“မြတ်စွာဘုရားရှင်၏ ဓာတ်တော်များ လေ့လာချက်”
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး၍ အလောင်းတော်ကို မီးပူဇော်သောအခါ မြတ်စွာဘုရားရှင်၏ ဓာတ်တော်များ (၁၆)ပြည်(တစ်တင်း) ကျွင်းကျန်ခဲ့ပါသည်၊၊
(1)စွယ်တော်(၄)ဆူ၊
(2)ညှပ်ရိုးတော် (၂)ဆူ၊
(3)နှဖူးသင်းကျစ်တော်(နှဖူးရိုး) (၁)ဆူ၊
စုစုပေါင်း (၇)ဆူသည် မူလပကတိအတိုင်း ကျန်ရစ်ခဲ့ပါသည်၊၊ ထို့ကြောင့် ပါဠိဝေါဟာရဖြင့် “အသမ္ဘိန္ဓ ဓာတ်တော်”ဟု ခေါ်ပါသည်၊၊ “အ၀ိပ္ပကိဏ္ဏဓာတ်တော်”ဟုလည်း ခေါ်ပါသည်၊၊
ကျန်သည့်သွားတော် အံသွားတော်များအပါအ၀င် အရိုးတော်၊ အရေတော်နှင့် သွေးတော်၊ အသားတော်များသည်မူလပုံစံ ပျက်ယွင်းပြီး၊ အသွင်ပြောင်းလျှက် ကျွင်းကျန်ခဲ့ပါသည်၊၊ မူလပုံစံပျောက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ကျန်ရစ်ခဲ့သည့်ဓာတ်တော်များကို “၀ိပ္ပကိဏ္ဏဓာတ်တော်”ဟု ခေါ်ပါသည်၊၊
ဓာတ်တော်(16)ပြည်ထဲမှ (၁၄)ပြည်သည် လူ့ပြည်တွင် တည်ရှိပါသည်၊၊ ကျန်(၂)ပြည်သည် နဂါးပြည်၊ “ရာမရွာ”တွင် “ဇယသေန-နဂါးမင်း”သည်ဆောင်ယူပြီး၊ ပူဇော်ထားပါသည်၊၊
မူလပုံစံမှပြောင်းလဲပြီး ကျန်ရစ်ခဲ့သည့်ဓာတ်များသည် ပုံစံအရွယ်အစား(၃)မျိုးကွဲပြီး၊ ဓာတ်တော်များအဖြစ် ကျန်ရစ်ခဲ့ပါသည်၊၊
(1) မုန်ညှင်းစေ့ပမာဏ ဓာတ်တော်(အသေးဆုံးအရွယ်)၊
(2) ဆန်ကြိုးစေ့ပမာဏ ဓာတ်တော်(အလတ်စားအရွယ်)၊
(3) ပဲနောက်စေ့အချမ်းပမာဏ ဓာတ်တော်(အကြီးစားအရွယ်)၊ တို့ဖြစ်ကြပါသည်၊၊
မြတ်စွာဘုရားရှင်၏ ဓာတ်တော်များသည် အရောင်မတူကြပါ၊ ဓာတ်တော်များသည် အရောင်(၃)မျိုး ကွဲပြားလျှက် ကျွင်းကျန်ခဲ့ကြပါသည်၊၊ အရောင်များမှာ--
(1) ရွှေရောင် (သုဝဏ ၀ဏ)၊
(2) ပုလဲရောင် (မုတ္တသဒိသာ)၊
(3) နီသွေးသွေးအရောင်, မြတ်လေးပန်းအငုံရောင် (သုမန မကုလသဒိသာ)၊ တို့ဖြစ်ကြပါသည်၊၊
စွယ်တော်(၄)ဆူသည် ပကတိအတိုင်းကျန်ရစ်ခဲ့သည့် အထူးဓာတ်တော်များဖြစ်ပါသည်၊၊ ယနေ့တိုင် တည်ရှိဆဲဖြစ်ပါသည်၊၊ စွယ်တော်မြတ်(၂)ဆူသည် လူ့ပြည်တွင်တည်ရှိပြီး၊ ကျန်စွယ်တော်(၂)ဆူမှ (၁)ဆူသည် သိကြားမင်းမှ ဆောင်ယူပြီး “တာဝတိံသာနတ်ပြည်”၊ “စူဠာမဏိစေတီ”တွင် ဌာပနာထားပါသည်၊၊ (၁)ဆူကိုမူ “ဇယသေန-နဂါးမင်း”မှဆောင်ယူပြီး၊ နဂါးပြည်တွင် ပူဇော်ထားပါသည်၊၊
