နေဝင်တော့မည်။
ထိုကျားဆိုးသည် သောင်းကျန်း၍နေ၏။
ဤနေရာသည် သူ့ပိုင်နက်ဖြစ်၏။
သူ့ကို နှိမ်နင်းရန်မလွယ်ကူချေ။
ဓား လှံဖြင့်မနိုင်။ သေနတ်လည်းမလန့်။
စစ်တပ်ကိုမမှု။ ဩဇာအာဏာကိုမကြောက်။
သူသည် ခြေသံလုံသည်။ အချိန်မရွေးနေရာမရွေး
ဗြုန်းခနဲ ပေါ်လာတတ်သည်။ သားကောင်ကို
လှည့်ပတ်၍ချောင်းနေ၏။
ငယ်သောဟူ၍ချမ်းသာမပေး။ ကြီးသောဟူ၍
အလေးမထား။ ဂုဏ်ကိုမငဲ့။ ကျေးဇူးကိုမသိ။
သူတော်ကောင်းတရား ရှိ မရှိ မတွက်။ အဖြူအမဲ
မခွဲခြား။ အခွင့်ကိုစောင့်၍သာနေ၏။ အခွင့်ရှိသော်
နေ့ ည မရှောင်။ နေရာမရွေး။ ပုဂ္ဂိုလ် မငဲ့။ ဝင်ဆွဲတော့
ချေပြီ။ ထိုအတင့်ရဲသော ကျားဆိုးကား သေမင်းတည်း။
အိမ်ပေါ်ကိုဝင်ဆွဲ၏။ အလုပ်ထဲဝင်ဆွဲ၏။ လမ်းပေါ်ကို
ဝင်ဆွဲ၏။ ဆိုင်တကာထဲ ဝင်ဆွဲ၏။ အိပ်ပျော်နေရင်း
အဆွဲခံရပေါင်းလည်းများလှချေပြီ။ လောက ကို
ထိုကျားဆိုးသည် ကိုင်လှုပ်၍နေ၏။ သို့သော်သတ္တဝါတို့
သည် သတိမမူမိ။ ထိုအခါ အားကောင်းသောယောက်ျား
လက်၌ ပါသွားအံ့သော သိုးငယ် ဆိတ်ငယ်ပမာ အဖမ်းခံရ
သည်သာများလှလေ၏။
တစ်ကြိမ်မက။ နှစ်ကြိမ်မက။ အကြိမ်ပေါင်းမရေနိုင်ပြီ။
၎င်းကိုမည်သို့နှိမ်နင်းလေမည်နည်း။ ၎င်းကိုနှိမ်နင်းနိုင်
သောလက်နက်ကား မရှိလေပြီ။သို့သော် သောင်းကျန်း
နိုင်စွမ်းသော အတင့်ရဲနိုင်စွမ်းသော အကြောင်းကား
ရှိ၏။ ထိုအရာကား သူ့ကို လက်ထောက်ချနေသော
အတွင်းသူလျှိုကားရှိလေ၏။ ထိုသူလျှိုကြောင့်ပင်
ဖမ်းလိုသော သတ္တဝါကို ဖမ်းနိုင်လေပြီ။ ထိုသူလျှို၏
အကူအညီ အရိပ်အမြွက်ကို မရချေသော် အဘယ်သို့
ဖမ်းနိုင်အံ့မည်နည်း။
ထိုအတွင်းသူလျှိုကား ဘဝသစ်ခန္ဓာတို့ကို
အဖန်ဖန်ဖြစ်စေတတ်သည့် စွဲလမ်းတပ်မက်ရာသော
ခန္ဓာငါးပါးတို့သာတည်း။ ရုပ် ဝေဒနာ သညာ သင်္ခါရ
ဝိညာဏ်ဟုဆိုသော ထိုခန္ဓာငါးပါး၌ တပ်စွန်းရာသော
တဏှာကို ပယ်သတ်ရာ၏။ သေမင်း၏အစာဖြစ်သော
ထိုထို ခန္ဓာတို့ တစ်ဖန်မဖြစ်လေသော် သင်သည်
ထိုကျားဆိုးလက်မှ လွတ်မြောက်ရာ၏။သင့်အဖို့
တခြားသောနည်းလမ်းကားအဘယ်သို့ရှိအံ့မည်နည်း။
နေဝင်တော့မည်။
သင့်ကိုလှည့်ပတ်၍ချောင်းနေသော ထိုအရာကို
သတိမူပါလော့။
၎င်း၏လက်မှ အပြီးတိုင်လွတ်မြောက်ပါစေလော့.......။
credit, ဆရာတော်ဥုးဝဏ္ဏိတ
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, December 22, 2016
နေဝင်တော့မည်..
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment