စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, December 30, 2016

သဒ္ဓါဟူသည်

{{{ သဒ္ဓါဟူသည် }}}
(၀ိသုဒ္ဓါရုံ- ဒီပဲယင်းဆရာတော်ဘုရားကြီး)
(ပရမတ္ထစက္ခုကျမ်း- ၁၉၆။ ၁၁။ ၁၅၉)
ဘုရားအစရှိသော ကောင်းသောအာရုံ၌ စိတ်ကို ကြည်လင်စေတတ်သောသဘော။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူး၌ ယုံကြည်ပြေးဝင်ခြင်းသဘော။
ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုး၌ ယုံကြည်ပြေးဝင်ခြင်းသဘော။
ဥပမာ။ ။ မိမိသည် မြွေပွေးကိုက်၍ မသေဘူးပဲ မိမိမျက်မှောက်၌ မြွေပွေးကိုက်သည်ကို၎င်း ကိုက်၍သေသည်ကို၎င်း ကိုယ်တွေ့ဒိဋ္ဌ မမြင်ဘူးပဲ မြွေပွေးကိုက်၍ သေတတ်သည်ဟု သူပြောလူပြောကို ယုံကြည်ကြသည့်အတွက် မြွေပွေးကို မကိုင်ဝံ့ကြကုန်။ ရှောင်ကွင်းကြကုန်သကဲ့သို့ ထို့အတူ ---
ပါဏာတိပါတ အစရှိကုန်သော ဒုစရိုက်အကုသိုလ်ကံတို့၏ အကျိုးရင်း အကျိုးဖျားတို့ကို ယုံကြည်သော သဒ္ဓါတရားရှိကြပါကုန်မူကား အကုသိုလ်ကံ ပြုဝံ့စရာမရှိပါ။
ကံ-ကံ၏အကျိုး ယုံကြည်တဲ့ သဒ္ဓါတရား မရှိကြသည့်အတွက် မြိန်မြိန်ရှက်ရှက် အားတက်ရွှင်လန်း ၀မ်းမြောက်ဝမ်းသာ ပြုနိုင်ကြခြင်းဖြစ်သည်။
စိန်ကောင်းတစ်ပွင့်ကို တွေ့မြင်၍ ( ဤစိန်သည် အဘိုးထိုက်တန်- ရခဲသော ရတနာတည်း )ဟု စိန်ရတနာ၏ သတ္တိကို ယုံကြည်တဲ့သူသည် စိန်ကိုကောက်ယူပြီး လက်ဝယ်ရထားလို့ မရောင့်ရဲနိုင် အားမရနိုင်သကဲ့သို့ ထို့အတူ ---
ကုသိုလ်ကံ၏ အကျိုးကို ယုံကြည်တတ်သော သဒ္ဓါတရားရှိသောသူသည် ဒါန သီလစသော ကုသိုလ်ကိုပြု၍ အားမရနိုင်၊ သီလသီတင်း ဆောက်တည်၍ မပျင်းနိုင်၊ ကုသိုလ်ပြု၍ မပျင်းနိုင်၊ မရောင့်ရဲနိုင်။ လယ်လုပ်အခစား ကူလီသမားနှင့်လဲ နှိုင်းလေ။ ။
ဉာဏ်အမြင်နဲ၊ သဒ္ဓါကဲ၊ အလွဲလွဲဖြစ်တတ်သည်။
အလွဲလွဲ-ဆိုသည်မှာ
သဒ္ဓါလွန်လျှင် တဏှာဝင်၍ အချစ်အခင် တဏှာဇောတွေ စောတတ်သည်။
မကြည်ညိုသင့် မကြည်ညိုထိုက်သော အရာတို့၌ ကြည်ညို၍ ကုသိုလ်လိုလိုနှင့် အမိုက်ဇောတွေစောတတ်သည်။ ဤသို့ စသည်ကို ဆိုသည်။
သဒ္ဓါအသွင်၊ တဏှာဝင်၊ ခင်မင်သည်ကို အကြည်ညို။
မသိကို အသိ၊ မောဟဖိ၊ မဟုတ်သိများ၊ အဟုတ်သိကား၊ ရှားလှချေ၏။ ။
သဒ္ဓါနှင့် ဉာဏ်၊ နှစ်ခုသန်မှ၊ လမ်းမှန်သို့ရောက်သည်။ ။
သဒ္ဓါစစ် ကုသိုလ်ချစ်သည်။ ပညာစစ် ရွေးချယ်စိစစ်သည်။ ။
သဒ္ဓါလွန်လျှင် မိုက်မှားတတ်သ်ည။ ။
ပညာလွန်လျှင် ယူမှားတတ်သည်။ ။
အထူးမှတ်ချက် ---- ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌
{{{ သဒ္ဓါတရား စစ်စစ် ဖြစ်လာဖို့ ခဲယဉ်းသလို }}}
{{{ ဖြစ်လာပြီးသာ သဒ္ဓါတရားကို မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ရန်လည်း အလွန်ခဲယဉ်းလှပါသည် }}}
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
https://www.facebook.com/DhammaSarpay/

အရှင်​​တေဝိဇ္ဇ(မူလအလှူရှင်​)


