“ မျက်စိသုံးမျိုး ”
လူတို့သည် လောကကို ကြည့်ရာတွင် အမြင်သုံးမျိုးနှင့် ကြည့်တတ်ကြ၏။
အမြင်သုံးမျိုးဖြင့် ကြည့်တတ်ကြခြင်းမှာလည်း မျက်စိသုံးမျိုးရှိသောကြောင့်
ဖြစ်၏။ မျက်စိသုံးမျိုးဖြင့် ကြည့်လျှင် အမြင်သုံးမျိုးဖြင့် လောကကို မြင်မည်မှာ
သေချာ၏။
လောကကို ကြည့်ရာတွင် ပထမမျက်စိကို “ ပပဉ္စမျက်စိ ” ဟူ၍ ဆိုရ၏။
ပပဉ္စမျက်စိဟူသည်မှာ - တဏှာမျက်စိ၊ မာနမျက်စိ၊ ဒိဋ္ဌိမျက်စိ ဖြစ်၏။
ထို့ကြောင့် လောကကို ပပဉ္စမျက်စိဖြင့် ကြည့်သောအခါ တဏှာအမြင်၊
မာနအမြင်၊ ဒိဋ္ဌိအမြင်ဖြင့်သာ မြင်၏။
ပုဂ္ဂိုလ်နှင့် ပတ်သက်လျှင်မိမိ၏ ရှေ့တည့်တည့်၌ လူသားစစ်စစ်ကို
တွေ့နေပါလျက် စစ်စစ်ကို မမြင်ဘဲ ယင်း၏ ဘွဲ့တံဆိပ်များကိုသာ
မြင်လေ၏။ ဤသူကား ဝန်ကြီး၊ ဤသူကား ရုံးလုင်၊ ဤသူကား သူဋ္ဌေး၊
ဤသူကား ဆင်းရဲသား စသော အမြင်များဖြင့် မြင်ကြ၏။
ဤသို့ မြင်သောအခါ မျက်နှာချိုသွေးလိုသောစိတ်၊ မောက်မာလိုသောစိတ်၊
တပည့်ခံလိုသော စိတ်တို့သည် ဖြစ်ပေါ်လာတတ်ကြ၏။ ဤစိတ်များမှာ
တဏှာ၊ မာန၊ ဒိဋ္ဌိတို့အပေါ် အခြေခံသောစိတ်များ ဖြစ်ကြ၏။
နိုင်ငံနှင့် ပတ်သက်လျှင်လည်း ပပဉ္စမျက်စိဖြင့်ကြည့်ပါက
ကြောက်ရမည့်နိုင်ငံ၊ နိုင်ရမည့်နိုင်ငံ၊ ဆရာတင်ရမည့်နိုင်ငံ၊ တပည့်အဖြစ်
မွေးရမည့်နိုင်ငံ၊ ရန်သူအဖြစ် ဆန့်ကျင်ရမည့်နိုင်ငံ စသောအမြင်များဖြင့်
မြင်ကြ၏။
ဘာသာနှင့် ပတ်သက်ရာ၌လည်းကောင်း၊ သာသနာနှင့်
ပတ်သက်ရာ၌လည်းကောင်း ပပဉ္စမျက်စိဖြင့်ကြည့်ပါက ထိုနည်းတူစွာ
မြင်ရမည်ပင်ဖြစ်၏။ ဤသည်မှာ အများက ကပ်ထားသော အမှတ်တံဆိပ်
ကိုသာ ကြည့်တတ်သော အမြင်ဖြစ်၏။
အမှတ်တံဆိပ်ဟူသည်မှာ ကွာကျတတ်သောသဘောရှိသည်ကို သူတို့
အလေးမထား။ ထို့ကြောင့် ဤအမြင်မျိုးဖြင့် လောကကို မကြည့်မိအောင်
မြတ်စွာဘုရားက သွန်သင်ဟောတော်မူ၏။
ဒုတိယမျက်စိကို “ ဗြဟ္မစိုရ် မျက်စိ ” - ဟုဆိုရ၏။ ဗြဟ္မစိုရ်မျက်စိဖြင့်
လောကကို ကြည့်သောအခါ ပုဂ္ဂိုလ်နှင့် ပတ်သက်လျှင် ချစ်စရာ၊ ကြင်နာ
စရာ၊ ဝမ်းသာစရာ၊ ခွင့်လွှတ်စရာများကိုသာ မြင်တတ်၏။
အသောကမင်းကြီးသည်လည်း ပိယဒဿိ အမည်ရလောက်အောင်ပင်
