စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 20, 2022

ဓမ္မဆိုင်ရာအမေးအဖြေများ

🔳တစ်ကမ္ဘာလုံးဗုဒ္ဓဘာသာဝင်များပြားလာမည်ဆိုတာဟုတ်ပါသလား? 
__________________________________

၃၁။ မေးမြန်းသူ- မခွန်းဆင့်သာ (နဝမတန်း) 

🙏 မေးခွန်း

နောင်လာမယ့်နှစ်များတွင် တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဝင် များပြား လာမည်ဆိုတာ ဟုတ်ပါသလား?။

👉 အဖြေ

#ပြောတဲ့လူကိုသွားမေး_ဘာကြောင့်_အဲဒီလို_ပြောသလဲဆိုတာ။😅

 ဒါတွေက ကြိုတင်ပြောလို့ ရနိုင်တဲ့ကိစ္စတွေ မဟုတ်ဘူး၊ ခုခေတ်ပဲကြည့်။ လောကကြီးမှာ သဘာဝကိုက #အဆိုးနဲ့အကောင်း_ဘယ်ဟာများသလဲ? အဆိုးက များတယ်။ အဆိုးကို အကောင်းဖြစ်အောင် လုပ်ဖို့ဆိုတာ အလွန် ခဲယဉ်းတယ်။

သရက်သီး ၁၀-လုံး, တစ်လုံး ပုပ်နေတယ်။ အဲဒီပုပ်နေတဲ့ တစ်လုံးကို အလယ်ကထား၊ ကျန်တဲ့ကိုးလုံးကရံပြီး တစ်နေရာတည်း ထည့်ထားကြည့်။ ကျန်တဲ့ကောင်းနေတဲ့ ၉-လုံးက ပုပ်နေတဲ့ တစ်လုံးကို ပြန်ကောင်းအောင် မလုပ်နိုင်ဘူး။ အဲဒီပုပ်နေတဲ့တစ်လုံးက ကျန်တဲ့ကိုးလုံးကိုပဲ အပုပ်ဖြစ်အောင် လုပ်သွားတာ။ ပုပ်အောင် လုပ်နိုင်တာ၊ တစ်လုံးတည်းက အကောင်းတွေကို ဖျက်ဆီးနိုင်တယ်။

ဆိုလိုတာက #လောကလူတွေဟာ_အဆိုးဖက်သွားဖို့ရာ_အလွန်လွယ်တယ်။ အကောင်းဖက်လာဖို့ အင်မတန်မှ ခဲယဉ်းတယ်။ ဒါကြောင့်မို့ သရက်သီးပုပ်တစ်လုံးက သရက်သီးအကောင်း ၉-လုံးကို ပုပ်စေတယ်။

သရက်သီးအကောင်း ၉-လုံးက သရက်သီးပုပ်တစ်လုံးကို အကောင်း ဖြစ်အောင် မလုပ်နိုင်ဘူး။

ဒါကြောင့်မို့ လောကကြီးတစ်ခုဟာ လူကောင်းနဲ့လူဆိုးမှာ လူဆိုး တစ်ယောက်ကို လူကောင်း၁၀-ယောက်က ကောင်းအောင်လုပ်ဖို့ #အင်မတန်မှပဲ_ခဲယဉ်းတယ်။ လူဆိုးတစ်ယောက်က လူကောင်း၁၀-ယောက်ကို လူဆိုး ဖြစ်အောင် လုပ်လို့ရတယ်။ ဒီလိုပဲ မှတ်ရမှာ ဖြစ်တယ်။

_____________________________

🔴ဆုတောင်းတိုင်းပြည့်ပါသလား?
___________________________

၃၃။ မေးမြန်းသူ- မခင်ခင်ချို 
(ဒသမတန်း) .

