စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, February 15, 2020

ဝိပဿနာဉာဏ်မျက်လုံး နေ့စဉ်သုံး

"ဝိပဿနာဉာဏ်မျက်လုံး နေ့စဉ်သုံး"
 ♥♥♥♥♥♥♥♥♥♥♥

"တဏှာနယ်ချဲ့ "

ခန္ဓာဝန် မကောင်းမှန်း တစ်ခါ တစ်ခါမှ သိရတယ်၊ အများက ဒီခန္ဓာဝန်ကို ကောင်းတယ်လို့ ထင်နေကြတယ်၊ အမှန်က ငရဲ တိရစ္ဆာန် ပြိတ္တာ တွေရဲ့ ခန္ဓာဝန်လဲ မကောင်းဘူး၊ လူ့ခန္ဓာ နတ်ခန္ဓာတွေလဲ မကောင်းဘူး၊ တစ်ခါတလေ မကောင်းမှန်းသိလျက်နဲ့ မလိုချင်ဘူးလား၊ လိုချင်တယ်၊ လိုချင်တာက ဘယ်သူလဲ၊ တဏှာပဲ၊ တဏှာက နယ်ချဲ့နေတာ၊ သံသရာနယ်ချဲ့တော့လဲ ဒီတဏှာပဲ၊ ဒီလောကကြီးတွေဟာ တဏှာကြောင့် ဒုက္ခရောက်ကြရတာပဲ၊ တဏှာကုန်ခမ်းတဲ့ ရဟန္တာအရှင်မြတ်ကြီးတွေ ဒုက္ခ ရှိပါဦးမလား၊ မရှိဘူး။

"ရဟန္တာများနှင့် ဆီမီးငြိမ်းဥပမာ"

တို့ ရဟန္တာအရှင်မြတ်ကြီးတွေ ကိလေသာအာသဝေါ ကုန်ခမ်းသွားတော့ တဏှာရှိပါဦးမလား၊ မရှိဘူး၊ ဥပမာပြောရမယ်ဆိုရင် ရေနံဆီရယ်, မီးစာရယ်, မီးတောက်ရယ်၊ ရေနံဆီက မီးတောက်ဖို့ရာ ကျေးဇူးပြုတယ်၊ မီးစာကတော့ အလောင်ခံပဲ၊ ရေနံဆီ ရှိပေမယ့် မီးစာ လောင်စာ မရှိရင် မတောက်နိုင်ဘူး၊ မီးစာ ရှိနေပေမယ့် ရေနံဆီ မရှိရင် မီးမတောက်နိုင်ဘူး၊ တစ်ခုနဲ့ တစ်ခု အညမညသဘောနဲ့ ကျေးဇူးပြုနေတယ်၊

ဒီ ဥပမာအတိုင်းပဲ တို့ သတ္တဝါတွေမှာလဲ ရေနံဆီနဲ့တူတဲ့ စိတ်က လေးဟာ သူ့ချည်းနေရင် အကောင်းသားပဲ၊ ဒါပေမယ့် တဏှာ မီးရှို့သမားက မီးစာနဲ့တူတဲ့ ရူပါရုံကလေးတွေနဲ့ ရှို့ပေးလိုက်, သဒ္ဒါရုံကလေးတွေနဲ့ ရှို့ပေးလိုက်တော့မှ မျက်စိမှာလဲ မီးတွေ တောက်, နားမှာလဲ မီးတွေတောက် ဖြစ်ကုန်ကြရတယ်၊ လောကမှာ လောင်နေတဲ့ မီးကို ရေနဲ့ ငြှိမ်းမှ ငြိမ်းရသလို သတ္တဝါတွေရဲ့ သန္တာန်အစဉ်မှာ လောင်နေတဲ့ လောဘ, ဒေါသ မီးတွေကိုလဲ ဝိပဿနာဘာဝနာမဂ်ဉာဏ်ရေစင်နဲ့ ငြှိမ်းမှ ငြိမ်း ပါ့မယ်၊

"အတွင်းရှို့မီး အပြင်ရှို့မီး"

ရဟန္တာအရှင်မြတ်ကြီးတွေမှာ ဒီမီးတောက်တွေ ငြိမ်းကုန်ပါပြီ။ တို့ လောကမှာ ပြောနေကြတဲ့ စကားတစ်ခုရှိတယ်၊ အိမ်တစ်အိမ်ကို ဖြစ်ဖြစ်, မြို့ကို ဖြစ်ဖြစ်, ရပ်ကွက်တစ်ခုကို ဖြစ်ဖြစ်, ရွာကို ဖြစ်ဖြစ် မီးလောင်ပြီဆိုရင် “အဲဒီမီးဟာ အပြင်က ရှို့မီးပါကွာ, အတွင်းက ရှို့မီးပါကွာ”နဲ့ မပြောကြဘူးလား၊ ပြောတယ်၊ လူတွေက လောက မီးရှို့ခံရတာကို ပြောနေကြတာ၊ ကိုယ့် ကိုယ်ကို မီးရှို့ခံရတာကျတော့ မသိကြဘူး၊

