေချာတယ်"
မိန်းမကြီးလည်း ကြက်တူရွေးစကားများပြောလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒန်းလေးတစ်ခုဝယ်ပြီး အိမ်ပြန်သွားတယ်။
နောက့်နေ့မှာ သူ ဆိုင်ကို ပြန်လာတယ်။ ရောက်ရောက်ချင်းပဲ ဆိုင်ရှင်ကို ပြောလိုက်တယ်။
"ရှင့်ကြက်တူရွေး ဒီမနက်က သေသွားပြီရှင့်"
"ဟာ စိတ်မကောင်းစရာပဲ။ ဒါနဲ့ သူမသေခင် စကားပြောသွားသေးလားဗျ"
"ဟုတ်ကဲ့။ စကားတစ်ခွန်းပြောခဲ့ပါတယ်"
"ဟုတ်လား။ ဘာစကားလဲဗျ"
"ဆိုင်က ကြက်တူရွေးစားတဲ့ အစာမရောင်းဘူးလားတဲ့"
ပုံပြင်လေးဟာ ဟာသလို့ ထင်ရပေမယ့် သင်ခန်းစာယူတတ်ရင် ရပါတယ်။
တစ်ခါတလေ ကျွန်တော်တို့ဟာ ဘဝမှာ အရေးကြီးတာတွေကို မေ့နေတတ်ကြတယ်။
ကောင်းတာတွေအမျာကြီးနဲ့ အလုပ်ရှုပ်နေကြပြီး တကယ်တမ်း ဘဝအတွက် လိုအပ်တဲ့ အရာတွေကို မေ့နေကြတယ်။
ကျွန်တော်တို့ဟာ မိသားစုအတွက် အိမ်ကြီးအိမ်ကောင်းမှာ နေနိုင်အောင် လုပ်ပေးကြတယ်။
မိသားစုစီးဖို့ ကားနှစ်စီး ဝယ်ထားပေးတယ်။
မိသားစုပျော်ဖို့ အားလုံးကို smartphone တစ်လုံးစီ ဝယ်ပေးထားတယ်။
ဒါပေမဲ့ သတိမထားမိရင် အဲဒါတွေဟာ သူတို့အတွက် အရေးကြီးပြီး လိုအပ်တဲ့ အရာတွေလို့ ထင်နေတတ်တယ်။ တကယ်တမ်း သူတို့လိုအပ်တာက သင့်ရဲ့ ချစ်ခြင်းမေတ္တာ၊ အကြင်နာနဲ့ ဂရုစိုက်ခြင်းတွေဆိုတာ မမေ့ပါနဲ့။
ဗန်းမော်သိန်းဖေ
No comments:
Post a Comment