🙏မေးခွန်း

လူတွေ ကိုယ်ဖြစ်ချင်တာ ဘုရားမှာ ဆုတောင်းကြတယ်။ ဆုတောင်း များ ပြည့်ပါသလားဘုရား?။

👉 အဖြေ

ပြည့်ဖို့ #အကြောင်းတွေလုံလောက်ရင်_ပြည့်ပါတယ်။ ပြည့်နိုင်တဲ့ အကြောင်း မလုံလောက်ရင် မပြည့်ဘူး။ အဲဒီတော့ ကောင်းတဲ့ဆုတောင်း ပြည့်ဖို့ဆိုရင် ကောင်းတဲ့အရည်အချင်း ၅-မျိုးရှိရမယ်။ အဲဒါ ဘာတုန်းဆိုရင် #သဒ္ဓါရှိရမယ်၊ #သီလရှိရမယ်၊ #သုတဆိုတဲ့ဗဟုသုတ ဓမ္မနဲ့ ပတ်သက်တဲ့ ဗဟုသုတရှိရမယ်၊ #စာဂလို့ဆိုတဲ့ စွန့်လွှတ်တဲ့ ဒါနကောင်းမှု ရှိရမယ်၊ #ပညာရှိရမယ်၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ, သိတာကအစ အမှန်တရား၊ လောက ကြီးဟာ ထာဝရပြောင်းလဲနေတဲ့တရား, ဘယ်အရာမှ မမြဲဘူးဆိုတာသိတဲ့ ဝိပဿနာပညာမျိုးထိအောင်။ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ ဒီငါးမျိုးနဲ့ပြည့်စုံပြီးတော့ ဆုတောင်းမယ်ဆိုရင် ဆုတောင်းပြည့်တယ်လို့ စာပေ ကျမ်းဂန်မှာ ဆိုတယ်။ စမ်းကြည့်ပေါ့။
_____________________________

◼ ဘုရားပေါ်အမျိုးသမီးမတက်ရ
___________________________

၃၄။ မေးမြန်းသူ- မနွယ်နီမြင့်အောင် (နဝမတန်း) 

🙏 မေးခွန်း(က)

တစ်ချို့ စေတီဘုရားများတွင် အမျိုးသမီးများ မဝင်ရဟု တားမြစ် ပါသည်။ ဘုရားလက်ထက်က မိန်းမ,ယောက်ျား #ဘုန်းကံခွဲခြားပါသလား?။

👉 အဖြေ

ဒါတွေက အမျိုးသမီးများ မဝင်ရလို့ဆိုတာဟာ tradition အနေနဲ့ ပြောတာ။ tradition နဲ့ပဲ ဆိုင်တယ်။ #ဗုဒ္ဓဘာသာနဲ့မဆိုင်ဘူး၊ လူတွေရဲ့ လိုက်နာကျင့်သုံးတဲ့ လိုက်နာတဲ့ဓလေ့ သဘာဝတစ်ခုပဲ ဖြစ်တယ်။ အမျိုး သမီးတွေ မဝင်သင့်ဘူးဆိုတာ ဒီလိုလုပ်တယ်။ ဘုရားလက်ထက်က မိန်းမ,ယောက်ျား ဘုန်းကံခွဲခြားပါသလားဆို တာ #အိန္ဒိယနိုင်ငံက_ကနေ့ထိ_ခွဲခြားတုန်းပဲ၊ အခွဲခြားဆုံးပဲ။

🙏 မေးခွန်း(ခ)

တန်းတူ ဘုရားဖူးခွင့် ဘာကြောင့် မရပါသလဲ?။

👉 အဖြေ

ဘုရားဖူးခွင့်တော့ ရတယ်။ အမျိုးသမီးတွေ မဝင်ရဘူးဆိုတာ tradition အနေနဲ့သာ ခွဲခြားတာ။ မြတ်စွာဘုရားက အမျိုးသမီးတွေ ငါ့မဖူး ရဘူး၊ အမျိုးသားတွေပဲ ဖူးရမယ်။ ဘယ်နေရာက အမျိုးသမီးတွေ ဖူးရမယ်၊ ဘယ်နေရာက မဖူးရဘူးလို့ #ကန့်သတ်တာမရှိဘူး။ ဘာသာ တရားက အဲဒီလို ကန့်သတ်တာ မရှိဘူး။

ကန့်သတ်ချက်သည် ကိုယ့်လူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာ လိုက်နာရတဲ့ဥပဒေသနဲ့သာ ဆိုင်တယ်။ အများ သတ်မှတ်ထားတာ gen- eral consensus လို့ခေါ်တယ်။ အများက သတ်မှတ်ထားလို့ လိုက်နာရတဲ့ အနေအထားမျိုးသာ ဖြစ်တယ်။

🙏 မေးခွန်း(ဂ)