“စွယ်တော်(၄)ဆူနှင့် တည်ရာအရပ်”
(1) အထက်လက်ယာ၊ (ညာဘက်အထက်) စွယ်တော်မြတ်သည် တာဝတိံသာနတ်ပြည်တွင် တည်ရှိပါသည်၊
(2) အောက်လက်ယာ၊ (ညာဘက်အောက်) စွယ်တော်မြတ်သည် နဂါးပြည်တွင် တည်ရှိပါသည်၊၊
(3) အထက်လက်ဝဲ၊ (ဘယ်ဘက်အထက်) စွယ်တော်မြတ်သည် ဂန္ဓာရတိုင်း (တရုတ်ပြည်)တွင် တည်ရှိပါသည်၊
(4) အောက်လက်ဝဲ၊ (ဘယ်ဘက်အောက်) စွယ်တော်မြတ်သည် ကလိင်္ဂတိုင်း၊ အိန္ဒိယတောင်ပိုင်းတွင် တည်ရှိပါသည်၊၊
“ဘယ်ဘက်အထက်ပိုင်း စွယ်တော်မြတ်”
သာသနာဝင်ကျမ်းများအလိုအရ မြတ်စွာဘုရားရှင်၏ ဘယ်ဘက်အထက်ပိုင်း စွယ်တော်မြတ်သည် “ဂန္ဓာရတိုင်း”တွင် တည်ရှိပါသည်၊၊ ဂန္ဓာရတိုင်းသည် အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက်၊ “ကက်ရှမီးယားနိုင်ငံ”တွင် တည်ရှိပါသည်၊ အနောက်ပါကစ်စတန်နှင့် နယ်ခြင်းစပ်နေပါသည်၊ တူရကီနိုင်ငံနှင့်လည်း အလွန်နီးပါသည်၊၊ “ဗုဒ္ဓသာသနိကပဌ၀ီဝင်ကျမ်း”အလိုအရ “ဂန္ဓာရတိုင်း”သည် “ကက်ရှမီးယား”နှင့် တစ်စပ်တည်းတည်ရှိသည်ဟု ဆိုပါသည်၊၊ ဆိုလိုသည်မှာ ဂန္ဓာရတိုင်းသည် ကက်ရှမီယားနိုင်ငံထဲတွင်တည်ရှိသည်ဟု ဖြစ်ပါသည်၊၊
တရုတ်ပြည်သည် အိန္ဒိယနိုင်ငံ၏အရှေ့ဘက်တွင် တည်ရှိသောကြောင့် ဂန္ဓာရတိုင်းသည် တရုတ်ပြည် မဟုတ်ကြောင်း သိသာပါသည်၊၊ သို့သော် မြတ်စွာဘုရား၏စွယ်တော်တစ်ဆူသည် ဂန္ဓာရတိုင်း၊ လက်ရှိ ကက်ရှမီးယားနိုင်ငံမှ တနည်းနည်းဖြင့် တရုတ်ပြည် (စိန့်တိုင်း)သို့ ရောက်ရှိသွားဟန်ရှိပါသည်၊၊
မြတ်စွာဘုရားရှင်၏ လက်ထက်တော်က တရုတ်ပြည်ကို “စိနရဋ္ဌ=စိန့်တိုင်း”ဟုခေါ်ပါသည်၊၊ ကြွေထည်- လုပ်ငန်းဖြင့် အသက်မွေးကြသောကြောင့် “စိနရဋ္ဌ”ဟုခေါ်ခြင်းဖြစ်ပါသည်၊၊ (စိန=ရွှံ့ ၊ ကြွေ)၊၊ ဂန္ဓာရတိုင်းနှင့် စိနရဋ္ဌတို့သည်သီးခြားစီဖြစ်သောကြောင့် တရုတ်ပြည်သည် ယခင်က “စိနရဌ=စိန့်တိုင်း” မဖြစ်နိုင်ကြောင်း သုံးသပ်နိုင်ပါသည်၊၊
မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မီးပူဇော်စဉ်က ရဟန္တာမထေရ်တပါးမှ ဘယ်ဘက်အထက်ပိုင်း စွယ်တော်မြတ်ကို မီးပုံအတွင်းမှ ယူတော်မူပြီး၊ ဂန္ဓာရတိုင်း၏မင်းထံသို့ကိုးကွယ်ရန် ပေးအပ်ခဲ့ပါသည်၊၊ သမိုင်းမှတ်တမ်းတချို့တွင်မူ တရုပ်ပြည်နယ်စပ် “ရှေးဟောင်းစေတီအပျက်ကြီးတစ်ဆူ”အထဲမှ ဘာသာစကား(၃)မျိုးနှင့် ကမ္ဗည်းထိုးထားသည့် စွယ်တော်အစစ်ကို တရုပ်လူမျိုးများက ရရှိထားခြင်းဖြစ်သည်ဟု ဆိုပါသည်၊၊
“ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”
မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မီးပူဇော်စဉ် “ရဟန္တာ-အရှင်ခေမာ”မှ မီးပုံအတွင်းမှ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”ကို တန်ခိုးတော်ဖြင့်ဆောင်ယူပြီး ကလိင်္ဂတိုင်း၊ “ဗြဟ္မဒတ္တမင်း”ထံသို့ကိုးကွယ်ရန် ပေးအပ်ခဲ့ပါသည်၊၊
မြတ်စွာဘုရားရှင်၏ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”သည် မူလက “ကလိင်္ဂတိုင်း”တွင် တည်ရှိပါသည်၊၊ ကလိင်္ဂတိုင်းသည် လက်ရှိ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကမ်းရိုးတန်းဒေသ၊ “ဘုံဘေမြို့”၏ အရှေ့ဘက်တွင် တည်ရှိပါသည်၊၊
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူအပြီး၊ နှစ်ပေါင်း (၆၃၀)ခန့် ကြာသောအခါ “ကလိင်္ဂတိုင်း”ကို “ဂုဟသီဝမင်း” အုပ်ချုပ်ပါသည်၊၊ ဗုဒ္ဓဘာသာ အလွန်အားနည်းသည့် အချိန်ဖြစ်ပါသည်၊၊ ဂုဟသီဝမင်းကြီးသည် “စစ်ဖြစ်၍ ကျရှုံးခဲ့လျင် စွယ်တော်မြတ်ကို လျို့ဝှက်ယူဆောင်ပြီး၊ သီဟိုဠ်ကျွန်း သို့ထွက်ပြေးရန်” သ္မီးတော်-ဟေမမာလာအား မှာကြားထားပါသည်၊၊
“ဟေမမာလာမင်းသမီး”သည် ကြင်ယာတော်-ဒန္တမင်းသားနှင့်အတူ ခမည်းတော်မင်းကြီးမှာကြားသည့် အတိုင်း သီဟိုဠ်ကျွန်းသို့ စွယ်တော်မြတ်အား ဆံထုံးကြားတွင်ဝှက်ယူလာပြီး၊ “သီရိမေဃ၀ဏ္ဏမင်း” အားဆက်သခဲ့ပါသည်၊၊ ဤသို့သောနည်းဖြင့် မြတ်စွာဘုရားရှင်၏ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော် မြတ်”သည် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)သို့ ရောက်ရှိလာခဲ့ပြီး၊ ယနေ့တိုင် အများပြည်သူတို့ ဖူးမျှော် ကြည်ညိုနိုင်ပါသည်၊၊
“ညာဘက်ညှပ်ရိုးတော်”
ညှပ်ရိုးတော်(၂)ဆူမှ “ညာဘက်ညှပ်ရိုးတော်”သည် သီရိလင်္ကာနိုင်ငံ၊ “ထူပါရာမစေတီ”တွင် ဌာပနာထားပြီး၊ ယနေ့တိုင်စေတီတော်ကို ဖူးမျှော်ကြည်ညိုနိုင်ပါသည်၊၊ (B.C.2)ရာစုတွင် သီရိလင်္ကာနိုင်ငံသို့ မြတ်စွာဘုရားရှင်၏ သာသနာတော်စတင်ရောက်ရှိပါသည်၊၊ ပထမဆုံး သာသနာပြုမင်းဖြစ်သော “ဒေ၀ါနံပီယတိဿမင်း”သည် ထူပါရာမစေတီကို တည်ပြီးသောအခါ “အရှင်မဟိန္ဒမထေရ်”အား မြတ်စွာဘုရားရှင်၏ ဓာတ်တော်အစစ်ရလိုကြောင်း လျောက်ထားပါသည်၊၊
