**********************
ကိုယ်ရောက်ချင်တဲ့ နေရာကို
သွားနေလျှက်နဲ့
မရောက်တာက နိဗ္ဗာန်။
မသွားဘဲ ရောက်တာက
သေခြင်းတရား။
သံသရာက ရထားတစ်စင်းဆိုလျှင်
သင် ဘယ်ဘူတာမှာ ဆင်းမလဲ-?
ကိုယ်ဆင်းမယ့် ဘူတာကို
ရွေးပြီး
လက်မှတ်ဖြတ်ထားတော့နော်
ခရီးက ဝေးတယ်။
မဆုံးနိုင်သေးဘူး။
ကိုယ့်ရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို
မရောက်မချင်း
ခရီးက ဆက်နေရဦးမှာပါ။
ဒါကြောင့်ခရီးထွက်ဖို့
ကုသိုလ်ရိက္ခာတွေ
ကြိုတင် စုဆောင်းထားပါ။
ဒီသံသရာခရီးကြမ်းကြီးထဲမှာ
တစ်ယောက်တည်း
မမောမပန်း
လျှောက်လှမ်းနေရဦးမယ်။
ကိုယ့်ရဲ့ ဘဝခရီးလမ်း
မဆုံးသရွေ့ပေါ့။
တို့တွေက ခရီးသွားတွေ။
ဒီဘဝမှာ ရေစက်ရှိလို့
တစ်ဦးနဲ့ တစ်ဦး
တစ်ခဏတာ ဆုံတွေ့ကြရတာပါ။
အချိန်တန်ရင် ခွဲခွာကြရမယ်။
အချစ်/အမုန်းတွေနဲ့လည်း
စွဲမနေနဲ့။
မြဲတယ်ဆိုတဲ့အရာ ဘာမှမရှိဘူး။
အားလုံး ဧည့်သည်တွေပါ။
"အထုပ်တွေ ကိုယ်စီထမ်းလို့
လာလမ်းကိုတဲ့ ပြန်ရမည်" ဆိုတဲ့
စာသားလေး အတိုင်းပါပဲ။
အချိန်တန်ရင်
ကိုယ့်အထုပ် ကိုယ်ထမ်းပြီး
ကိုယ့်လမ်းကိုယ် လျှောက်ကြရမည်။
ကိုယ့်အထုပ်လေးကိုတော့
သေချာထုပ်ထားဖို့ မမေ့နဲ့နော်
တို့တွေအားလုံးဟာ
သံသရာခရီးသွားတွေ မဟုတ်လား-?
အရှင်ပုည( ဝကုန်း )
No comments:
Post a Comment