Tuesday, December 27, 2016

သတိနဲ့ဆင်ခြင်ပါ

"'သတိနဲ့ ဆင်ခြင်ပါ'"

ငါကြိုက်တာလေး  တစ်ခုကြောင့်
သူတစ်ပါး  မထိခိုက် မနစ်နာစေပါနှင့်

ငါဒေါသလေး  ငါမထိန်းတာနဲ့
သူတစ်ပါး   အကျိုးမဲ့ မဖြစ်စေပါနှင့်

ငါမသိလို့
ဆုံးဖြတ်ချက်တစ်ခုလေး  မှားယွင်းတာနဲ့
သူတစ်ပါး  အကျိုးမယုတ်စေပါနဲ့

မဟာဗောဓိမြိုင်  ဆရာတော်ကြီး
……………………………………
Aung .Myat .Zaw


Monday, December 26, 2016

လူဝတ်ကြောင်များသတိထားဖို့..

@@လူဝတ်ကြောင်များသတိပြုရန်@@

သာသနာဝင် ရဟန်း သာမဏေ သီလရှင်များကိုလူ့ ကိစ္စ
မခိုင်းမိအောင်သတိပြုရမည်။ ဒကာဒကာမများသည်
ဘုန်းကြီးကျောင်းဝယ်တည်ခိုသောအခါဖြစ်စေ အခြားသော
အခါမှာဖြစ်စေ မိမိတို့ လူ့ ကိစ္စ လုပ်ငန်းများမှာ ရဟန်း သာမဏေသီလရှင်များကိုအမှတ်မထင်စေခိုင်းမိ
တက်ကြသည်။ ထိုသို့ စေခိုင်းရာတွင် မိမိထက် သိက္ခာသီလ
သာလွန်သူကိုခိုင်းမိလျှင် မိမိမှာ လူဖြစ်ရာဘဝ၌ အမျိုးညံ့
အမျိုးယုတ် အောက်တန်းစား၌ ဖြစ်ရတက်ပေသည်။

ဤကိစ္စနှင်ပတ်သက်၍ ကျမ်းဂန် သာဓကထုတ်ပြရလျှင်
သာမာဝတီ၏ကျွန်မ ခုဇ္ဇုတ္တရာဝတ္ထုကို ကြည့်နိုင်သည်။
ကျွန်မျိုးမှမွေးဖွားသော ခုဇ္ဇုတ္တရာသည် ဥတေနမင်းရဲ့
မိဖုရားသာမာဝတီ၏ အလုပ်အကျွေး ကျေးကျွန် များတွင်
တစ်ယောက်အပါဝင်ဖြစ်သည်။ တစ်နေ့ မှာ မိဖုရားသာမာဝတီအတွက်နေ့ စဉ်ပန်းယူနေကျ ပန်းသည်ကြီးသုမနအိမ်မှာ ဘုရားရှင်နှင့်သံဃာတော်များ
အားဆွမ်းကပ်ပွဲနဲ့ ကြုံကြိုက်သည့်အခါ တရားတော်ကို
နာရ၍ ပင်ကိုယ်ပါရမီ ဓာတ်ခံပါသူဖြစ်လို့  ဘုရားရှင်တရား
တော်အဆုံးမှာ သောတာပန်ပုဂ္ဂိုလ်ဖြစ်ခဲ့လေသည်။

တရားပွဲအပြီး နန်းတော်သို့ ပြန်ရောက်သောအခါမှာ
မိဖုရားသာမာဝတီအားအကျိုးကြောင်းပြောပြလေသည်။
မိဖုရားရဲ့တိုက်တွန်းမှုကြောင့် သူကပင်တရားတော်ကို
တစ်ဆင့်ပြန်ဟောပြရာ မိဖုရားနှင့်အလုပ်ကျွေးငါးရာတို့ 
သောတာပန်ဖြစ်ကြရသည်။ ထို့ ကြောင့်ပင်နောက်အခါ၌
ဘုရားရှင်က" ငါဘုရား၏ တပည့် ဥပါသိကာမတို့ တွင်
အကြားအမြင် ဗဟုသုတရှကြသူများတွင် တပည့်မ
ခုဇ္ဇုတ္တရာသည် အသာဆုံး အမြတ်ဆုံးပေတည်း"ဟု
ဧတဒဂ်ဘွဲ့ထူး ချီကျူးဂုဏ်ပြုတော်မူခဲ့သည်။