ရဟန္တာဖြစ်တော်မူသော “အရှင်မဟိန္ဒ”သည် တူတော်အရင်း ရဟန္တာ-ကိုရင်သုမနအား တာဝတိံသာ နတ်ပြည်၊ သိကြားမင်းထံမှ မြတ်စွာဘုရားရှင်၏ဓာတ်တော်ပင့်ဆောင်ရန် စေလွှတ်ခဲ့ပါသည်၊၊ “သုမနသာမဏေ”သည် တာဝတိံသာနတ်ပြည်၊ သိကြားမင်းထံကြွပြီး၊ ဓာတ်တော်အလှူခံသောအခါ “သိကြားမင်း”သည် “ညာဘက်ညှပ်ရိုးတော်”ကို လှူဒါန်းလိုက်ပါသည်၊၊
အဘိုး-သီရိဓမ္မာသောကမင်းကြီးထံမှ မြတ်စွာဘုရားရှင်၏ဓာတ်တော်များနှင့်အတူ “ညှပ်ရိုးတော်”ကို “ဒေ၀ါနံပီယတိဿမင်း”ထံပေးအပ်ခဲ့ပါသည်၊၊ မင်းကြီးသည် ညှပ်ရိုးတော်နှင့် အခြားသောဓာတ်တော် များကို “ထူပါရာမစေတီ”ကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်၊၊
“ဘယ်ဘက်ညှပ်ရိုးတော်”
ဓာတုဝင်ကျမ်းများအလိုအရ မြတ်စွာဘုရားရှင်၏ ကျန်သော “ဘယ်ဘက်ညှပ်ရိုးတော်”သည် “ဗြဟ္မပြည်”တွင် တည်ရှိသည်ဟု လေ့လာရပါသည်၊၊ အချို့က သီရိလင်္ကာနိုင်ငံ၊ “မဟိယင်္ဂဏစေတီ”တွင် “ဘယ်ဘက်ညှပ်ရိုးတော်” တည်ရှိသည်ဟု ဆိုကြပါသည်၊ မမှန်ပါ၊၊ မဟိယင်္ဂဏစေတီတွင် မြတ်စွာဘုရားရှင်၏ “လည်ရိုးတော်”ကို ဌာပနာထားကြောင်း “မဟာဝံသကျမ်း”တွင် “ဂီဝဋ္ဌိံ”ဟု အတိအကျဖော်ပြထားသည်ကို တွေ့ရပါသည်၊၊ ဂီဝါ-ပုဒ်သည် “လည်ပင်း”ဟု ဟုအဓိပ္ပါယ်ရပါသည်၊၊ “ဂီဝဋ္ဌိံ”ဟု “မဟာဝံသကျမ်း”တွင် ဖော်ပြထားသောကြောင့် “လည်ပင်းရိုး”ကို ဌာပနာထားကြောင်း သိရပါသည်၊၊
မြတ်စွာဘုရားရှင်သည် သီရိလင်္ကာသို့ သက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်တိုင် ကြွတော်မူခဲ့ပါသည်၊ အနာဂတ်အချိန်ကာလတွင် သာသနာတော်စည်ပင် ပြန့်ပွားမည့်ဒေသဖြစ်ကြောင်း သိမြင်တော်မူသောကြောင့် စစ်တိုက်နေသော ဘီလူးများ၏အလယ် ကောင်းကင်ထက်တွင် ရပ်တော်မူလျှက် ဘီလူးများအား စစ်ပြေငြိမ်းစေတော်မူပြီး၊ တရားတော်များ ဟောကြားတော်မူခဲ့ပါသည်၊၊
မြတ်စွာဘုရားရှင် တရားဟော်တော်မူသည့် ပလ္လင်တော်နှင့်၊ ဆံတော်များကို ဌာပနာပြီး၊ “မဟာသုမန-နတ်မင်း”မှ မဟိယင်္ဂဏစေတီကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်၊၊