ဘုန်းတော်ကြီးများသည် ဒကာ,ဒကာမများ ချက်ပြီး ပြုတ်ပြီး ဆွမ်းများကို ဘုဉ်းပေးကြပြီး၊ သီလရှင်များသည် ဘာကြောင့် ချက်ပြီး ဆွမ်းကို မခံကြရပါသလဲဘုရား?။ 

👉 အဖြေ

ဒါက #မခံကောင်းဘူးလို့ ပြောတာ မဟုတ်ဘူး။ ဘုန်းကြီးတွေကျ
တော့ ကိုယ်တိုင်ချက်စားခွင့် မရှိဘူး။ တစ်အိမ်တစ်ဇွန်းရတဲ့ ဆွမ်းနဲ့ပဲ မျှတရမယ်ဆိုတဲ့ ‘ပိဏ္ဍိယာလောပဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ၊ မြတ်စွာဘုရားကိုက ဘုန်းကြီးဘဝ ဝင်မယ်ဆိုရင် ဆွမ်းခံစားဖို့ပဲ အဓိက တိုက်တွန်းတာပဲ။ ဒါက ဘာကြောင့်တုန်းဆိုရင် ကိုယ့်အတွက် ဘယ်သူ့မှ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် လုပ်တဲ့သဘော။ ပြီးတော့ ချက်စားခြင်းအားဖြင့် ထမင်းစားဖို့ ချက်ဖို့ စီမံရတော့ #တန်ဖိုးရှိတဲ့အချိန်တွေဟာ ပျက်စီးသွားတယ်။ တစ်အိမ် တစ်လုပ်တစ်ဆုပ်ကို ဆွမ်းလှည့်လည်ခြင်းဖြင့် လောင်းလှူရတဲ့ ပုဂ္ဂိုလ်တွေ လည်း ကုသိုလ်ရတယ်။ ကိုယ့်အတွက်လည်း အချိန်မကုန်ဘဲနဲ့ လုံလောက်တဲ့ အစားအစာတစ်ခုလည်း ရတယ်။ နှစ်ဦးနှစ်ဝ အကျိုးရှိအောင် မြတ်စွာဘုရားက ခွင့်ပြုထားတာဖြစ်တယ်။ 

သီလရှင်ဆိုတာကျတော့ #ဘုရားလက်ထက်က_သီလရှင်မရှိဘူး။ ၈- ပါးသီလမျှသာ ဖြစ်သည့်အတွက်ကြောင့် မြန်မာလူမျိုးတွေရဲ့ ထုံးတမ်း စဉ်လာထဲမှာ ဘုန်းကြီးသာ ဆွမ်းလောင်းတာ၊ #သီလရှင်ကိုတော့_လောင်းလေ့မရှိကြဘူး။ အကယ်၍သာ လောင်းလှူတတ်တဲ့ အလေ့အထ ရှိတယ်ဆိုရင် တော့ သီလရှင်တွေလည်း ဆွမ်းလောင်းပြီး လှူဒါန်း ကျွေးမွေးမယ်ဆိုရင် #ကျွေးမွေးကောင်းတယ်။

🙏 မေးခွန်း(ဃ)

သီလရှင်များကို လှူဒါန်းသူ ဘာကြောင့် နည်းပါးပါသလဲ?။

👉 အဖြေ

ဒါကတော့ လောကလူတွေနဲ့ သက်ဆိုင်တယ်။ လူတွေရဲ့ စိတ်ဓာတ် ကိုက #သံဃာတွေလှူရမှ ကိုယ့်မှာ အကျိုးရှိတယ်လို့ ပိုပြီးတော့ လူတွေရဲ့ စိတ်ထဲမှာ ဒီလိုဖြစ်တယ်။ အဲဒီဖြစ်မှုအပေါ်မှာ အကြောင်းပြုပြီးတော့ မြတ်စွာ
ဘုရားလက်ထက်ကလည်း 'ကိစ္ဆလာဘော မာတုဂါမော'လို့ ဒီလိုဆိုထားတာရှိတယ်။ ဘုရားလက်ထက်ကတည်းက အမျိုးသမီးတွေဟာ လာဘ်လာဘ ရှားပါးကြတယ်ဆိုတော့ မြတ်စွာဘုရား လက်ထက်ကတည်းက ဒီစကားလုံးလေး ရှိတယ်။

