_____________________
မိမိတို့ ပါးစပ်ထဲ၌ ရှိသော "လျှာ" သည် အလွန် အရေးကြီး၏။ အသုံးချတတ်လျှင် အကျိုးများသလောက် အသုံးမချတတ်လျှင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွား၏။ ထို့ကြောင့် လျှာကို တန်ဖိုးရှိရှိ အသုံးချတတ်ဖို့ လိုပေသည်။
မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာ သတ္တဝါတို့ကို လေးဆယ့်ငါးဝါတို့ပတ်လုံး လျှာကို အသုံးပြုပြီး မနားတမ်း တရားဟောတော်မူခဲ့၏။ ယင်းသို့ ဟောတော်မူခဲ့သောကြောင့် သတ္တဝါတို့သည် ဒုက္ခငြိမ်းကြောင်း တရားတို့ကို သိရခြင်း ဖြစ်သည်။ ထို့ကြောင့် လျှာသည် အသုံးချတတ်လျှင် နိဗ္ဗာန်ဆိပ်ကူးတံတားသဖွယ် ဖြစ်သွားတော့၏။
အသုံးမချတတ်လျှင်တော့ လျှာသည် အဆိပ်သင့်ပြီး ကိုယ့်ဘဝကို ဖျက်ဆီးလေတော့သည်။ မှန်၏။ လျှာဖြင့် တဘက်သားကို နစ်နာအောင် ပြောလိုက်လျှင် အပြစ် ဖြစ်သွား၏။ အပြစ်လွန်ကျူးလျှင် အပြစ်ပေး ခံရသည်မှာ လောက သဘာဝတည်း။ ထို့ကြောင့် မိမိတို့၏ လျှာကို အဆိပ်မသင့်အောင် သတိပြုရမည် ဖြစ်ပေသည်။
#ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းသူ
-------------------------------------
မကောင်းမှုလုပ်သူမှန်သမျှသည် ကဲ့ရဲ့ထိုက်သူပင်တည်း။ ထို့ကြောင့် ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့ရမည်သာ ဖြစ်၏၊ မည်သည့်အကြောင်းကြောင့်မျှ မချီးမွမ်းရ။ အကယ်၍ ချီးမွမ်းပါက ကြီးလေးသော အပြစ် ဖြစ်သွားတော့၏။
တစ်ယောက်ယောက်ကို ချီးမွမ်းခြင်းသည် နှစ်မြို့ဖွယ် ဖြစ်သောကြောင့် ကောင်းသည်ဟု ထင်စရာ ရှိ၏။ သို့သော် ချီးမွမ်းတိုင်း ကောင်းသည်ဟု ဆိုလို့မရပါ။ ဘာ့ကြောင့်နည်း၊ တစ်ယောက်ယောက်၏ မကောင်းမှုကို ချီးမွမ်းခြင်းသည် ထိုသူ့ကို အန္တရာယ် ဖြစ်စေသောကြောင့်တည်း။
မှန်၏။ အဆိပ်သောက်မည့်သူကို " သူရဲကောင်း" ဟု ချီးမွမ်းခြင်းသည် သေတွင်းကို ပို့လိုက်ခြင်းပင် ဖြစ်၏။ ထို့ကြောင် မြှောက်ထိုးပင့်ကော်လုပ်၍ ချီးမွမ်းခြင်းသည် နည်းနည်းနောနော အကုသိုလ် မဟုတ်၊ အကြီးစား အကုသိုလ်ပင် ဖြစ်၏။ ထို့ကြောင့် မိမိတို့ ရဟန်းတော်များသည် " သေရင် သူရဲကောင်းပဲ" ဟု သေခြင်းတရားကို မချီးမွမ်းရပါ။ ချီးမွမ်းပါက ကြီးလေးသောအပြစ် ဖြစ်သွားလေသည်။
ထို့ကြောင့် ကဲ့ရဲ့ထိုက်သူကို ဘယ်သောအခါမှ မချီးမွမ်းရပါ။ အကယ်၍ ချီးမွမ်းပါက ပါးစပ်ထဲက လျှာသည် အဆိပ်သင့်ပြီး ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားလေတော့သည်။
#ချီးမွမ်းထိုက်သူကို ကဲ့ရဲ့သူ
-------------------------------------
ကောင်းမှုလုပ်သူမှန်သမျှသည် ချီးမွမ်းထိုက်သူပင်တည်း။ ထို့ကြောင့် ချီးမွမ်းထိုက်သူတို့ကို ချီးမွမ်းရမည်သာ ဖြစ်၏။ မည်သည့်အကြောင်းကြောင့်မျှ မကဲ့ရဲ့ရပါ။ အကယ်၍ ကဲ့ရဲ့ပါက ကြီးလေးသော အပြစ် ဖြစ်သွားတော့၏။