လောကကို ကြည့်သောအခါ ဗြဟ္မစိုရ်မျက်စိဖြင့်သာ ကြည့်ခဲ့၏။
ထို့ကြောင့် ကမ္ဘာက အသောကမင်းကြီးကို ပိယဒဿိ ဟူ၍ ဘွဲ့အမည်
သခဲ့ခြင်း ဖြစ်၏။
ပိယဒဿိ၏ အနက်မှာ ချစ်စရာကောင်းသော အချက်အလက်များ၊ ချစ်ကွက်
များကိုသာ မြင်အောင်ကြည့်တတ်သူဟူ၍ ဖြစ်၏။ ချစ်စရာအကွက်များကို
မြင်တတ်မှတော့ ကြင်နာစရာအကွက်များ၊ ဝမ်းသာစရာအကွက်များ၊
ခွင့်လွှတ်စရာအကွက်များကိုလည်း မြင်တော့မည်မှာ သေချာ၏။
ဗြဟ္မာစိုရ်မျက်စိဖြင့် ကြည့်မည်ဆိုပါက အသား၊ အရောင်အဆင်း၊ အမှတ်
တံဆိပ်များကို ကျော်လွန်ပြီး မူရင်းဇာစ်မြစ်ကို မြင်အောင် ကြည့်ရမည်ဖြစ်၏။
ဗြဟ္မာစိုရ်ကို အပ္ဗမညာ ဟူ၍လည်း ခေါ်၏။
အပ္ဗမညာ၏ အနက်မှာ အကန့်အသတ် ပမာဏ မခွဲခြားဘဲ
သတ္တဝါများ၌ အားလုံး တစ်သားတည်းဖြစ်သော တရားဟူ၍ ဖြစ်၏။
ဘုရင့်သားမှ ချစ်သည်၊ သူတောင်းစားသားကို မချစ် - ဟူ၍ မခွဲခြားဘဲ
ထပ်တူချစ်သည့် သဘောမျိုးကို ဆို၏။
ထိုနိယာမအရ အားလုံး လူချည်း ဖြစ်၏။ လူစာရင်း၌ အားလုံးပါဝင်၏။
အားလုံးပင် “ မနုဿတ္တဘာဝေါ ဒုလ္လဘော ” အရ ရခဲသော လူ့ဘဝကို
ရကြသူချည်း ဖြစ်၏။ အမှန်အားဖြင့် အမည်နာမ တံဆိပ်ဟူသည် -
“ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ
မင်းချမ်းသာကား၊ သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ၊ ရေပွက်ပမာ
တစ်သက်လျာတည်း ”
ဟူသော အနန္တ သူရိယအမတ်ကြီး၏ အဆိုအတိုင်း ယနေ့ဝန်ကြီးသည်
မနက်ဖြန် အရပ်သား ဖြစ်နိုင်၏။ ယနေ့သူဋ္ဌေးသည် မနက်ဖြန် ဆင်းရဲသား
ဖြစ်နိုင်၏။ဘာမျှ ခိုင်မာတည်မြဲသော အရာဝတ္ထုများ မဟုတ်ကြ။
ထို့ကြောင့် ဗြဟ္မစိုရ်မျက်စိဖြင့် လူများကို ဖြစ်စေ၊ ဘာသာကို ဖြစ်စေ၊
သာသနာကို ဖြစ်စေ ကြည့်မည်ဆိုပါလျှင် အားလုံး လူသားတည်းဟူသော
မူရင်းဇာစ်မြစ်ကို မြင်အောင်ကြည့်နိုင်မှ ဖြစ်မည်။
မူရင်းဇာစ်မြစ်ကို မြင်အောင်မကြည့်ဘဲ တရုတ်၊ မြန်မာ၊ ကုလား ဟု လူမျိုး
အလိုက် ခွဲခြား၍ ကြည့်လျှင်ဖြစ်စေ၊ သူဋ္ဌေး၊ ဆင်းရဲသားဟု ဥစ္စာဓနအလိုက်
ခွဲခြား၍ ကြည့်လျှင်ဖြစ်စေ၊ ချစ်ကွက်ကို မြင်ဖို့ခက်၏။
ဝမ်းသာကွက်ကို မြင်ဖို့ခက်၏။ ခွင့်လွှတ်ကွက်ကို မြင်ဖို့ခက်၏။
တဏှာကွက်၊ မာနကွက်၊ ဒိဋ္ဌိကွက်များကိုသာ မြင်ဖို့ များပါ၏။ ထို့ကြောင့်
ဗြဟ္မစိုရ်မျက်စိဖြင့် လောကကို ကြည့်ရန် မြတ်စွာဘုရားက
သွန်သင်တော်မူပါ၏။
တတိယမျက်စိမှာ - လောကကို ကျေးဇူးတင်တတ်သော မျက်စိဖြစ်၏။
ယင်းကို ကတညုတ မျက်စိ ဟူ၍ ဆိုနိုင်၏။ လူကို လူအဖြစ်သာမြင်အောင်
ကြည့်နိုင်လျှင် မိမိနှင့် ထပ်တူ အားလုံး ချစ်စရာ၊ ကြင်နာစရာ၊ ဝမ်းသာစရာ၊
ခွင့်လွှတ်စရာချည်းကိုသာ မြင်နိုင်မည် ဖြစ်၏။
မိမိလည်း လူဖြစ်၏။ မိမိကိုယ်ကို မိမိချစ်နိုင်၊ ကြင်နာနိုင်၊ ဝမ်းသာနိုင်၊
ခွင့်လွှတ်နိုင်ပါလျှင် မိမိနှင့် မူရင်းဇစ်မြစ်အားဖြင့် တစ်ခုတည်းဖြစ်သော
အခြားလူများကို ဘာ့ကြောင့် မချစ်နိုင်၊ မကြင်နာနိုင်၊ ဝမ်းမသာနိုင်၊
ခွင့်မလွှတ်နိုင် ဖြစ်ရမည်နည်း။
ထို့ကြောင့် ဗြဟ္မစိုရ်မျက်စိဖြင့် လောကကို ကြည့်သောအခါ မူရင်းဇာစ်မြစ်ကို
သာ မြင်အောင်ကြည့်ပါက အားလုံး ချစ်စရာ၊ ကြင်နာစရာ၊ ဝမ်းသာစရာ၊
ခွင်လွှတ်စရာကိုချည်း မြင်ရသည်ဟူ၍ ဆိုခြင်းဖြစ်၏။
အားလုံး ချစ်စရာ၊ ကြင်နာစရာ၊ ဝမ်းသာစရာ၊ ခွင့်လွှတ်စရာများထဲမှ ကျေးဇူး
တင်စရာကို မြင်အောင် ကြည့်တတ်ဖို့လိုသေး၏။ ကျေးဇူးတင်စရာကို
ကတညုတမျက်စိဖြင့် ကြည့်မှ မြင်၏။ လောကအပေါ် ကျေးဇူးတင်တတ်လျှင်
ထိုကျေးဇူးကို တစ်နည်းနည်းဖြင့် လောကအား ပြန်ဆပ်မည် ဖြစ်၏။
အခြားတစ်စုံတစ်ရာ မျှော်လင့်ခြင်း မရှိဘဲ ကျေးဇူးရှင် ကျေနပ်ခြင်းကိုသာ
မျှော်လင့်ခြင်းသည် ကျေးဇူးဆပ်ခြင်း၏ အနက်ဖြစ်ပါ၏။
လောကတွင် ဤ အမြင်မျိုးဖြင့် ဆောင်ရွက်ခြင်းသည် အမြတ်ဆုံး
ဖြစ်ကြောင်း မြတ်စွာဘုရားက ဟောကြားတော်မူ၏။
ဤအမြင်မျိုးဖြင့်သာ ကျွန်ုပ်တို့သည် ကျွနု်ပ်တို့၏ အမျိုး ဘာသာ
သာသနာကို တိုးတက်သည်ထက် တိုးတက်အောင်၊ သန့်ရှင်းသည်ထက်
သန့်ရှင်းအောင်၊ ပြန့်ပွားသည်ထက် ပြန့်ပွားအောင် အားထုတ်အပ်ပါ၏။
အမှန်အားဖြင့် အရေအတွက်ထက် အရည်အချင်းသည် ပြဋ္ဌာန်း၏။
အရေအတွက်သည် အားသစ်ကို မဖြစ်ပေါ်စေနိုင်ဘဲ အရည်အချင်းသည်သာ
အားသစ်ကို ဖြစ်ပေါ်စေနိုင်၏။
#သစ္စာရှင် (မြတ်ဗုဒ္ဓ၏သာသနာpage )
No comments:
Post a Comment