ဘာဖြစ်လို့တုန်းဆိုရင် အိန္ဒိယနိုင်ငံရဲ့ tradition အရ အမျိုးသမီးတွေ ကို ရှေ့တန်းနေရာ ပေးလေ့မရှိကြဘူး။ အဲဒီ tradition က ကျယ်ကျယ် ပြန့်ပြန့်ရှိခဲ့တယ်။ မြတ်စွာဘုရားသာသနာ ပွင့်လာတဲ့အခါကျတော့ မြတ်စွာ ဘုရားဟာ ခွဲခြားဆက်ဆံမှုတွေ လျော့ချပြီး တရားဓမ္မ ကျင့်မယ်ဆိုရင် အမျိုးသားပဲဖြစ်စေ၊ အမျိုးသမီးပဲဖြစ်စေ အရဟတ္တဖိုလ်ဆိုတဲ့အဆင့်ကို ရောက်နိုင်ကြောင်း ဟောကြားပြီး လက်တွေ့ ကျင့်စေခဲ့တယ်။

အခြေခံ လူရဲ့ဆက်ဆံရေး အနေအားဖြင့်ကတော့ သာမန်အားဖြင့် ခွဲတာမဟုတ်ပေမယ်လို့ အမျိုးသမီး, အမျိုးသားဆိုတာကိုက ခွဲခြားပြီးသား ဖြစ်သည့်အတွက်ကြောင့် ခွဲခြားမှပဲ ကြိုက်တယ်၊ ခွဲခြားမှပဲ သင့်လျော်တယ်လို့ #လူတွေရဲ့ခံယူချက်ကလည်း ရှိတယ်။

နောက်ဆုံး ပြောရမယ်ဆိုလို့ရှိရင် အမျိုးသား, အမျိုးသမီး တူညီသော အခွင့်အရေး ဘယ်လိုပဲပေးပေး Toilet ကျတော့ ဘယ်လိုမှ မတူဘူး။ Toilet ထဲ ဝင်လို့ရှိရင် Ladies နဲ့ Gentelmen ခွဲထားဦးမှာပဲ။ အဲဒါ တူတူဝင်ခွင့် ပေးမယ်ဆိုရင် ပြဿနာ တက်လိမ့်မယ်၊ ဒီလိုရှိတယ်။ ဒီနေရာမှာတော့ ခွဲခြား ဆက်ဆံတယ်လို့ ပြောလေ့ မရှိကြဘူး။ ဒါက လူ့သဘာဝ၊ လူတွေရဲ့ ဓလေ့ ထုံးတန်းစဉ်လာနဲ့ပဲ သက်ဆိုင်တယ်လို့ ဒီလိုပဲ မှတ်ရမှာဖြစ်တယ်။
----------------------------------------------

🔴နိဗ္ဗာန်ဆိုတာ...

၃၅။ မေးမြန်းသူ- မကျော့မှူးအိမ် (နဝမတန်း)

🙏 မေးခွန်း(က)

နိဗ္ဗာန်၏အနက်အဓိပ္ပာယ် ဘာလဲဆိုတာ သိချင်ပါတယ်ဘုရား?။ 

👉 အဖြေ

နိဗ္ဗာနဆိုတာ နိ+ဝါန။ စကားလုံးရဲ့ အဓိပ္ပာယ်ကတော့ 'ဝါန'ဆိုတာ ဘဝတစ်ခုနဲ့တစ်ခု ဆက်စပ်ပေးတဲ့ တွယ်တာမှု တဏှာကို ဝါနလို့ ခေါ်တယ်။ “နိ’ဆိုတာ အဲဒီတွယ်တာမှုတွေကနေ လွတ်မြောက်သွားတာ။ နိဗ္ဗာန် ဆိုတဲ့နေရာမှာ တွယ်တာမှုတွေ လုံးဝမရှိမှ နိဗ္ဗာန်ကိုရောက်တာ ဖြစ်သော ကြောင့် တွယ်တာမှုကင်းပြတ်တဲ့ နေရာလို့ ဆိုလိုတယ်။

🙏 မေးခွန်း(ခ)

နတ်ပြည်ကို လူ့ဘဝက မြင်နိုင်ပါသလား?။

👉 အဖြေ

မြင်နိုင်သူ ရှိတယ်၊ ဒါပေမယ့် လူတိုင်း မမြင်နိုင်ဘူး။

🙏 မေးခွန်း(ဂ)

ကမ္ဘာပျက်ပြီးလျှင် သတ္တဝါတွေ ဘယ်လိုပြန်ဖြစ်မှာလဲ?။

👉 အဖြေ

ပြန်ဖြစ်ပုံကတော့ သတ္တဝါတွေဟာ ကမ္ဘာပျက်ပြီးတဲ့နောက်မှာ မပျက်ခင်က မေတ္တာဘာဝနာ ပွားကြသည့်အတွက်ကြောင့် တော်တော် များများဟာ ဗြဟ္မာ့ပြည် ရောက်သွားကြတယ်။ အဲဒီဗြဟ္မာ့ပြည် ရောက်သွား ပြီး သူတို့ သက်တမ်းစေ့လို့ ဗြဟ္မာ့ပြည်က စုတေလာတဲ့အခါမှာ လူတွေဖြစ်တဲ့ နေရာမျိုးမှာ လာပြီးတော့ သတ္တဝါတွေ ပြန်ဖြစ်တယ်လို့ ဒီလိုဆိုတယ်။ သတ္တဝါဆိုတဲ့နေရာမှာ လူကို အဓိကထားပြောတာ။ တစ်ခြား သတ္တဝါတွေ ကတော့ တစ်ခြားနည်းမျိုးနဲ့ ဖြစ်ကြမှာပဲ၊ အဲဒီလို ပြန်ဖြစ်တာ။

ဒီလိုသတ္တဝါတွေ ဖြစ်လာပုံနဲ့ပတ်သက်ပြီးတော့ သိပ္ပံကပြောတာ တွေတို့၊ ဗုဒ္ဓစာပေအရဆိုတာတွေတို့၊ တစ်ခုနဲ့တစ်ခု ကွဲလွဲမှုတွေတော့ ရှိတာ ပေါ့။ သတ္တဝါဆိုတာကတော့ ဘယ်လိုဖြစ်လာလဲဆိုရင် သတ္တဝါမှန်သမျှဟာ ကိုယ်လုပ်ခဲ့တဲ့ကံတရား၊ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကိလေသာ။ #ကံနဲ့ကိလေသာ ပေါင်းစပ်ပြီးတော့ ဘဝတစ်ခုကို ဖန်တီးလာတာပဲဖြစ်တယ်။ အဲဒီမှာ ဥတုတို့ အာဟာရတို့က အကူအညီဖြစ်လာတယ်။ အဲဒီလိုကမ္ဘာပျက်ပြီးတဲ့နောက်မှာ သတ္တဝါတွေ နေလို့ရတဲ့အချိန်မှာ သတ္တဝါတွေဟာ လွန်ခဲ့တဲ့ဘဝတွေက တစ်နေရာစီက စုတေလာပြီး ဒီနေရာမှာ ပြန်ပြီးတော့
ဖြစ်လာကြတယ်လို့ ဒီလိုဆိုတယ်။

🙏 မေးခွန်း(ဃ)

နောက်ကမ္ဘာမှာ ဘာသာတွေ ကွဲမှာလား ?။

👉 အဖြေ 

ဒါက လူရဲ့သမိုင်းဖြစ်စဉ်မှာ ကြည့်ရင်တော့ ဒီပုံစံအတိုင်းပဲ သွားမှာ ပဲ။ ဘာကြောင့် ဘာသာကွဲသလဲလို့ဆိုရင် လူတွေဟာ အယူအဆ မတူကြ တာ။ ယုံကြည်ချက်ချင်း မတူကြတာ၊ ယုံကြည်ချက်ခြင်း မတူဘူးဆိုရင် မိသား စု တစ်ခုတည်းတင်ပဲ ကြည့်၊ ညှိလို့မရတာတွေ အများကြီးပဲ။ ခံယူချက်ခြင်း ကွဲပြားခြားနားနေတယ်။ အဲဒါ ဘာသာကွဲခြင်းရဲ့ အကြောင်းတစ်ခုပဲ။
========================

♨ ငရဲတကယ်ရှိပါသလား? ဆုတ်ခေတ်ဆိုတာ...သရဲ တစ္ဆေ တကယ်ရှိပါသလား...
________________________________

၃၆။ မေးမြန်းသူ- မနန်းသီရိရတနာကျော် (နဝမတန်း) 

👏 မေးခွန်း(က)