ကဲ့ရဲ့ခြင်းသည် အပြစ်တင်ခြင်းပင် ဖြစ်၏။ အပြစ်တင်ရာမှာလည်း အပြစ်ရှိသူကိုသာ အပြစ်တင်ရမည် ဖြစ်၏။ အပြစ်မရှိသူကို အပြစ်တင်လျှင် အကုသိုလ် ဖြစ်သွားတော့၏။
ဘုရားလက်ထက်က အပြောခက်အဆိုခက် ရဟန်းတစ်ပါး ရှိ၏။ အရှင်ကောကာလိကဟု ခေါ်၏။ ထိုရဟန်းသည် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ကို မကျေမနပ်ဖြစ်နေ၏။
ထို့ကြောင့် မြတ်စွာဘုရားထံ သွားပြီး " အရှင်ဘုရား အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ဟာ လောဘအလွန်ကြီးတယ်ဘုရား" ဟု အပြစ်တင်လေတော့၏။ မြတ်စွာဘုရားက " ကောကာလိကရေ သူတို့ကို အပြစ်မတင်နဲ့၊ သီလ သမာဓိ ပညာနှင့် ပြည့်စုံသူတွေပါကွယ်" ဟု တားမြစ်လေ၏။
သို့သော် အရှင်ကောကာလိကသည် မည်သို့မျှ ပြော မရပါ။ သူ့စိတ်ထဲ မကျေနပ်နေသည့်အတွက် အရှင်မြတ်နှစ်ပါးကို အပြစ်တင်ပြီး ကဲ့ရဲ့နေတော့၏။
ထို့နောက်မကြာခင်မှာ အရှင်ကောကာလိက၏ ကိုယ်မှာ အနာများ တစ်လုံးပြီး တစ်လုံး ပေါက်လာလေတော့၏။ အရှင်မြတ်နှစ်ပါးကို အပြစ်တင်ခြင်း၏ ရလဒ်ပင် ဖြစ်သည်။ အရှင်ကောကာလိကသည် ထိုရောဂါဖြင့် သေဆုံးကာ ငရဲကျသွားလေတော့သည်။
ထို့ကြောင့် ချီးမွမ်းထိုက်သူကို ဘယ်သောအခါမှ မကဲ့ရဲ့ရပါ။ အကယ်၍ ကဲ့ရဲ့ပါက ပါးစပ်ထဲက လျှာသည် အဆိပ်သင့်ပြီး ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားလေတော့သည်။
#သူတော်စင်များကို ဆဲဆိုသူ
-------------------------------------
သီလ သမာဓိ ပညာနှင့် ပြည့်စုံသူများကို သူတော်စင်ဟု ခေါ်၏။ သူတော်စင်တို့ကို မည်သည့်အကြောင်းကြောင့်မျှ မဆဲရ။ အကယ်၍ ဆဲပါက ကြီးလေးသော အပြစ် ဖြစ်သွားတော့၏။
လူ့စိတ်သည် တစ်ယောက်ယောက်ကို မကျေနပ်လျှင် ထိုသူ့ကို ဆင်းရဲစေချင်၏။ ယင်းသို့ ဆင်းရဲစေလိုသည့်အတွက် ကြမ်းတမ်းသော , နာကျည်းစရာ ကောင်းသော, ရှက်စရာ ကောင်းသော, နားမခံသာသော စကားတို့ဖြင့် ဆဲလေတော့၏။
ယင်းသို့ဆဲလိုက်သည့်အတွက် ကြားရသူတို့မှာ စိတ်မချမ်းသာကြ။ တချို့ဆိုလျှင် အဆဲခံလိုက်ရသည့်အတွက် ယမ်းပုံမီးကျ ဖြစ်သွားပြီး အံတကြိတ်ကြိတ် ဖြစ်နေတော့၏။ ထို့ကြောင့် မည်သူ့ကိုဆဲဆဲ ကြီးလေးသော အပြစ်ပင် ဖြစ်သည်။
တချို့က ပြောသေး၏။ " ဆဲတာ မကောင်းမှန်းတော့ သိတယ်၊ ဒါပေမဲ့ ဆဲလိုက်မှ နေသာထိုင်သာ ရှိတယ်ဘုရား" တဲ့။
သို့နှင့် မိမိက ပြောလိုက်ပါ၏။ " ဆဲမှ နေသာထိုင်သာရှိတယ်ဆိုရင် အခန်းတံခါး ပိတ်ပြီး တစ်ယောက်ထဲ ထိုင်ဆဲပါလား၊ အခန်းထဲ ဆဲတော့ ကိုယ်တစ်ယောက်ထဲ အကုသိုလ်ဖြစ်မှာ၊ သူများတွေ အကုသိုလ် မဖြစ်တော့တာပေါ့ကွာ"။
