သစ္စာသိမှဒုက္ခငြိမ်းမယ်
_______🌼🌷🌼_________
သစ္စာသိမှ အမှန်မြင်မည် ဖြစ်၏။ အမှန်မြင်မှ လမ်းမှန် ရောက်မည် ဖြစ်၏။ သစ္စာမသိလျှင် အကန်းသွားသွား နေခြင်းပင် ဖြစ်၏။ အကန်းသွားဆိုတော့ တိုက်ချင်ရာတိုက်မည်။ ကျချင်ရာ ကျမည်။ ထိုနည်းတူစွာ သစ္စာ မသိလျှင် ငရဲကျချင် ကျမည်။ တိရစ္ဆာန်ဖြစ်ချင် ဖြစ်မည်။
ဘုရားအဆူဆူနှင့် လွဲခဲ့ခြင်းသည် ဘာ့ကြောင့်နည်းဟု မေးစရာ မလိုတော့။ သစ္စာ မသိသောကြောင့်ပင် ဖြစ်၏။ မှန်၏။ သစ္စာ မသိသည့်အတွက် ခွေးဖြစ်ရ ဝက်ဖြစ်ရနှင့် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့နေရခြင်း ဖြစ်၏။ သစ္စာမသိသောကြောင့် ဆင်းရဲတွင်း နက်သထက် နက်ရခြင်း ဖြစ်သည်။
ဆိုကြပါစို့။ တန်ခိုးရှင်ပုဂ္ဂိုလ် တစ်ယောက်ယောက်က လူတစ်ယောက် တစ်ရက် လျှင် လှံအချက်ပေါင်း သုံးရာ အထိုးခံရမယ်။ အဲဒီလို အထိုးခံရလို့ နှစ်တရာ ပြည့်လျှင် သစ္စာကို သိလိမ့်မယ်လို့ ဆိုခဲ့ငြားအံ့။ ထိုစကား မှန်မည်ဆိုလျှင် လူတိုင်း လှံ အထိုးခံသင့်၏တဲ့။
ဤဥပမာစကားသည် သစ္စာ မသိခြင်း၏ ဒုက္ခကို ပေါ်လွင်အောင် နှိုင်းယှဉ်ပြခြင်း ဖြစ်သည်။ ဆိုလိုသည်ကား သစ္စာမသိသည့် ဒုက္ခက လှံအထိုးခံရသည့် ဒုက္ခထက် ပိုဆိုးသည်ဟု ပြောလိုခြင်းပင်တည်း။
ရှင်းပြဦးအံ့။ လှံအထိုးခံရသော ဒုက္ခက တစ်ဘ၀သာ ဖြစ်၏။ သစ္စာ မသိသည့် ဒုက္ခကား ဘဝအဆက်ဆက် ဖြစ်သည်။ သစ္စာမသိလျှင် ခွေးအကြိမ်ကြိမ် ဖြစ်နိုင်၏။ ဝက်အကြိမ်ကြိမ် ဖြစ်နိုင်၏။ ငရဲအကြိမ်ကြိမ် ကျနိုင်၏။ တွေးကြည့်လေ ကြောက်စရာကောင်းလေပင်တည်း။ ထို့ကြောင့် မြတ်စွာဘုရားက " လှံအထိုးခံလို့ သစ္စာ သိမယ်ဆိုလျှင် လှံ အထိုးခံသင့်၏" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
သစ္စာဆိုသည်ကား အမှန်တရားတည်း။ သဘာဝအတိုင်း မှန်နေခြင်း ဖြစ်၏။ မြတ်စွာဘုရားက ယင်းအမှန်တရားကို ဖော်ထုတ်ခဲ့၏။ သစ္စာသည်လေးပါး ရှိ၏။
၁။ ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား။ ( ရုပ်နာမ်)
၂။ သမုဒယသစ္စာ - ဆင်းရဲဖြစ်ကြောင်း အမှန်တရား။ ( လောဘ)။
၃။ နိရောဓသစ္စာ - ဆင်းရဲချုပ်ရာ အမှန်တရား။ ( နိဗ္ဗာန်)။
၄။ မဂ္ဂသစ္စာ - ဆင်းရဲချုပ်ကြောင်း အမှန်တရား။ ( မဂ္ဂင်ရှစ်ပါး)။
အဖြစ်ချုပ်ရင် အပျက်ချုပ်တယ်
-------------------------------
ဒုက္ခငြိမ်းဖို့အတွက် သစ္စာသိဖို့ လို၏။ သစ္စာသိဖို့အတွက် ဝိပဿနာတရားကို အားထုတ်ရမည် ဖြစ်၏။ ဝိပဿနာဆိုသည်ကား စိတ်အလုပ်တည်း။ ဝိပဿနာ အားထုတ်သည့်အခါ ရုပ်တရား နာမ်တရားတို့ကို စူးစိုက်ပြီး ရှုမှတ်ရ၏။ ယင်းသို့ ရှုမှတ်သည့်အတွက် သမာဓိ အားကောင်းလာ၏။ သမာဓိအားကောင်းသည့်အတွက် တဖြေးဖြေးနှင့် ဉာဏ်ထက်လာ၏။
ဉာဏ်ထက်လာသည့်အတွက် သစ္စာတရားကို ထိုးထွင်း သိသွားလေ၏။ သစ္စာတရားကို သိသည့်အတွက် ခန္ဓာ့ဒုက္ခကို မြင်သွားတော့၏။ ခန္ဓာ့ဒုက္ခကို မြင်သွားသည့်အတွက် ဘာကိုမှ မတွယ်တာတော့ပေ။ ဤကား သမုဒယကို ဖယ်ရှားလိုက်ခြင်းပင်တည်း။
သမုဒယဆိုသည်ကား လောဘတည်း။ လောဘသည် ဒုက္ခ၏ ရေသောက်မြစ်ပင် ဖြစ်၏။ မှန်၏။ ဘဝကို တွယ်တာသည့်အတွက် ၃၁- ဘုံမှာ ကျင်လည်နေကြခြင်း ဖြစ်၏။ သမုဒယကို ဖယ်ရှားလိုက်သည်နှင့် မည်သည့်ဘုံဘဝမှာမှ မဖြစ်တော့ဘူး။ " အဖြစ်" ချုပ်သွားလေတော့သည်။
" အဖြစ်" ချုပ်သွားသည့်အတွက် "အပျက်" လည်း ချုပ်သွားတော့၏။ အပျက်ချုပ်သွားသည့်အတွက် သေခြင်းတရားလည်း မရှိတော့ပေ။ သေခြင်းတရား မရှိတော့သည့်အတွက် ဒုက္ခသည် အပြီးတိုင် ချုပ်ငြိမ်းသွားလေတော့သည်။ ဤသည်ကိုပင် "နိဗ္ဗာန်" ဟု ခေါ်ဆိုပါပေ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment