"လှူတော့ လှူပါရဲ့"
ဒါနတော ဘောဂဝါ -
လှူရင် ချမ်းသာမယ် တဲ့။
လှူလိုက်တဲ့ အကျိုးဆက်ကြောင့် ချမ်းသာတယ်။ ဒါပေမယ့် ချမ်းသာခြင်းနဲ့အတူ ပြည့်စုံမှုအားလုံးကို
ဘာကြောင့် ဆွဲမခေါ်နိုင်ခဲ့ရတာလဲ။
လှပခြင်း၊သြဇာကြီးခြင်း၊လိုတရခြင်း၊ရောဂါကင်းပြီး
ကောင်းတာတွေကို စိတ်တိုင်းကျ သုံးဆောင်ရခြင်း၊ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ခြင်း ဒါတွေမပြည့်စုံဘဲနဲ့ရော မိမိရဲ့ ချမ်းသာကြွယ်၀မှုကအဓိပ္ပါယ်ရှိမှာလား။
ပိုက်ဆံတစ်ခုတည်းရှိပြီး ဒီအချက်တွေ ကင်းကွာနေရင်
ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်ပါ့မလဲ။ ကိုယ့်မှာမရှိတာတွေ သူများမှာရှိနေတာကိုမြင်ပြီး (ငွေနဲ့ ၀ယျမရတဲ့ အရာတွေကို) ၀ယျယူဖို့ ကြိုးစားရင်း ဣဿာတွေ ထိန်းမရဖြစ်ပြီးတော့ အပါယ်လေးပါးမှာပါ ခေါင်းမြုပ်သွားနိုင်ပါတယ်။
ဒီတော့ မိမိတို့ ပုထုဇဉ်တွေ မကင်းနိုင်သေးလို့ သံသရာခရီးကို လျှောက်ရတဲ့အခါ ကျော့ကျော့လေး ဖြတ်သန်းနိုင်ဖို့ ချမ်းသာပြည့်စုံခြင်းရဲ့အကြောင်းတရားတွေရှာကြည့်ရအောင်။
(၁) ချမ်းတော့ချမ်းသာပါရဲ့
ရုပ်ကဆိုးနေတာ ဘာကြောင့်ပါလိမ့် ? ။
သဒ္ဓါတရားနဲ့ မလှူခဲ့လို့ပါ တဲ့။
သဒ္ဓါယ ဒါနံ ဒေတိ = ဘုရား၊ တရား၊ သံဃာနဲ့ ကံ၊ကံရဲ့အကျိုးတွေကို ယုံယုံ ကြည်ကြည် သဒ္ဓါတရားနဲ့လှူခဲ့မယ်ဆိုရင်...
(ယတြာချေသလို လှူတာ မဟုတ်ဘူးဆိုရင်) ဥစ္စာပေါ ရုပ်ချော ဖြစ်ပါလိမ့်မယ်တဲ့။
(၂) ချမ်းတော့ချမ်းသာပါရဲ့
ကိုယ့်သားသမီး တပည့်လက်အောက်ငယ်သားတွေကို ပြောမနိုင်၊ဆိုမနိုင် ဖြစ်နေရတာ ဘာကြောင့်ပါလိမ့် ? ။
ရိုရိုသေသေ မလှူခဲ့လို့ပါ တဲ့။
သက္ကစ္စံ ဒါနံ ဒေတိ = အလှူခံပုဂ္ဂိုလ်တွေကို ရိုရိုသေသေလှူခဲ့မယ်ဆိုရင်...ကိုယ်ပြောသမျှ အောင်မြင်ပြီးဘယ်သူ့အပေါ်ပဲဖြစ်ဖြစ်
သြဇာညောင်းပါသတဲ့။
(၃) ချမ်းတော့ချမ်းသာပါရဲ့
လိုတာမရ ၊ ရတာမလို ဖြစ်နေရတာ (ငွေပေးဝယ်လို့မရတာ) ဘာကြောင့်ပါလိမ့် ? ။
ကာလဒါန မပြုခဲ့လို့ပါ တဲ့။
ကာလေန ဒါနံ ဒေတိ =
လိုတဲ့အချိန်မှာလိုတဲ့ပစ္စည်းကို လိုသလို လှူခဲ့မယ်ဆိုရင်...
ကိုယ်လိုတာကိုလည်းလိုတဲ့အချိန်မှာ လိုသလို ရပါလိမ့်မယ်တဲ့။
(၄) ချမ်းတော့ချမ်းသာပါရဲ့
ကောင်းတာတွေနဲ့မတဲ့တာ
(သွေးတိုးရှိလို့၊ ဆီးချိုရှိလို့ ဟိုဟာမတဲ့၊ဒီဟာမတဲ့ ဖြစ်ရတာ) ဘာကြောင့်ပါလိမ့် ? ။
မကောင်းတတ်လို့ဆိုပြီး လှူခဲ့ကြလို့ပါ တဲ့။
အနုဂ္ဂဟိတ စိတ္တေန ဒါနံ ဒေတိ = အလှူခံပုဂ္ဂိုလ်ရဲ့ဂုဏ်ကို အာရုံပြုပြီး ချီးမြှောက်လိုသောစိတ်နဲ့၊ မငြိကပ်ဘဲ လှူခဲ့မယ်ဆိုရင်...
ကိုယ်စားချင်တာ၊ ကောင်းတာတွေနဲ့ တည့်ပြီး ကောင်းတာတွေ သုံးဆောင်ရပါသတဲ့။
(၅) ချမ်းတော့ချမ်းသာပါရဲ့
ရန်သူမျိုး ငါးပါးရန်ကမလွတ်ကင်းတာ ဘာကြောင့်ပါလိမ့် ? ။
ဂုဏ်တုဂုဏ်ပြိုင်လုပ် လှူခဲ့လို့ပါ တဲ့။
အတ္တာနဉ္စ၊ ပရဉ္စ အနုပါဟစ္စံ ဒါနံ ဒေတိ = မိမိဂုဏ်ကိုလည်းမဖော်၊ သူတစ်ပါးကိုလည်း မနှိမ့်ချ၊ဘယ်သူ့ကိုမှ မထိခိုက်ဘဲ မာနကင်းကင်းနဲ့ လှူခဲ့မယ်ဆိုရင်...ရေ, မီး, မင်း, ခိုးသူ, အမွေခံဆိုးတို့ရဲ့ ရန်က ကင်းပါသတဲ့။
ဒါကြောင့် ...
ချမ်းချမ်းသာသာ၊ လှလှပပ၊
သြဇာတိက္ကမ၊ ကြီးလွန်းလှ၍၊ လိုရာရပြန်၊ အကောင်းမှန်သမျှ၊
သုံးဆောင်ရသည့် ကင်းပရန်သူ
ဖြစ်ရန်မူကား...
ကြည်လင်သဒ္ဓါ ရိုသေစွာဖြင့်
လိုရာကိုရွေး ချီးမြှောက်ပေးကာ
ငါမှလှူနိုင် ဂုဏ်မပြိုင်ဘဲ
ဉာဏ်ဖြင့်စွဲလျက်၊ ကျိုးရင်းဆက်ကို၊
သိလျက်ရွှင်လန်း နိဗ္ဗာန်မှန်းကာ
လှူပါစေသော် လှူစေသော်....။
[စာရေးသူ - ဓမ္မရနံ့ ]
No comments:
Post a Comment