" အရှင်ဘုရား တစ်ယောက်ထဲ ထိုင်ဆဲတော့လည်း ဆဲရတာ အရသာ ဘယ်ရှိတော့မလဲ၊ သူများသိအောင် ဆဲလိုက်ရမှ ကျေနပ်တာ၊ တခါတရံ ဖေ့စ်ဘုတ်ပေါ် တက် ဆဲလိုက်ရမှ အရသာ ရှိတာဘုရား"။
" ခက်လိုက်တာကွယ်၊ ဆဲတဲ့နေရာမှာ အရသာ ရှိရတယ်လို့၊ အေး မှတ်ထား၊ အရသာရှိလေ အပြစ်ရှိလေပဲ၊ ဆဲလို့ ချမ်းသာတယ်ဆိုတာ ဘယ်မှာမှ မရှိဘူးဆိုတာ မှတ်ထားရမယ်" ဟု ရှင်းပြလိုက်ပါသည်။
မှန်၏။ ဆဲလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားသည်မှာ မည်သည့်အခါမှ မရှိခဲ့၊ အခုလည်း မရှိ၊ နောင်လည်း ရှိလိမ့်မည် မဟုတ်။ ဆဲရင်းဆဲရင်းနှင့် ဆင်းရဲသွားကြ၏။
ထို့ကြောင့် ဘယ်သူ့ကိုမှ ဘယ်လိုအကြောင်းကြောင့်မှ မဆဲသင့်ပေ။ အရေးကြီးသည်ကား သူတော်စင်တို့ကို မဆဲဖို့ပင် ဖြစ်သည်။ အကယ်၍ ဆဲမိပါက ပါးစပ်ထဲက လျှာသည် အဆိပ်သင့်ပြီး ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားလေတော့သည်။
ဘုရားလက်ထက်က ဝေသာလီမြို့၏ အလှဧကရီ အမ္ဗပါလီဆိုလျှင် မြင်သူတိုင်းက " လှလိုက်တာ" ဟု ချီးကျူးခံရသည် အမျိုးသမီး ဖြစ်၏။ သို့သော် သူ့အလုပ်က အများသူငါ စက်ဆုပ်သည့် " ပြည့်တန်းဆာ" ဖြစ်၏။
သူမသည် အတိတ်ဘဝတစ်ခုက ရဟန္တာမကြီးကို " ပြည့်တန်းဆာ" ဟု ရင့်ရင့်သီးသီး ဆဲခဲ့၏။ ဖရုသဝါစာပင် ဖြစ်သည်။ ယင်းကဲ့သို့ ဆဲခဲ့သောကြောင့် အမ္ဗပါလီသည် ဘဝပေါင်းမြောက်များစွာ ပြည့်တန်းဆာ ဖြစ်ရလေသည်။ သံဝေဂယူဖွယ်ပင် ဖြစ်သည်။
ထို့ကြောင့် သူတော်စင်များကို ဘယ်သောအခါမှ မဆဲရ။ အကယ်၍ ဆဲမိပါက ပါးစပ်ထဲက လျှာသည် အဆိပ်သင့်ပြီး ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားလေတော့သည်။
နိဗ္ဗာန်ဆိပ်ကူးတံတား
--------------------
သတ္တဝါတို့သည် မိမိတို့ပြုခဲ့သည့် ကံအားလျော်စွာ ဘဝအမျိုးမျိုး ရရှိခြင်း ဖြစ်သည်။ ကုသိုလ်ကံ အားကောင်းသူတို့သည် လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝတို့ကို ရရှိကြ၏။ ကုသိုလ်ကံ အားနည်းသူတို့သည်ကား ငရဲဘဝ ခွေးဘဝ ဝက်ဘဝတို့ကို ရရှိကြလေ၏။
ထို့ကြောင့် လူ့ဘဝကို ရလာခြင်းသည် ဟပ်ချလောင်းဆိုပြီး အမှတ်တမဲ့ ရလာသည် မဟုတ်ပါ။ အတိတ်ဘဝက ကုသိုလ်ကောင်းမှုများကို လုပ်ခဲ့သောကြောင့် လူ့ဘဝကို ရရှိနေခြင်း ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားက "မနုဿတ္တဘာဝေါ - လူ့အဖြစ်ဟာ ရခဲတယ်" ဟု ဟောတော်မူခဲ့ခြင်း ဖြစ်သည်။
လူ့ဘဝသည် မြင့်မြတ်သော ဘဝဖြစ်သည့်အတွက် တန်ဖိုးရှိသော စကားကို ပြောရမည် ဖြစ်သည်။ တန်ဖိုးရှိသော စကားဟူသည် ညီညွတ်စေသောစကား, ငြိမ်းချမ်းစေသော စကား, မှန်ကန်သောစကားတို့တည်း။ ထိုကဲ့သို့စကားကို ပြောမှသာ မိမိတို့၏ လျှာသည် နိဗ္ဗာန်ဆိပ်ကူးတံတားသဖွယ် ဖြစ်ပြီး ဘဝအထက်တန်းကို ပို့ဆောင်ပေးမည် ဖြစ်ပါပေ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment