♦️♦️♦️♦️♦️♦️♦️♦️
ခန္ဓာငါးပါးဖြစ်ပျက်ကိုမြင်ရင် သက္ကာယဒိဋ္ဌိ ပြုတ်ပြီ။ တမိနစ်မှကြာကြာ ငါးမိနစ်မှကြာကြာ မြတ်တယ်။
အသက်တစ်ရာနေရဦးတော့။ အသက်တစ်ထောင်နေရဦးတော့ ခန္ဓာငါးပါးဖြစ်ပျက်ကို မသိရင် သက္ကာယဒိဋ္ဌိ ပြုတ်ပါ့မလား။ မပြုတ်ရင် ဆန်ကုန်မြေလေးပေါ့။ အဲဒါ ခန္ဓာသိဖို့လိုတယ်နော်။
လက်တွေ့ မျက်တွေ့ စဉ်းစားကြ။
သမ္မုတိအနေနဲ့မြင်ပုံ၊ သဘာဝအနေ နဲ့မြင်ပုံ။ အဲဒါ သိဖို့လိုတယ်။
ကဲ လက်တွေ့ မျက်တွေ့အားဖြင့် သံပရာသီး ရင့်ရင့်မှည့်မှည့်ကြီး ဝါးစားကြည့်။ ဘယ်လိုတွေ့မလဲ။ ချဉ်တာတွေ့တယ်နော်။
စားတုန်းက သံပရာသီး စားတာ။ တွေ့တာက သံပရာသီးလား၊ ချဉ်တဲ့ရသာ။
ချဉ်တဲ့အရသာကို လက်နဲ့ကိုင်စမ်း ကြည့်တွေ့ပါ့မလား။ မတွေ့ဘူးနော်။
မျက်စိနဲ့ကြည့်ရင်ကား မြင်ရပါ့မလား။
နားထောင်ကြည့်ရင်ကား ကြားရပါ့မလား။
နမ်း ကြည့်ရင်ကား တွေ့ပါ့မလား။
လျှာနဲ့ကျတော့ မသိနိုင်ဘူးလား။
ဟော သံပရာသီးလား၊ ချဉ်တဲ့ရသာလား။ ဒါ ချဉ်တဲ့ရသာဓာတ်။ စဉ်းစားဖို့မကောင်းလား။
ချဉ်ရသာလို့စားသိတာ ဇိဝှါဝိညာဏ် နာမ်တရားမရလား။ ချဉ်တဲ့အရသာက ရုပ်တရား မရလား။ လျှာအကြည်နဲ့ချဉ်ရသာက ရုပ်တရား။ နာမ်ရုပ်နှစ်ပါးပေါ့။
စားတဲ့အခါမှာ တွေ့တယ်။ နာမ်ရုပ် တွေ့တယ်။ ခု လူတွေ ထမင်းစားတာ မလေ့လာပါကလားကွဲ့။ ထမင်းစားတုန်းက လေ့လာရမှာ။
ခုတော့ ထိုင်တာတခုတည်းသာလုပ်ကြတယ်။ ဟင်-စားတဲ့အခါလေ့လာရမှာ။ ကဲ တွေ့တာ သံပရာသီးတွေ့သလား၊ နာမ်နဲ့ရုပ် တွေ့သလား။
ကဲ နာမ်နဲ့ရုပ် တွေ့တဲ့အခါ သံပရာသီး ဘာကြောင့်မတွေ့ သလဲ။ မရှိလို့။
ကဲ တွေ့တာနဲ့ထင်တာနဲ့။ တွေ့တာကိုအမှန် မယူရဘူးလား။ တွေ့တာကို အမှန်ယူရမယ်နော်။ သံပရာသီးတွေ့တာလား၊ နာမ်နဲ့ရုပ်တွေ့ တာ။
ဟော နာမ်ရုပ်လို့သိဖို့မလိုဘူးလား။ နာမ်ရုပ်တရား နှစ်ပါး သိတာ သူငါကသိတာလား၊ မဂ္ဂသစ္စာ။ ဘယ်မဂ်က သိတာလဲ။ သမာဓိမဂ်။
ကဲ နာမ်ရုပ်ပဲတွေ့တယ်။ သမာဓိမဂ်က သိတာ။ သမာဓိရပြီလို့မပြောဘူးလား။
