ဤကိုယ်ခန္ဓာ
မရဏာနုဿတိဘာဝနာ ပွားကြပါစို့။
သူက-ငါက ဤကာယကို
လှတယ်-ယဉ်တယ် ချစ်စဖွယ်ဟု
ဘယ်သို့ ဘယ်ဝါ ဖွဲ့နွှဲ့ပါလည်း
ဤကာယအိုး အတွင်းဆိုးကို
တစ်မျိုးပြီးလျှင် တစ်မျိုးဆင်လျှက်
နေ့စဉ်ခဏ ရွံဖွယ်ပြခဲ့။
အာဟာရဟင်း ထမင်းတစ်သွယ်
ဖွယ်ဖွယ်ရာရာ ပြင်ကာမျိုကြ ဝမ်းထဲကျသော်
သလိပ်ကနှော တံထွေးရောလျက်
အဟောသိစစ် မစင်ဖြစ်၍
ညစ်ညမ်းယုတ်စွာ အပုပ်သာလျှင်
ထုတ်ကာထွက်ကျ နေ့စဉ်ပြ၏။
ဒွါရကိုးပါး ကိုယ်တံခါးမှ
အားထားဖွယ်ရာ ဘာတစ်ခုမျှ ရှာမရဘဲ
ခဏခဏ စီးကျထုတ်လာ
အပုပ်သာတည်း။
သာယာဖွယ်များ ရှိလိမ့်လားဟု
အားထားရေးယူ ရှာလေမူလည်း
အူလိပ်ခွေခွေ သလိပ်တွေနှင့်
သည်းခြေ-အသည်း သလိပ်ခဲပြင်
အတွဲနှစ်လုံး အသုံးမကျ အသုဘသာ
တွေ့ရပါ၏။
ဝါဝါရွှေရွှေ အရေပြားဖြင့်
ရွှေသားလိုလို အထင်ပိုလည်း
ဤကိုယ်ကာယ ရပ်ဌာနမှ ထလာပေါက်လာ
အနာလီလီ ပြည်တစ်စိုစို
သွေးတွေယိုလျှက် ပုပ်သာထွက်ခဲ့။
ရက်ဆက်နေ့စဉ် ပြင်ဆင်၍သာ မသိသာခဲ့
ဗလာပစ်ထား မလေးစားသော်
နံကာဟောင်ကာ ညှီပုပ်လာ၍
ဆင်းမှာဆုတ်ယုတ် ပုပ်သဘာဝ ရုပ်ကာယက
ပြသဟုတ်စွာ သရုပ်ပါလိမ့်
အနာကညှင်း ဇရာပင်းလျက် အဆင်းညှိုးချေ
အရေတွန့်လျှက် အားတွေပျက်၍
မသက်မသာ ပျက်ခန္ဓာတည်း။
တဏှာမာန သဘာဝဖြင့်
ငါ့ကိုယ် ငါ့ကိုယ် တစ်ဆိုဆိုလျှင်
ကိုယ်ကိုယုယ ပြုစုကြလည်း
ကမ္မဇရုပ် စိတ်ကချုပ်လျှက်
သေမင်းလက်တွင် အသက်ငင်သော်
မြေတွင်မြှုပ်ကြ စွန့်ပစ်ကြသည့်
ဓမ္မတံထွာ ဆင်ခြင်ပါသော်
ဘယ်မှာ ငါ့ကိုယ်ရှိပါလိမ့်။ ။
မရဏာနုဿတိဘာဝနာ ပွားကြပါစို့။
မရဏံ မေ ဘဝိဿတိ
ဇီဝိတံ မေ နိရုဇ္ဈိဿတိ၊
နိယတံ မရဏံ မေ' တိ
ဘာဝေမိ မရဏဿတိံ။
မေ - ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာကို
သည်ကာပိုးထုပ် အကျွန်ုပ်၏။
မရဏံ - စုတိပျက်ကြွေ
အခြေပယွင်း သေရခြင်းသည်။
ဘဝိဿတိ - ဘယ်ရွေ့နေရ ဘယ်နေ့သေရ
ဘယ်မျှမသိ သေရမည့်အရေး
ပြေးမလွတ်သာ ဖြစ်လိမ့်မည်
ဧကန်သာတည်း။
မေ - တစ်ဘဝသာ ခဏတာမျှ
နေရမည်ဖြစ်သော အကျွန်ုပ်၏။
ဇီဝိတံ - ရုပ်နာမ်နှစ်ချက် ဇီဝသက်သည်။
နိရုဇ္ဈိဿတိ - တစ်နေ့ကျတော့ ချုပ်ရမည်ဧကန်
အမှန်ပင် ဖြစ်ပါတော့သတည်း။
သပြေကန်ဆရာတော်ဘုရားကြီး ရေးသားသော
မရဏာနုဿတိကထာ မှ ကောက်နှုတ်ချက်။
ဦးဓမ္မသာရ(ဆေးသဲ့တောင်)ပူဇော်ပါသည်။
No comments:
Post a Comment