ဘာကြောင့် ဒီလိုဘုရားရှင်ကတောင်ချီးကျူးတော်မူတဲ့
ပုဂ္ဂိုမြတ်တစ်ဦးက အမျိုးညံ့ အောက်တန်းစားကျွန်ဘဝ
မှာဖြစ်ရတာလဲ ဆိုတော့းးးးး ဘဒ္ဒကမ္ဘာ ကဿပ ဘုရားရှင်လက်ထက်တော်အခါက သူမကသူဌေးသမီးလေး
တစ်ဦးပါ ဘိက္ခုနီမများနှင်ရင်းနှီးကျွမ်းဝင်ပြီး မကြာခဏ
အရောက်ပေါက်ရှိခဲ့သည်။ အကျွမ်းဝင်ရာမှ အရောဝင်  အရိုသေတန် သဘောမျိုးဖြစ်လာခဲ့သည်။တစ်နေ့ မှာ
သူရဲ့ ပခြုပ်ကလေး (ဖာကလေး)သည် ကျောင်းပေါ်
မှာကျန်ခဲ့သည်၊သူမကကျောင်းအောက်ရောက်နေပြီ
ထိုအခါ ကျောင်းအောက်ဆင်းလာမည့် သာမဏေမလေး
တစ်ပါးလှေကားအနီးသို့ ရောက်လာသောအခါ သူမသည်
အောက်သို့ ဆင်းလာမည့် သာမဏေမအား သူ့ ပခြုပ်
ကလေးကို ယူခဲ့ဖို့ မှာပြီး ခိုင်းလိုက်သည်။
သာမဏေမလေးကစဉ်းစာသည် သူမယူခိုင်းတာကိုမယူလျှင်
ငါ့အပေါ်စိတ်ဆိုးတော့မည်၊စိတ်ဆိုးမှုကြောင့် ငရဲအထိ
ကျရောက်နိုင်သည်၊ ငါကခိုင်းသည့်အတိုင်းယူပေးလျှင်
သူ့ မှာ သီလသိက္ခာသာလွန်သူကိုခိုင်းမှု စော်ကားမိသလိုပြုမှု
ကြောင့်လူဖြစ်ရာဘဝ၌ အမျိုးယုတ်ဖြစ်ရှာတော့မည်။
ငရဲ ကျတာထက်စာလျှင် အမျိုးယုတ်ဖြစ်ရသည်က
တော်သေးသည်ဟုနှလုံးသွင်းကာ ယူပေးလိုက်သည်။
ဒါကြောင့် သူဌေးသမီးလေးဘဝက သီလသိက္ခာရှိသူကို
မိမိလူ့ ကိစ္စကိုစေခိုင်းမိခြင်းကြောင့်ဤဘဝ၌ ကျွန်မျိုး၌ဖြစ်ရ
ရှာလေသည်။

သံချေးသည် သံမှထွက်၍ ထိုသံကိုပင် ဖျက်ဆီးသကဲ့သို့ 
မထီလေးစားပြုမှုဆိုတဲ့မာနသံချေးသည် ခုဇ္ဇုတ္တရာလောင်း
သူဌေးသမီးကလေးသန္တာန်မှဖြစ်၍ သူ့ ကိုပင် အမျိုးညံ့ အမျိုးယုတ်ဘဝ၌ ရောက်စေခဲ့လေသည်။ထိုကြောင့် မိမိနှင့်
ရင်းနှီးနေသော်လည်း မိမိထက် အသက်သိက္ခာ ဂုဏ်ဝါ
ကြီးမြင့်သူများကို မရိုမသေ ဆက်ဆံရာရောက်မည့် အမှုမျိုးကို မပြုမိအောင် သတိဆောင်ကြရာ၏ ။


Sunday, December 25, 2016

ကိုယ့်စိတ် ကိုယ်စစ်

*** ကိုယ့်စိတ် ကိုယ်စစ် ***

သူယုတ်မာက
အပြစ်လို့ ထင်တာနဲ့   ကဲ့ရဲ့ တတ်တယ်။
သူတော်ကောင်းက
အပြစ်လို့ မြင်နေရင်တောင် မကဲ့ရဲ့ ဘူး။
စေတနာနဲ့  ဝေဖန်ထောက်ပြပေးတယ်။
သူယုတ်မာက
ကောင်းတာကို မြင်နေရင်တောင် လစ်လျူ ရှုတတ်တယ်။
သူတော်ကောင်းက
ကောင်းတယ်လို့ ထင်တာနဲ့ အားပေးချီးမြှောက်တတ်တယ်။
သူယုတ်မာက
သူတော်ကောင်းကိုလည်းစော်ကား,
သူယုတ်မာအချင်းချင်းလည်း စော်ကားတတ်ပြီး
နေရာတကာ ဝင်ရှုတ်တတ်တဲ့အတွက်
ဘေးအမျိုးမျိုးနဲ့ ကြုံရတတ်တယ်။
သူတော်ကောင်းက
သူယုတ်မာကိုလည်း မစော်ကား,သူတော်ကောင်းကိုလည်း
မစော်ကားဘဲ ကိုယ့်အလုပ်ကိုလုပ်တဲ့အတွက်
ကိုယ့်မှာလည်းဘေးကင်းတယ်။
စိတ်မှာလည်း အေးချမ်းတယ်။

အရှင်တေဇာနန္ဒ (စေတနာပန်းခင်းဆရာတော်)
(ပညာရှိ သူတော်ကောင်းများ ဖြစ်ကြပါစေ။)


ယနေ့ကိုတွေ့ဖြစ်အောင်သွားတွေ့ပါ

"ယနေ့ကို တွေ့ဖြစ်အောင် သွားတွေ့ပါ"

မနက်ဖြန်သည်
ငါ့အတွက်မသေချာ  သင့်အတွက်လည်းမရေရာ
သေမှာရှင်မှာ
အတတ်မသိရာသောကြောင့်တည်း

နက်ဖြန်လည်း
ငါ့အတွက်မဟုတ်  သင့်အတွက်မဟုတ်
ဘယ်လိုဂြိုဟ်ဆိုး  ကြမ္မာဆိုးများ
ဝင်တိုးမည်  မသိသောကြောင့်တည်း

နက်ဖြန်သည်
ငါ့ကိုမချိန်း  သင့်ကိုလည်းသူမချိန်း
အချိန်သည်  သူ့ဝန်သူထမ်း၍
သူလမ်းသူ  သွားနေသောကြောင့်တည်း

ယနေ့သည်
ငါ့လက်ကို ငါပိုင်ဖြစ်နေသည်
ထိုယနေ့သည်
ရွှေဆိုရွှေ  ငွေဆိုငွေ ငါ့ကိုဝေနေပြီ

ယနေ့လောက်
သေချာသောကာလ
ယနေ့လောက် သေချာသောဘဝ
ငါ့အတွက် ဘယ်မှာမှ မရှိ"

မဟာဗောဓိမြိုင် ဆရာတော်ကြီး
……………………………………
AUNG .MYAT .ZAW


သတိရပါ

" မရဏာနုဿတိ  "
************
၁။ သေမယ့်အရေး၊ နေ့တိုင်းတွေး၊ ထိုတွေးကြွယ်သင့်သည်။
၂။ ငါသေရမည်၊ ငါသေမည်၊ လီလီတွေးသင့်သည်။
၃။ မသေသူက၊ ဒီလောက၊ ဘယ်မှမရှိပြီ။
၎။ လူတိုင်းပင်လျှင်၊ တစ်နေ့တွင်၊ မှန်ပင်သေရမည်။
၅။ တစ်နေ့ထက်တစ်နေ့၊ သေမယ့်နေ့၊ နီး၍လာနေပြီ။
၆။ မသေခင်လေး၊ ကုသိုလ်ရေး၊ မနှေးပြုသင့်သည်။
၇။ သေပြီးနောက်ခါ၊ ကိုယ့်နောက်မှာ၊ ဘယ်ဟာမပါပြီ။
၈။ သံသရာမှာ၊ ကိုယ့်ကံသာ၊ ကပ်ကာလိုက်ပါသည်။
၉။ မသေသေးခင်၊ ချင်းချင်းတွင်၊ ကြင်ကြင်နာနာရှိရသည်။
၁၀။ မသေသေးခင်၊ ချင်းချင်းတွင်၊ ခင်ခင်မင်မင်ရှိရသည်။
၁၁။ မသေသေးခင်၊ ချင်းချင်းတွင်၊ ကူချင်စိတ်လေး မွေးရသည်။
၁၂။ သတ္တ၀ါတိုင်းပင်၊ ထာဝစဉ်၊ သက်ရှည်ချင်ကြသည်။
၁၃။ သက်ရှည်ချင်ကြ၊ ဘယ်သူမှ၊ ဆန္ဒမပြည့်ပြီ။
၁၄။ မသေချင်ဘဲသာ၊ လူတိုင်းဟာ၊ သေကာသွားရသည်။
၁၅။ သစ်ရွက်တွေက၊ ကြွေချိန်ကျ၊ ကြွေကြရပါသည်။
၁၆။ သစ်သီးတွေက၊ ကြွေချိန်ကျ၊ ကြွေကြရပါသည်။
၁၇။ နေမင်းသော်မှ၊ ဝင်ချိန်ကျ၊ ဝင်ရပါပေသည်။
၁၈။ သတ္တဝါမှန်သမျှ၊ သေချိန်ကျ၊ သေကြရပါမည်။
၁၉။ ကုသိုလ်လီလီ၊ မသေမီ၊ သင်သည်ပြုသင့်သည်။
၂၀။ သံသရာမှာ၊ ကုသိုလ်သာ၊ ကိုယ့်မှာ ကူညီမည်။

(သာမဏေကျော်) 
မေတ္တာဖြင့် မျှဝေပါသည်။


Saturday, December 24, 2016

သတိပေးကဗျာ

သုံးပျောက်လို့ ငါးကွာ ခြောက်ရွာနဲ့လွဲ
ပျိုတို့မောင် ရွှေရောင်လွဲတယ်
လေးရွာကဆွဲ။

သုံးပျောက်ဆိုတာက   ရတနာသုံးပါးကို

မေ့မေ့  ပျောက်ပျောက်  နေတာ။

ငါးကွာ  ဆိုတာက    ငါးပါးသီလ မပြည့်စုံတာ။

အဲဒီလို သုံပျောက်ပြီးတော့ ငါးကွာသွားရင်

ခြောက်ရွာနဲ့ လွဲဆိုတာက   နတ်ပြည်

ခြောက်ထပ်နဲ့ လွဲရင်

ပျိုတို့မောင် ရွှေရောင်လွဲတယ်ဆိုတာက

ပျိုတွေ့ မောင်တွေ့ မယ်တွေ ဖြစ်လေရာဘဝ

တိုင်းမှာ ရွှေလိုတန်ဖိုး  ရှိလှတဲ့  သာသနာတော်

ကြီးနဲ့လွဲချော်ပြီး

လေးရွာကဆွဲဆိုတာက   အထက်ဘုံဘဝတွေ

မရောက်နိုင်ရလေအောင် အပါယ်လေးပါးက

ဆွဲထားခံရမယ်။

===========
လူထဲက လူ မှ


ပိုက်ဆံကိုခေါင်းပေါ်မတင်နဲ့..

*** ပိုက်ဆံကို ခေါင်းပေါ်မတင်နဲ့  ***

ရေလှူ မယ်     သက်တော်ထင်ရှားဘုရားကို
အာရုံပြု ပြီးတော့  ရေတွေကပ်မယ်။
ဒီထက်တတ်နိုင်ရင်  ဆီမီးကပ်မယ်။ပန်းကပ်မယ်။
အာရုဏ်တက်တော့ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ လှူ နိုင်တယ်။
ဥာဏ်နဲ့ သက်တော်ထင်ရှားဘုရားထိ
အာရုံပြု ပြီးတော့  ဒါနနဲ့   စလိုက်တာပါ။
ပြီးတော့ ဘုရားရှိခိုး , သက်တော်ထင်ရှားဘုရားထိ
အာရုံပြု ပြီး  ရှိခိုး။ ဘုရားကိုခေါင်းပေါ်မှာပဲ တင်ထားလိုက်။
ဘုရားကို ရှေ့ ကပဲအမြဲထား။
ပိုက်ဆံကို ခေါင်းပေါ် မတင်နဲ့ ။ လောင်သွားလိမ့်မယ်။
ပစ္စည်းတွေ ခေါင်းပေါ်သွားသွားမတင်နဲ့ ။
လောင်သွားလိမ့်မယ်။

ယောဆရာတော် အရှင်သိရိနန္ဒာဘိဝံသ


Thursday, December 22, 2016

နေဝင်တော့မည်..

နေဝင်တော့မည်။
  ထိုကျားဆိုးသည် သောင်းကျန်း၍နေ၏။
  ဤနေရာသည် သူ့ပိုင်နက်ဖြစ်၏။
  သူ့ကို နှိမ်နင်းရန်မလွယ်ကူချေ။
  ဓား လှံဖြင့်မနိုင်။ သေနတ်လည်းမလန့်။
  စစ်တပ်ကိုမမှု။ ဩဇာအာဏာကိုမကြောက်။
  သူသည် ခြေသံလုံသည်။ အချိန်မရွေးနေရာမရွေး
  ဗြုန်းခနဲ ပေါ်လာတတ်သည်။ သားကောင်ကို
  လှည့်ပတ်၍ချောင်းနေ၏။
    ငယ်သောဟူ၍ချမ်းသာမပေး။ ကြီးသောဟူ၍
  အလေးမထား။ ဂုဏ်ကိုမငဲ့။ ကျေးဇူးကိုမသိ။
  သူတော်ကောင်းတရား ရှိ မရှိ မတွက်။ အဖြူအမဲ
  မခွဲခြား။ အခွင့်ကိုစောင့်၍သာနေ၏။ အခွင့်ရှိသော်
  နေ့ ည မရှောင်။ နေရာမရွေး။ ပုဂ္ဂိုလ် မငဲ့။ ဝင်ဆွဲတော့
  ချေပြီ။ ထိုအတင့်ရဲသော ကျားဆိုးကား သေမင်းတည်း။
    အိမ်ပေါ်ကိုဝင်ဆွဲ၏။ အလုပ်ထဲဝင်ဆွဲ၏။ လမ်းပေါ်ကို
  ဝင်ဆွဲ၏။ ဆိုင်တကာထဲ ဝင်ဆွဲ၏။ အိပ်ပျော်နေရင်း
  အဆွဲခံရပေါင်းလည်းများလှချေပြီ။ လောက ကို
  ထိုကျားဆိုးသည် ကိုင်လှုပ်၍နေ၏။ သို့သော်သတ္တဝါတို့
  သည် သတိမမူမိ။ ထိုအခါ အားကောင်းသောယောက်ျား
  လက်၌ ပါသွားအံ့သော သိုးငယ် ဆိတ်ငယ်ပမာ အဖမ်းခံရ
  သည်သာများလှလေ၏။
    တစ်ကြိမ်မက။ နှစ်ကြိမ်မက။ အကြိမ်ပေါင်းမရေနိုင်ပြီ။
  ၎င်းကိုမည်သို့နှိမ်နင်းလေမည်နည်း။ ၎င်းကိုနှိမ်နင်းနိုင်
  သောလက်နက်ကား မရှိလေပြီ။သို့သော် သောင်းကျန်း
  နိုင်စွမ်းသော အတင့်ရဲနိုင်စွမ်းသော အကြောင်းကား
  ရှိ၏။ ထိုအရာကား သူ့ကို လက်ထောက်ချနေသော
  အတွင်းသူလျှိုကားရှိလေ၏။ ထိုသူလျှိုကြောင့်ပင်
  ဖမ်းလိုသော သတ္တဝါကို ဖမ်းနိုင်လေပြီ။ ထိုသူလျှို၏
  အကူအညီ အရိပ်အမြွက်ကို မရချေသော် အဘယ်သို့
  ဖမ်းနိုင်အံ့မည်နည်း။
    ထိုအတွင်းသူလျှိုကား ဘဝသစ်ခန္ဓာတို့ကို
  အဖန်ဖန်ဖြစ်စေတတ်သည့် စွဲလမ်းတပ်မက်ရာသော
  ခန္ဓာငါးပါးတို့သာတည်း။ ရုပ် ဝေဒနာ သညာ သင်္ခါရ
  ဝိညာဏ်ဟုဆိုသော ထိုခန္ဓာငါးပါး၌ တပ်စွန်းရာသော
  တဏှာကို ပယ်သတ်ရာ၏။ သေမင်း၏အစာဖြစ်သော
  ထိုထို ခန္ဓာတို့ တစ်ဖန်မဖြစ်လေသော် သင်သည်
  ထိုကျားဆိုးလက်မှ လွတ်မြောက်ရာ၏။သင့်အဖို့
  တခြားသောနည်းလမ်းကားအဘယ်သို့ရှိအံ့မည်နည်း။
    နေဝင်တော့မည်။
    သင့်ကိုလှည့်ပတ်၍ချောင်းနေသော ထိုအရာကို
    သတိမူပါလော့။
    ၎င်း၏လက်မှ အပြီးတိုင်လွတ်မြောက်ပါစေလော့.......။