ငရဲ တကယ် ရှိပါသလား?။

👉 အဖြေ

ဘုန်းကြီးတော့ ငရဲမမြင်ဖူးဘူး။ သို့သော် မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ် တွေ ဒုက္ခရောက်တဲ့ နေရာတော့ ရှိနိုင်တယ်။ လူ့ဘဝမှာ ကြည့်၊ ဒုစရိုက်သမား တွေ ထောင်ထဲမှာ အကျဉ်းချထားတယ်၊ ဒဏ်ခတ်ခံရတယ်။ တစ်ချို့နိုင်ငံ တွေမှာဆိုရင် ကြိမ်နဲ့ရိုက်တာရှိတယ်၊ သေဒဏ်ချတာတွေ ရှိတယ်။ ဒုစရိုက် သမားတွေ ခံရမယ့်နေရာရှိတယ်ဆိုတာ ဒီလိုတော့ မှန်းဆသိလို့ ရတယ်။

🙏 မေးခွန်း(ခ)

ယခု ဆုတ်ခေတ်လို့ ပြောနေကြပါတယ်။ ဘုရားသာသနာ ကွယ် ပျောက်နိုင်ပါသလား?။

👉 အဖြေ

မှန်တယ်၊ ဆုတ်ကပ်ဆိုတာ။ ဆုတ်ယုတ်လာတဲ့ခေတ်ဟာ ခုမှ စတာ မဟုတ်ဘူး။ ဂေါတမဘုရား မပွင့်ခင်ကတည်းက လူလေးယောက်မှာ သုံးယောက်က တရားပျက်ပြီးတော့ တစ်ယောက်ပဲ လူကောင်းကျန်တဲ့ခေတ်၊ ဒါ‘#ကလိယုဂ” ဆုတ်ကပ်ကာလလို့ ခေါ်တယ်။ လေးယောက်မှာ သုံးယောက် က အဆိုး၊ တစ်ယောက်ပဲ အကောင်းရှိတယ်။

အဲဒီ ခေတ်ကာလ ဆုတ်တယ်ဆိုတာ ဘာတွေ ဆုတ်လာတုန်းလို့ ပြောမယ်ရင် ကိုယ်ကျင့်တရားတွေ ဆုတ်လာတယ် ဒါ နံပါတ်(၁)။ ကိုယ်ကျင့် တရားတွေ ပျက်ပြားလာသည့်အတွက်ကြောင့် ရာသီဥတုတွေ ပျက်ပြားလာ တယ်၊ သီးနှံတွေက ရာသီဥတုပျက်ပြားတဲ့အပေါ်မှာ မြေဩဇာတွေ ခန်းခြောက်လာတယ်။ မြေဩဇာခန်းခြောက်တဲ့အပေါ်မှာ စိုက်ပျိုးတဲ့သီးနှံ တွေကလည်း အဆီဩဇာတွေ ယုတ်လျော့လာတယ်။

အဲဒီလို လူ့လောကကြီး ဆုတ်ယုတ်မှုဟာ ကိုယ်ကျင့်တရား ဆုတ် ယုတ်ပျက်ပြားမှုနဲ့ ဆက်နွယ်ပြီးတော့ ဥတုတွေ ပျက်ပြားတယ်။ မြေဆီမြေလွှာ တွေ ပျက်ပြားတယ်။ နောက်ကျတော့ လူတွေစားတဲ့ အသီးအနှံတွေရဲ့ အဆီ ဩဇာလျော့တယ်။ အဲဒါကို အကြောင်းပြုပြီး လူတွေဟာ အသက်တိုလာ ကြတယ်။ ဒါကို ဆုတ်ခေတ်လို့ ခေါ်တယ်။
အဲဒီလို တစ်ခုနဲ့တစ်ခု ဆက်ပြီး ဆုတ်လာတော့ ဘုရားသာသနာ ကွယ်ပျောက်နိုင်တာပေါ့။

👏 မေးခွန်း(ဂ)