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံအပြီး အလောင်းတော်ကို တေဇောဓာတ်လောင်ကျွမ်းစဉ် “ရဟန္တာ-သရဘူမထေရ်”မှ မြတ်စွာဘုရားရှင်၏ “လည်ရိုးတော်”ကို မီးပုံအတွင်းမှတန်ခိုးတော်ဖြင့် ဆောင်ယူလာပြီး၊ “မဟိယင်္ဂဏစေတီ”အထဲတွင် ထပ်မံထည့်သွင်းဌာပနာထားခြင်း ဖြစ်ပါသည်၊၊
“နှဖူးသင်းကျစ်တော်”
“နလာဋဓာတုဝံသကျမ်း”အလိုအရ မြတ်စွာဘုရားရှင်၏ “နှဖူးသင်းကျစ်တော်”ကို သီရိလင်္ကာနိုင်ငံ တောင်ပိုင်း၊ ရောဟနဒေသတွင်ရှိသော “တိဿမဟာရာမစေတီတော်”တွင် ဌာပနာထားသည်ဟု လေ့လာရပါသည်၊၊
မြတ်စွာဘုရားရှင်၏ ဓာတ်တော်များအားလုံးကို သီရိဓမ္မာသောကမင်းကြီးသည် မူလဓာတ်ပေါင်းချုပ် စေတီတော်ကြီးထဲမှ ထုပ်ဆောင်ပြီး၊ အိန္ဒိယတွင် စေတီတော်ပေါင်း(၈၄၀၀၀)နှင့်၊ သီရိလင်္ကာနိုင်ငံမှ မြောက်များစွာသော စေတီတော်များအထဲတွင်ဌာပနာခဲ့ကြောင်း သိရပါသည်၊၊
သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွလာသည့် “အရှင်မဟိန္ဒ၊ သင်္ဃမိတ္တာထေရီ”တို့သည် သီရိဓမ္မာသောကမင်းကြီး၏ သားတော်နှင့် သ္မီးတော်အရင်းဖြစ်ပါသည်၊၊ မင်းကြီးသည် သားတော်နှင့် သ္မီးတော်တို့မှတဆင့် သီရိလင်္ကာနိုင်ငံတွင် ဓာတ်တော်များကို နေရာအနှံ့စေတီတော်ကြီးများအထဲတွင် လှူဒါန်းဌာပနာခြင်း ဖြစ်ပါသည်၊၊
သီရိလင်္ကာနိုင်ငံသည် သာသနာတော်စတင်ရောက်သည့်အချိန်မှစတင်ပြီး၊ ယနေ့တိုင် သာသနာအဆက်မပျတ်ခဲ့သောကြောင့် သမိုင်းကျမ်းများအတိအကျကျန်ရှိပြီး၊ စေတီတော်ကြီးများမှာလည်း ဌာပနာထားသည့်ဓာတ်တော်အမည်များနှင့်အတူ အခိုင်အမာသိရခြင်း ဖြစ်ပါသည်၊၊
မြန်မာနိုင်ငံတွင် စွယ်တော်စေတီများ တည်ထားကိုးကွယ်ကြပါသည်၊ ထိုစေတီတော်များတွင် ဌာပနာသည့် စွယ်တော်များမှာ “သီရိလင်္ကာနိုင်ငံ-စွယ်တော်”နှင့် “တရုပ်ပြည်-စွယ်တော်”တို့မှ ပွားယူပြီး၊ တည်ထားကိုးကွယ်ကြခြင်း ဖြစ်ပါသည်၊ “စွယ်တော်ပွား”ဟု ခေါ်ကြပါသည်၊၊
အနှစ်ချုပ်သုံးသပ်လျင် မြတ်စွာဘုရားရှင်၏ မပျက်မစီးဘဲ မူလအတိုင်းတည်ရှိသည့် ဓာတ်တော်(၇)မျိုး မှ “စွယ်တော်တစ်ဆူ၊ညှပ်ရိုးတော်တစ်ဆူ၊ နှဖူးသင်းကျစ်တော်တစ်ဆူ”တို့သည် သီရိလင်္ကာနိုင်ငံတွင် ကိန်းဝပ်စံတော်မူလျက်ရှိပါသည်၊၊ အခြားသော ဓာတ်တော် မြောက်များစွာတို့သည်လည်း သီရိလင်္ကာ နိုင်ငံတွင် ကိန်းဝပ်စံပယ်တော်မူလျှက်ရှိကြောင်း သမိုင်းကျမ်းအထောက်အထား အခိုင်အမာဖြင့် သိရ ပါသည်၊၊