credit, ဆရာတော်ဥုးဝဏ္ဏိတ


Monday, December 19, 2016

ဒေါသ

ပျားဟာ မြွေခေါင်းကို မိမိရရ တုတ်ထားပြီးမလွှတ်ဘူး။
အဲဒီအချိန်မှာ လှည်းတစ်စီးလာနေတာမြင်တော့
မြွေက စဉ်းစားတယ်။ ဒီပျားကိုတော့ သေအောင်သတ်မယ်။
ငါ့အကြောင်းကို သိစေမယ်ဆိုပြီး လှည်းလမ်းကြောင်း
တည့်တည့်မှာ ခေါင်းကိုထားလိုက်တယ်။
လှည်းကြီးမောင်းလာတော့ ကြိတ်သွားတယ်။
ပျားဟာ စိစိညက်ညက်ကျေသွားပါတယ်။
မြွေကရော ဘာဖြစ်သွားသလဲ။
  တချို့လူတွေဟာ အဲဒီမြွေလိုပဲ..............။

                  ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
(ဆရာတော်ဥုးဝဏ္ဏိတ၏ fb စာမျက်နှာမှပြန်လည်ကူး
ယူ ဝေမျှအပ်ပါသည်)


Friday, December 9, 2016

စိတ်ဓာတ်ရင့်ကျက်သူ

စိတ်ဓာတ်ရင့်ကျက်သူ
~~~~~~~~~
ကံ ကံရဲ့အကျိုးကို
နှစ်နှစ်ကာကာ
နားလည်သိမြင်တဲ့သူ မှန်သမျှ
စိတ်ဓာတ်ရင့်ကျက်ပြီး
အသိဉာဏ် မြင့်တက်နေမှာပါပဲ

ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့
ဖြစ်ရပ်တွေ အပေါ်
ကံတရားပဲပေါ့
ဝဋ်ကြွေးပဲ ပေါ့လို့
နှလုံးသွင်းနိုင်မယ်ဆိုရင်
ဘယ်လိုအဆိုး လောကဓံမျိုးကိုမဆို
အပြုံးမပျက် ခံနိုင်ရည် ရှိသွားမှာပါ"

ဆရာတော် အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
……………………………………………………


Wednesday, November 30, 2016

တရားနာခြင်းအနုပညာ

~~~တရားနာခြင်းအနုပညာ~~~

တရားဆိုတာ လူ့ဘ၀ရဲ့အလှ၊ လူ့ဘ၀ရဲ့ ဂုဏ်သိက္ခာ၊

လူ့ဘ၀ရဲ့ အရှိန်အ၀ါ၊ လူ့ ဘ၀ရဲ့ စွမ်းအင်၊

လူ့ဘ၀ရဲ့ အတောင်ပံ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~

တရားဆိုတာ လူ့ဘ၀တစ်ခုလုံးကို လွှမ်းခြုံနေတဲ့ အရာပါ၊

သူက အမြင်ကို ကျယ်ပြန့်စေပါတယ်။ နှလုံးကို ကြီးမားစေပါတယ်။

မြင့်မြတ်မှုအတွက် စံပြုထိုက်တဲ့ ဘ၀နေနည်းတစ်ခုဖြစ်သလို

နှလုံးစိတ်ဝမ်းကို အေးချမ်းကြည်လင် ဖြူစင် သန့်ရှင်း

ပြုံးပျော်စေနိုင်တဲ့ နိဿရည်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

အရာရာမှာ ကောင်းကျိုးပေးတတ်တဲ့ ဒီတရားဟာ အားလုံးအတွက်ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~

တကယ်တော့ တရားဆိုတာ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်

(အလောင်းတော်ဘ၀ထဲက) ကရုဏာ၊ ပညာဆိုတဲ့ လက်နှစ်ဖက်နဲ့

ပါရမီ(၁၀)ပါးဆိုတဲ့ တူရွင်းကြီး (၁၀)ခုကို ကိုင်စွဲကာ

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် အသက်၊ သွေး၊ ချွေး၊

ဘ၀ပေါင်းများစွာ စတေးပြီး ခက်ခက်ခဲခဲ ရှာဖွေတူးဖော် ခဲ့ရတဲ့

အဖိုးမဖြတ်နိုင်တဲ့ ရတနာတော်တွေပါ။

~~~~~~~~~~~~~~~~~~

တရားတော်တွေဟာ အင်မတန်တန်ခိုးကြီးပါတယ်။

သူတို့နဲ့ တစ်ကြိမ်တစ်ခါလောက် တွေ့ကြုံဆုံဆည်း ဖူးပြီး

သူတော်ကောင်း တရားကို နှလုံးသားနဲ့ ငုံမိပြီဆိုတာနဲ့

အမှောင်ထုအတွင်းက ဘ၀တွေကို အလင်းရောင် ရစေပြီးတော့

အလင်းထဲက ဘ၀တွေကိုလည်း (မျက်စိလည် လမ်းမမှားရအောင်)

လမ်းမှန်ကို ညွန်ပြပေးပါတယ်။

ယုတ်ညံ့နိမ့်ကျနေတဲ့ ဘ၀တွေကို

အထက်တန်းကျမြင့် မြတ်လာစေပြီးတော့

အထက်တန်းကျ မြင့်မြတ်ပြီးသား ဘ၀တွေကိုလည်း

အရည်အသွေး ပိုမိုတောက်ပြောင် သွားစေပါတယ်။

~~~~~~~~~~~~~~~~~~

တရားတော်ကို နာကြားရခြင်း၊ ဆွေးနွေးခြင်း၊ ကျင့်သုံးရခြင်း ၊

သိမြင်ရခြင်းတွေဟာ ဘ၀ရဲ့ အမြင့်မားဆုံး မင်္ဂလာတွေပါ။

ကျက်သရေမင်္ဂလာဆိုတဲ့ ဝေါဟာရ တရား

မင်္ဂလာရဲ့ စစ်မှန်တဲ့ အမည်နာမ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~

တရားဓမ္မကို သိမြင်ခွင့်ရလိုက်တာဟာလည်း

အနိမ့်-အမြင့် သဘောထားကင်းတဲ့

“တည်ငြိမ်ခြင်း” သက်သက်ပဲ ဖြစ်ပါတယ်။

တရားဓမ္မရဲ့ သဘာဝကိုယ်က အတိုင်းအတာ၊ အချုပ်အချယ်၊

အရှုပ်အထွေး၊ အပိတ် အပင်တွေ ကင်းစင်တဲ့

အနှိုင်းမဲ့ “လွတ်မြောက်ငြိမ်းအေးခြင်း” သက်သက်ပဲဖြစ်ပါတယ်။

အနိုင်-အရှုံး၊ အနိမ့်- အမြင့်၊ အတက် အကျစတဲ့

အတားအဆီးတွေ မရှိခြင်းရဲ့ အနှစ်သာရဟာ

စိုးနှောင့်ဖွယ်ရာ အဖြာဖြာတို့မှ ကင်းဝေးစေပြီး စိတ်ကို လွတ်လပ်မှုရဲ့ အတုမဲ့ အရသာမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စေပါတယ်။

~~~~~~~~~~~~~~~~~~

အဲဒီလို လွတ်လပ်စွာ မွေ့လျော်နေမှုထဲမှပဲ
ကိုယ်သိတာ၊ တစ်ဖက်သားကို မထိခိုက် မနစ်နာ စေလိုတာ၊

အသိဉာဏ်နဲ့ယှဉ်ပြီး ခင်မင်မြတ်နိုးတတ်တာ၊

သဘောထားမှန်မှန်နဲ့ ကူညီတတ်တာစတဲ့

ကောင်းမွန်တဲ့ အရည် အသွေးတွေ

စုပေါင်းပါဝင်နေတာမို့ မြင့်မြတ်မှု တစ်ခုအနေနဲ့

တရားဓမ္မရဲ့ တန်ဖိုးကို ပိုမိုပြီး မြတ်နိုးခွင့် ရစေပါ တယ်။

~~~~~~~~~~~~~~~~~~



မြတ်နိုးတန်ဖိုးထားပြီး ခံစားတတ်မယ်ဆိုရင်

သူတော်ကောင်း တရားတွေဆိုတာ ကိုယ်အေး၊ စိတ်အေး

ဘ၀သံသရာ တစ်ခုလုံး အေးစေတတ်တဲ့ ငြိမ်းချမ်းရေး မင်္ဂလာတေးတွေပါ။

ဒါပေမယ့် မိမိတို့ရဲ့ စိတ်တံခါးကို အမြဲတမ်းဖွင့်လှစ်ထားပြီး

သူတော်ကောင်းတရားကို ၀မ်းသာအယ်လဲ ကြိုဆိုနေရာပေးနိုင်တဲ့

“ သူတော်ကောင်းနှလုံးသား”ဆိုတာ လူတိုင်းမှာ ရှိခဲပါတယ်။

~~~~~~~~~~~~~~~~~~

သူတော်ကောင်းတရား ဆိုတာကလည်း “ကံနား”ရှိရုံနဲ့ မကြားရပါဘူး။

သစ္စာတရားကို မြတ်နိုး တန်ဖိုး ထားတတ်တဲ့

“ဉာဏ်နား”ရှိမှ ကြားရတတ်၊ ကြားရနိုင်တာမျိုးပါ။

တချို့သူတွေမှာ ကံကောင်း ထောက်မစွာ ဉာဏ်နားပါပေမယ့်

ကာမဂုဏ်အာရုံတွေနဲ့ ကိလေသာစိတ်ဆိုတဲ့

နားဖာချေးတွေ ထူပြောပိတ်ဆို့ နေတာမို့

နားလေး နားပင်းနေတာမျိုးလည်း ဖြစ်တတ်ပါသည်။

တချို့သူတွေကတော့ လူ့ဘ၀ဖြစ်တည်လာကတည်းက

သူတော်ကောင်းနှလုံးသား မပါခဲ့တာမို့

သူတော်ကောင်းတရား နားကြားရလျှင်ပင်

“လူမိုက် တိရစ္ဆာန်၊ နိဗ္ဗာန် စကား၊ လွန်နားခါး၏”

ဆိုတဲ့အတိုင်း အလွန်ပဲ နားခါးကြပါတယ်။

~~~~~~~~~~~~~~~~~~

ဗုဒ္ဓမြတ်စွာကတော့ တရားနာခြင်းအနုပညာဟာ

မှန်ကြည့်တာနဲ့ ဥပမာတူကြောင်း

သားတော် ရှင်ရာဟုလာကို မိန့်ကြားတော်မူပါတယ်။

မှန်ကြည့်တဲ့ သူတွေဟာ မိမိတို့ရဲ့ မျက်နှာနဲ့

ကိုယ်ခန္ဓာမှာ မလိုအပ်တဲ့ အပြစ် အနာအဆာတွေရှိရင်

ဖြည့်စွက်မွမ်းမံချယ်သ အလှဆင်ကြဖို့ မှန်ကြည့်တာဖြစ်ပါတယ်။

အဲဒီဥပမာလိုပဲ နေ့စဉ် မိမိတို့ရဲ့ ကိုယ်အမူအရာ၊

နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို တရားတည်းဟူသော

မှန်ကလေးကို ထောင်ထောင်ကြည့်ပြီးတော့ ဆင်ခြင်ပြုပြင်ကြရမှာပါ။

~~~~~~~~~~~~~~~~~~

မိမိတို့တတွေမှာ ပြုပြင်စရာကိစ္စက ဒီတဘ၀ထဲနဲ့ မပြီးစီးနိုင်တာမို့

နိဗ္ဗာန်ပန်းဝင်မယ့်အချိန်အထိဆိုရင် သံသရာ ခရီးတစ်လျှောက်

ပြုပြင်စရာ ပမာဏက အလွန်ကြီးပါတယ်။

ပြုပြင်စရာ ပမာဏက ကြီးမားလေ တော့ မလိုအပ်တာတွေ

ဖယ်ရှားပြီး လိုအပ်တာတွေ ဖြည့်ဆည်းဖို့၊

အချိန်မီ အားထုတ်နိုင်ဖို့ဆိုရင်

“တရားမှန်” ကို မကြာခဏ ထောင်ကြည့်နိုင်မှ တော်ရုံကျမှာပါ။

ဒါကြောင့် တရားနာခြင်း အနုပညာဟာ

ပုထုဇဉ်ဘ၀မှာ အလွန်ပဲ အရေးပါလိုအပ်လှပါတယ်။

~~~~~~~~~~~~~~~~~~

တရားနာခြင်း အနုပညာဟာ အ၀ိဇ္ဇာ အမိုက်အမှောင်ကို ပယ်ဖျောက်ပြီး၊

ဝိဇ္ဇာအလင်းရောင်ကို ရစေပါတယ်။ အပါယ်တံခါးကို ပိတ်စေပြီး၊

နတ်ရွာနိဗ္ဗာန်တံခါးကို ပွင့်စေပါတယ်။

တဏှာပိုက်ကွန်ကို ဖောက်ဖျက် ပေးပြီး

မာရ်နတ်ရဲ့လက်ကလည်း လွတ်မြောက်စေပါတယ်။

သန့်စင်တဲ့ ကိုယ့်ကျင့်တရား မြေပြင်မှာ

ကောင်းမွန် မြင့်မြတ်တဲ့ စိတ်ဓာတ် ကျောက်တိုင်ကို

ခိုင်ခိုင်မတ်မတ် စိုက်ထူ ထားနိုင်တာမို့

ကံကြမ္မာရိုင်း၊ လော ကဓံလေမုန်တိုင်းတို့ရဲ့ တိုက်ခတ်တဲ့ဒဏ်ကို

မတုန်မလှုပ် တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရခံနိုင်ရည်ပြည့်ဝစေ ပါတယ်။

~~~~~~~~~~~~~~~~~~
*ဆရာတော် ( တော်ဝင်နွယ် ) ရေးသားတော်မူသော

"တရားနာခြင်းအနုပညာ" ဆောင်းပါးမှ ဓမ္မဒဿနများကို ကောက်နှုတ်မျှဝေခြင်းပါ...။

ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...။
တရားနာခြင်းအနုပညာ

Dhamma Latsaung ..