"သတ္တဝါတွေဟာ ကယ်ချင်တိုင်း
ကယ်လို့ မရဘူး"
☘☘☘☘☘☘🌷🌸🌷☘☘☘☘☘
အခါတစ်ပါး ဝေဘူဆရာတော်ဘုရားကြီးသည် ရွှေဘိုမြို့ မီးကြီးလောင်မည်ကို ကြိုတင်၍ မြင်တော်မူလေသည်။
သိမြင်တော်မူသည့်အတိုင်း မြို့သူမြို့သားတို့အား ရေတွင်း ရေကန်များကိုလည်း အပူတပြင်း တူးဖော်စေ လေသည်။သို့သော် ရေတွင်းရေကန်များမှာ တဝက် မျှ သာ တူးဖော်ပြီးစီး၍ ကျန်တဝက်မှာ ပြီးစီးအောင် မတူး ဖော်နိုင်ခဲ့ပေ။
၁၃၁၂- ခု၊ နှစ်ဆန်းတစ်ရက်နေ့ (၁၉၅၁-ခု၊ ဧပြီလ ၁၇ ရက်) နေ့တွင် ရွှေဘိုမြို့တွင် မီးအကြီးအကျယ် လောင် လေသည်။ ထိုအခါကျမှ ရေတွင်းရေကန်တူးဖော်စေမှု ကို မြို့သူမြို့သားများ သိရှိရလေတော့၏။
ထိုလောင်ကျွမ်းသော မီးကြီးတွင် ရေတွင်း ရေကန်များ တူးဖော်ထားသော မြို့တစ်ခြမ်းမှာ သက်သာရာ ရရှိခဲ့၍, ကျန်တစ်ခြမ်းမှာ မီးဘေး သင့်ခြင်းကို အကြီးအကျယ် ခံစားခဲ့ကြရလေသည်။
ထိုအကြောင်းနှင့်ပတ်သက်၍ဆရာတော်ဘုရားကြီးက "သတ္တဝါတွေဟာ ကယ်တိုင်း မရဘူးဗျ၊ သူတို့ကိုယ်တိုင် ကံကောင်းအောင် မထူနိုင်ကြတော့ တဝက်လောက်ပဲ ကူပေးလို့ ရတယ်" ဟု မိန့်တော်မူလေသည်။
ထိုစဉ်က မီးလောင်ထားသော ဒဏ်ရာဒဏ်ချက်ကြောင့် မြို့သူမြို့သားများမှာ လွန်စွာဒုက္ခရောက်ကြရလေသည်။
သင့်လျော်သော သစ်ပင်အောက်တွင် လည်းကောင်း၊
အချို့တဲလေးများ ထိုး၍လည်းကောင်း၊ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရလေ၏။
ထိုအချိန်တွင် ဝေဘူဆရာတော်ဘုရားကြီးက မိမိ၏ တူ အရင်းလည်းဖြစ်၍ မိမိကိစ္စမှန်သမျှဝေယျာဝစ္စလုပ်ကိုင် ပေးနေသော အတွင်းရေးမှူး ဦးပဉ္စင်းကို "မိမိတို့ ရဟန်း သံဃာများ မြို့တွင်းသို့ ဆွမ်းခံကြွတော်မူမည်" ဟု မိန့် တော်မူလေသည်။,
ထိုအခါ တူဖြစ်သူ ဦးပဉ္စင်းက
"ဆရာတော်ဘုရား... လူတွေမှာ မီးလောင် ခံထားရပါ သဖြင့် စားစရာ မရှိ၊နေစရာ မရှိ၊ သစ်ပင်များ အောက် တွင် ဖြစ်သလို နေထိုင်ကြရပါတယ် ဘုရား၊ ဤသို့သော ဆင်းရဲဒုက္ခရောက်ရသည့်အထဲ ဆရာတော်ဘုရား က ဆွမ်းခံကြွတော်မူမည် ဆိုလျှင် အလွန်အားနာစရာ ကောင်းလှပါသည် ဘုရား၊ကြွတော်မမူပါနှင့် ဘုရား" ဟု လျှောက်ထားလေသည်။ (ဦးပဉ္စင်း၏အမြင်သည် လောကီ အမြင်ဖြစ်)
ထိုအခါ ဝေဘူဆရာတော်ဘုရားကြီးက ဤသို့ ပြန်၍ မိန့်တော်မူလေသည်။
"သင် ပြောတာလည်း မှန်ပါသည်။ သို့သော် ငါသည် ဆွမ်း အလိုရှိ၍ ဆွမ်းခံခြင်း မဟုတ်ပါ။ ငါနှင့် တကွသော ရဟန်း သံဃာတော်များ မြို့ထဲသို့ ကြွလာကြသောအခါ မီးလောင်ခံရသော ဒုက္ခသည်များသည် ဘာတစ်ခုမှ လှူဒါန်းစရာ မရှိသော်လည်း သံဃာတော်များကို ရှိခိုး ကြမည်, ဖူးမျှော်ကြမည်။
ဤကဲ့သို့သော ကုသိုလ် အကျိုးတရားများကြောင့်သူတို့ မီးလောင်၍ ခံစားနေကြရသော ဆင်းရဲဒုက္ခ အပေါင်းတို့ အမြန်ဆုံး လွတ်ကင်း၍ ချမ်းသာသုခ ရကြလိမ့်မည်။
လောကီရော၊ လောကုတ္တရာ အတွက်ပါ အကျိုးပေး လိမ့်မည်။
ဤသို့ရည်စူး၍ငါ ဆွမ်းခံကြွတော်မူခြင်းဖြစ်သည်"ဟု မိန့်တော်မူခဲ့လေသည်။
သာဓု သာဓု သာဓု
(ဤ ဝေဘူဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်သည် လွန်စွာပင် မှတ်သားထိုက်သော မိန့်ကြားချက်ပင် ဖြစ်ပါ လေတော့သတည်း။)
No comments:
Post a Comment