ပါဠိမှတ်တမ်းတင် သမိုင်းကျမ်း အထောက်အထားအတိအကျဖြင့် တန်ခိုးကြီး စေတီတော်ကြီးများကို ဖော်ပြလိုက်ပါသည်---
(1) စွယ်တော် (ကန္ဒီမြို့)၊
(2) ညှပ်ရိုးတော်-ထူပါရာမစေတီ (အနုရာဓပူရမြို့)၊
(3) မဟာဗောဓိပင် (အနုရာဓပူရမြို့)၊
(4) နှဖူးသင်းကျစ်တော်-တိဿမဟာရာမစေတီ (ကိုလံဘိုတောင်ပိုင်း၊ ရောဟနဒေသ)၊
(5) လည်ရိုးတော်-မဟိယင်္ဂဏစေတီ (မဟိယင်္ဂဏမြို့)၊
(6) လင်းလွန်းပင်စေတီ-ရာဇာရတနစေတီ (နာဂဒီပ၊ ဂျဖ္ဖနာမြို့)၊
(7) ကလျာဏီစေတီ (ကိုလံဘိုမြို့)၊
(8) ခြေတော်ရာတောင် (စရီပါဒ)၊၊
ဖော်ပြခဲ့သည့် အထင်ကရ ဓာတ်တော်များ တည်ရှိရာနေရာ(၈)ခုသို့ ဗုဒ္ဓဘာသာဝင် သူတော်စဉ်များ လာရောက် ဖူးမျှော်ကြည်ညိုသင့်လှပါသည်၊၊ အခြားသောထူးခြားသည့် ဆင်းတုတော်ကြီးများ၊ သမိုင်းဝင်နေရာများ၊ ဧရာမကြီးများသည့် စေတီတော်ကြီးများလည်း အလွန်များပြားစွာ တည်ရှိပါသည်၊၊ (၉)ရက်ခန့် အချိန်ယူဖူးမျှော်လျင် ဖော်ပြပြီးနေရာအားလုံးနီးပါး ပြည့်စုံနိုင်ပါသည်၊၊
(သီရိလင်္ကာနိုင်ငံ ဘုရားဖူးသူတော်စဉ်များနှင့် အများပြည်သူများအတွက် ယ္ခုစာတမ်းငယ်ကို ရေးသား တင်ပြခြင်း ဖြစ်ပါသည်၊၊ အမှားတွေ့ရှိလျင် အပြစ်မတင်ဘဲ အကြံပြုဆွေးနွေးကြဖို့ မေတ္တာရပ်ခံအပ် ပါသည်၊၊)
မြန်မာနိုင်ငံအပါအ၀င် အခြားသောနိုင်ငံပေါင်းများစွာမှ ဘုရားဖူးများဖြင့် ရာသီမပျတ်စည်ကားနေသည့် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကျွန်းငယ်လေးတစ်ခုဖြစ်သော လင်္ကာဒီပကျွန်း၊ သီဟိုဠ်ကျွန်း၊ တမ္ဗပဏ္ဏိ ကျွန်းဟု အမည်အမျိုးမျိုးခေါ်သော သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် သူတော်စဉ်များအတွက် အထူးလာရောက်သင့်သည့် နေရာတစ်ခုဖြစ်ကြောင်း အသိပေးလျှက် စာတမ်းကိုအဆုံးသတ် လိုက်ရပါသည်၊၊ ကျန်းမာ ချမ်းသာကြပါစေ..၊၊ ၊၊
[ကျမ်းကိုး/ ပါရာဇိကဏ္ဍအဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ်၊ ဒီဃနိကာယ်၊ ဗုဒ္ဓ၀ံသပါဠိ၊ မဟာဝံသ၊ ထူပ၀ံသ၊ ဒီပ၀ံသ၊ နလာဋဓာတုဝံသ၊ ဓာတုဝံသ၊ ဒါဌာဝံသ၊ သမန္တစက္ခုဒီပနီကျမ်း-ပံ-၂၉၆၊ ဗုဒ္ဓသာသနိကပဌ၀ီဝင်ကျမ်း]
အရှင်ကေ၀လ(အလင်းစက်)
Blog မှ ကူးယူဖော်ပြပါသည် ။
No comments:
Post a Comment