မည်သို့ ထိန်းသိမ်း ကာကွယ်ကြမည်နည်း?။

👉 အဖြေ

ထိန်းသိမ်းကာကွယ်ရမှာတော့ မိမိရဲ့ လက်ရှိဘဝမှာ မြတ်စွာဘုရားရဲ့ တရားတော်တွေကို မှတ်သားနာယူခြင်း၊ ကိုယ်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်း၊ ကိုယ့်တစ်သက်တာမှာ ကိုယ့်ဘဝ သမိုင်းပေးတာဝန်လို့ ပြောတဲ့အတိုင်းပဲ ကိုယ့်ဘဝမှာ ကိုယ့်ဟာကိုယ် ထိန်းသိမ်းသွားကြမယ်၊ #လက်ဆင့်ကမ်းသွားကြမယ်ဆိုရင်တော့ #သာသနာဟာ ဆက်လက်တည်နေ ဦးမှာပဲ။

သင်ကြားခြင်း၊ သင်ပေးခြင်း၊ ပို့ချခြင်းကိုယ်တိုင် လက်တွေ့ ကျင့်သုံး ခြင်း၊ “ပရိယတ္တိယေဝ သာသနဿ မူလံ” ဆိုတဲ့အတိုင်း ဘုရားရဲ့ အဆုံးအမ တွေကို သင်ယူကြမယ်၊ စဉ်ဆက်မပြတ် ပို့ချပေးကြမယ်ဆိုရင် ဒီတရားတော် တွေဟာ လူတွေရဲ့နှလုံးသားထဲ စဉ်ဆက်မပြတ် ရောက်သွားမယ်။ အဲဒါဆိုရင် ထိုက်သင့်သလောက်တော့ သာသနာဟာ တည်နေမှာပဲ။ ဒါကြောင့်မို့ သာသနာတည်တံ့ဖို့ဆိုရင် မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်တွေကို သင်ယူခြင်း၊ ပို့ချခြင်းဟာ အခြေခံ အကျဆုံးပဲ။ နာယူရမယ်၊ သင်ယူရမယ်၊ မှတ်သားရမယ်၊ လိုက်နာကျင့်သုံးရမယ်။

🙏 မေးခွန်း(ဃ)

သရဲ, တစ္ဆေ၊ ဖုတ်, မှင်စာ တကယ်ရှိပါသလား?

👉 အဖြေ

ဒါတွေက စာပေတွေထဲမှာတော့ ရှိတယ်လို့ ဆိုထားတယ်။ တွေ့ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ လူတိုင်းလူတိုင်းတော့ တွေ့ချင်မှ တွေ့မှာပေါ့။ ရှိတယ်လို့ဆိုတာကတော့ စကားလုံးတွေလည်း ရှိတယ်၊ အခြောက်ခံရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ တွေ့ကြုံမှုတွေရှိသည့်အတွက်ကြောင့် ယုံတဲ့လူ ရှိသလို မယုံတဲ့လူလည်း ရှိတယ်။ ယုံတာမယုံတာ အပထား၊ ရှိတာ မရှိ တာသာ အဓိက။ ရှိပြီးမှ ကိုယ်မြင်ချင်မှ မြင်မှာပေါ့။

👏 မေးခွန်း(င)

တစ်ချို့က မြင်ရသည်ဟု ပြောပါသည်၊ မှန်ပါသလား?။

👉 အဖြေ

မြင်တဲ့လူကတော့ သူမြင်လို့ မြင်တယ်လို့ ပြောတာ၊ ဒါ မှန်ပါ တယ်။ ဘုန်းကြီးတို့တောင် ငယ်ငယ်တုန်းက လူမပါဘဲနဲ့ ဝါးလုံးကြီး တစ်လုံးက လွင့်ပျံလာပြီးတော့ ကိုယ့်နောက်ကျောနားလေးမှာ သစ်ပင်ကြီးကို ဗြန်းကနဲ ရိုက်လိုက်တာ၊ ဒါ ကိုယ်တိုင်မြင်ခဲ့တာပဲ။ ပြီးတော့ ရိုက်တဲ့အသံလည်း ကြားလိုက်တယ်။ ပြီးရင် ဒီဝါးလုံးကြီးက ပျောက်သွားတယ်။ လူလည်း မရှိဘူး။ အဝေးက ပစ်လိုက်တဲ့ဝါးလုံးဆိုရင်တော့ ဝါးလုံးက ဘုတ်ကနဲ အောက်ကျ မှာပဲ။ ခု ဝါးလုံးလည်း မရှိဘူး၊ ရိုက်တဲ့နေရာမှာပဲ ဗြောင်းကနဲဆို ပျောက်သွား တယ်။ ဒါကို ကျန်တဲ့လူကတော့ ယုံချင်မှယုံမယ်။ ကိုယ်တွေ့တာကို ကိုယ်ပြောပြတာ။ ဒါမျိုးတွေကတော့ ရှိနိုင်တယ်လို့ပဲ ပြောရမှာပဲ။

🙏 မေးခွန်း(စ)

စစ်သားတွေ နိုင်ငံကို ကာကွယ်ရန် အသက်သတ်လျှင် ငရဲကြီးအပြစ်ဖြစ်ပါသလား?။

👉 အဖြေ

ဒါက စိတ်ဓာတ်နဲ့ သက်ဆိုင်တယ်။ သတ်တယ်ဆိုတာ ဘယ်လိုပုံစံ နဲ့ပဲ သတ်သတ် #ပါဏာတိပါတဆိုတော့ အပြစ်ရှိတာပဲ။ အပြစ်မရှိဘူးလို့ ပြောလို့မရဘူး။ သတ်တယ်ဆိုတဲ့အလုပ်ဟာ အပြစ်ရှိတဲ့အလုပ်ပဲ။
သို့သော် သူ့ရဲ့ intention က ဘာလဲ။ intention ပေါ်မှာ မူတည် သေးတယ်။ တိုင်းပြည်ကို ဒုက္ခပေးမယ့်လူကို သတ်တာလား? သူတော် ကောင်းကို သတ်တာလား? ကွဲပြားခြားနားသေးတယ်။ ကျန်တဲ့လူတွေကို ဒုက္ခမရောက်အောင်ဆိုပြီး ကာကွယ်တာဆိုရင် တစ်ဖက်မှာ သူက ကုသိုလ် ပြန်ဖြစ်တယ်၊ သတ်တာကျတော့ အကုသိုလ်။

တစ်ဖက်က ဒီလူကို အရှင်ထားရင် လူတွေ ဒုက္ခရောက်လိမ့်မယ်။ ဆိုပါစို့- ခွေးရူးတစ်ကောင်က လိုက်ကိုက်နေတယ်၊ ဒီခွေးရူး အရှင်ထားရင် လူတွေအကုန်လုံး ဒုက္ခရောက်လိမ့်မယ်၊ အဲဒီခွေးရူးကို သတ်မယ်၊ သတ်တယ် ဆိုတာတော့ အကုသိုလ်ဖြစ်မှာပဲ။ သို့သော် ကျန်တဲ့လူတွေအပေါ်မှာ မေတ္တာ ထားခြင်းကတော့ ကုသိုလ်လို့ ပြောရမယ်။ အဲဒီတော့ ကုသိုလ်တစ်ပိုင်း၊ အကုသိုလ်တစ်ပိုင်းပေါ့၊ ဒီလိုဆိုလိုတယ်။ အလုပ်တိုင်းဟာ အကုသိုလ်ချည်းပဲ ပြောလို့မရဘူး။ ရည်ရွယ်ချက်တစ်ခု ရှိတယ်။

🙏 မေးခွန်း(ဆ)

ယခုဘဝတွင် ဆုံတွေ့နေရသော မိသားစုများနှင့် နောက်ဘဝတွင်
ပြန်ဆုံမှာလား?။ 

👉 အဖြေ

အတိအကျ ပြောလို့မရဘူး။ မြတ်စွာဘုရား ဟောထားတာကတော့
- သမသဒ္ဓါ - သဒ္ဓါတရားချင်း တူရင်
- သမသီလာ တူညီသော သီလရှိရင် 
- သမစာဂါ- တူညီသော ဒါနကောင်းမှု စွန့်လွှတ်မှုရှိရင်
- သမပညာ- တူညီသော အသိဉာဏ်ရှိရင်
ဆုံချင်တဲ့စိတ်ဓာတ်လည်း ရှိမယ်ဆိုရင်တော့ ဘဝဆက်တိုင်းမှာ ဆုံတတ်တယ်လို့ ဒီလိုဆိုတယ်။ အဲဒီအခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ ဆုံနိုင်တယ်လို့ ပြောလို့ရတယ်။

ပါမောက္ခချုပ် ဆရာတော် 
ဒေါက်တာနန္ဒမာလာ ဘိဝံသ။ 

ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေများပေါင်းချုပ်ပထမတွဲမှ....

Aung Aung 

Nov ,20, 2022

No comments:

Post a Comment