သမာဓိရတဲ့ ပုဂ္ဂိုလ် လူတယောက်က အပုပ်ရည်သွင်းတဲ့စကားမျိုး နစ်နာအောင် အရှက်ကွဲလောက်အောင် ပြောကြည့် စိတ်ဆိုးမလား။ သမာဓိရတာကွဲ့။
ကဲ စိတ်ဆိုးတယ်ဆိုတာ သမာဓိရလို့လား၊ မရလို့လား။
ဘယ်ဘက်ကို လှည့်တာလဲ။
လူဘက်ကိုလှည့်တာ။ ပုဂ္ဂိုလ်၊ သတ္တဝါဘက်ကို လှည့်တာ။ ပညတ်ကို လှည့်တာ။
ဒါကြောင့်မို့ စိတ်ဆိုးတာ။
ကဲ နာမ်ရုပ်ကိုတွေ့တာက သမာဓိနော်။ ကဲ စိတ်ဆိုးသေးရဲ့လား။ အဲဒီလို စိစစ်ဖို့မကောင်းလား။
အဲဒီနာမ်ရုပ်တရားနှစ်ပါးပေါ်မှာ သမ္မုတိသစ္စာအနေနဲ့ သံပရာသီးလို့မခေါ်ဘူးလား။
အဲဒီခေါ်တာ ဘုရားပယ်ရဲ့လား။ မပယ်ဘူးကွဲ့နော်။ ဒါ သမုတ်ရှိ ကြားလား။
တွေ့တာက သံပရာသီးလား၊နာမ်နဲ့ ရုပ်။ သံပရာသီးမတွေ့တာ ရှိလို့လား၊ မရှိလို့လား။ မရှိရင်ဘယ်လိုစွဲမှာလဲ။ သံပရာသီးစွဲဒိဋ္ဌိ ပြုတ်ပြီဗျား။
သံပရာသီးလို့ တော့ မခေါ်ရဘူးလား။ ခေါ်တာ ဘုရားပယ်ရဲ့လား။ မပယ်ဘူးနော်။ တွေ့တာက သံပရာသီးလား၊နာမ်နဲ့ ရုပ်။ သံပရာသီးမတွေ့တာ ရှိလို့လား၊ မရှိလို့လား။ အဲဒါကိုပယ်တယ် ပြောတာဗျား။
ကဲ သမ္မုတိသစ္စာနဲ့သံပရာသီး နှုတ်ဖျားမှာနော်။ တွေ့တာက နာမ်နဲ့ရုပ်။ ယုံကြည်ဖို့ မကောင်းလား။
ကဲ သမ္မုတိဘက်ကကြည့်တော့ ထမင်းစား နေပြီ။ ဒီမှာ သံပရာသီး စားဖို့ရာ ကောက်ထားတာ။ ထမင်းပွဲမှာ မပါဘူး။ ဟဲ့ ကြောင်အိမ်ထဲမှာ သံပရာသီး ယူချေစမ်းလို့ မခိုင်းရဘူးလား။
သမ္မုတိအနေနဲ့မမှန်ဘူးလား။ သံပ ရာသီးပြောတာပေါ့။
ကဲ သွားယူချေစမ်းဆိုတော့ သံပရာသီးနာမည်မတပ်ရင် ဘာယူလို့သိပါ့မလား။ ဒါတော့ နာမည် တပ်ပေးတယ် ကြားလား။ ဆား ယူခဲ့စမ်းလို့ မပြောရဘူးလား။ ကဲ သမ္မုတိသစ္စာနော်။
ခေါ်တာ၊ ပြောတာ မမှန်ဘူးလား။ အဲ အဲဒါ သမ္မုတိ သစ္စာအနေနဲ့မပယ်ဘူး။ ဒါမို့ မြတ်စွာဘုရားက ညီတော် အာနန္ဒာလို့ မခေါ်ဘူးလား။ သားတော် ရာဟုလာလို့မခေါ် လား။ ချစ်သမီး၊ချစ်သားတို့လို့မခေါ်လား။ အဲဒါ သမုတ်ရှိ၊ အခေါ်ရှိ ပယ်ရဲ့လား။
ဘာတွေပယ်တာလဲ စိစစ်ဖို့မကောင်းလား။
ကဲ ခု စားတော့ စားကြည့်တော့ သံပရာသီးတွေ့သလား၊ ချဉ်တာတွေ့သလား။ ချဉ်တယ်လို့စားသိတာကလေးက ဇိဝှါဝိညာဏ် နာမ်တရားမရလား။ လျှာအကြည်နဲ့ ချဉ်ရသာက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါး။ သံပရာသီးလား၊ နာမ်နဲ့ရုပ်။
ကဲ နာမ်ရုပ် ပဲတွေ့တယ်နော်။ သံပရာသီး မတွေ့တာရှိလို့လား၊ မရှိလို့။ အဲဒါကို ပယ်တာ။ ကဲ နာမ်ရုပ်တွေ့တယ်။ နာမ်ရုပ်တွေ့တော့ သံပရာသီးတွေ့သေးရဲ့လား။ ရှိလို့လား၊ မရှိလို့။ အဲဒါ ပယ်တာ။
ကဲ နာမ်ရုပ်ပေါ်မှာတင်စားပြီးတော့ သံပရာသီးလို့တော့ မသမုတ်ဘူးလား။ သံပုရာသီးလို့တော့ မခေါ်ဘူးလား။ ခေါ်တာကိုပယ်ရဲ့လား။
သံပရာသီး ရှိတယ်လို့မထင်လား။ ရှိတယ်လို့မယူ လား။ အဲဒီ အယူကို ပယ်တာဗျား။ အဲဒါ စဉ်းစားကြ။
လျှာပေါ်မှာ အဲဒါ ပယ်ပုံ၊ မပယ်ပုံ၊ တွေ့ပုံ။ ဒါ ပိုင်းခြားသိဖို့ လိုတယ်။
ဟော လူဆိုတာ ခေါ်တာဟေ့။ ရှိတာမဟုတ်ဘူး။ မိန်းမ၊ ယောက်ျားဆိုတာ သမုတ်တာ ရှိတာမဟုတ်။ တွေ့တာက နာမ်ရုပ်ပဲတွေ့မယ်။ မိန်းမ၊ယောက်ျား တွေ့မလား။ နာမ်နဲ့ရုပ် တွေ့မလား။
လူတွေ့မလား။ နာမ်ရုပ်တွေ့မလား။ နတ်တွေ့မလား။ နာမ်ရုပ်တွေ့မလား။ ကဲ လူမတွေ့တာ ရှိလို့လား၊ မရှိလို့။ နတ် မတွေ့တာရှိလို့လား၊ မရှိလို့။ ဗြဟ္မာ မတွေ့တာ ရှိလို့လား၊ မရှိလို့။
မရှိရင် လူစွဲဒိဋ္ဌိ၊ နတ်စွဲဒိဋ္ဌိ၊ ဗြဟ္မာစွဲဒိဋ္ဌိ မပြုတ်ဘူးလား။ ဒိဋ္ဌိပြုတ်ပြီဗျား။
ကဲ အဲဒီ နာမ်ရုပ်ကို လူလို့တော့ မသမုတ်ဘူးလား။ နတ်လို့တော့ မခေါ်ဘူးလား။ ဗြဟ္မာလို့မခေါ်ဘူးလား။ ပယ်ရဲ့လား။ မပယ်ဘူးနော်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန ္တသံ၀ရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၉-ရက်၊တနင်္လာနေ့
၁၆.၅.၂ဝဝ၅(နံနက်၈နာရီ)အချိန် ဟောကြားတော်မူသော ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ ပူဇော်ပါသည်။
No comments:
Post a Comment