တို့လူတွေ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင်၊ တစ်အိမ်နဲ့ တစ်အိမ် မတည့်အောင်, တစ်ရွာနဲ့ တစ်ရွာ, တစ်မြို့နဲ့ တစ်မြို့ မတည့်အောင်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတည့်အောင်တွေဟာ မီးရှို့ခံနေကြရတာတွေပဲ၊ တစ်ကျောင်းတည်း အတူနေရင်း မတည့်ကြတာတွေဟာလဲ အပြင်ကလဲ ရှို့ပေး, အတွင်းကလဲ ရှို့ပေးနေလို့ပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် မနာလို ဝန်တိုတဲ့ ဣဿာ မစ္ဆရိယတွေ ဖြစ်ရတာဟာ အတွင်းမီးရှို့လို့ အလောင် ခံနေကြရတာပဲ။

"မီးလောင် မခံကြနဲ့"

ဒီမီးတွေကို အလောင်မခံမှ ကောင်းမယ်၊ ဒီမီးတွေ အလောင်ခံနေရလို့ သတ္တဝါတွေဟာ ဒုက္ခရောက်နေကြရတယ်၊ သားသေလို့ ငိုရ, မယား သေလို့ ငိုရ, လင်သေလို့ ငိုရနဲ့ တောက်လောင်လိုက်တဲ့ သောက ပရိဒေဝမီးတွေကလဲ သံသရာ အဆက်ဆက်ကပဲ ဒီတရားတွေကို ကိုယ့်နီးစပ်ရာ ဆွေမျိုး သားချင်းတွေကို ဟောကြ၊ မီးလောင် မခံကြစေနဲ့။

"လောဘမီး လောင်ပုံ "

တို့ မျက်စိက ရူပါရုံ ချောချောလှလှလေးတွေ တွေ့တော့, မြင်တော့ လိုချင်တယ်၊ လိုချင်တာ ဘာတုန်း၊ လောဘ၊ ဒီလောဘက သာမန် လိုချင်ရုံလောက်နဲ့တော့ ကိစ္စမရှိသေးဘူး၊ လိုချင်မှု အားကြီး တော့ လောဘမီးက လောင်တာပဲ၊ ကိုရင်တို့ ကြားနေကြတာပဲ၊ အမျိုးသား အမျိုးသမီးတွေ ကိုယ်လိုချင်တဲ့ မိန်းမ, ယောကျာ်း မရတော့ ရူးသွားကြတာတွေ၊ အဆိပ်သောက်တာတွေ၊ ရေထဲ ခုန်ချသေတာတွေဟာ ဘာမီးလောင်တာလဲဆိုရင် လောဘမီး လောင်တာ၊ ဒါတွေဟာ ဘုရားလက်ထက်ကပင် ရှိခဲ့တယ်။

"ဘိက္ခုနီမ လောဘမီး လောင်ပုံ"

သီတင်းနေ့ တစ်နေ့၊ ဘိက္ခုနီမတစ်စု သိမ်ထဲ ဥပုသ်ပြု သွားကြတယ်၊ အဲဒီသိမ်ရဲ့ ရှေ့နားမှာကျောက်ဆစ်ရုပ်ကလဲ တော်တော်ကို လှသတဲ့၊ တခြားဘိက္ခုနီမတွေက ကိုယ်စီကိုယ်စီ သိမ်ထဲ ဝင်သွားကြသော်လဲ ဘိက္ခုနီမတစ်ယောက်ကတော့ အဲဒီ သိမ်နားမှာ ရပ်ကျန်ရစ်ခဲ့တယ်၊ တခြားဘိက္ခုနီမတွေက ဥပုသ် ပြုပြီးလို့ ပြန်ထွက်လာတော့ ဒီဘိက္ခုနီမကို တွေ့ကြတယ်၊ ဒါနဲ့ ဘိက္ခုနီမတစ်ယောက်က သူ့နားသွားပြီး “အရှင်မ ဘာ လုပ်နေတာပါလဲ” ဆိုပြီး သွားကိုင်လိုက်တော့ ဘိုင်းကနဲ လဲကျ သွားတာပါပဲ၊ ဒါဘာလဲ၊ လောဘမီးလောင် သေရတာ။

"ဒေါသမီး လောင်ပုံ"

တို့ မျက်စိက ကိုယ် မနှစ်သက်တဲ့ ရူပါရုံကို မြင်ရတော့ ဘာဖြစ်သလဲ၊ စိတ်ဆိုးမှု ဖြစ်ရတယ်၊ စိတ်ဆိုးတာဟာ ဘာတုန်း၊ ဒေါသ၊ ဒီ ဒေါသကလဲ သာမန်ဒေါသလောက်တော့ ကိစ္စမရှိသေးဘူး၊ စိတ်ဆိုးမှုက အားကြီးလာတော့ ဒေါသမီးက လောင်တာပဲ၊ ဒေါသမီး လောင်အားကြီးတော့လဲ သေကြရတာပဲ၊ ကိုယ့်အလို မကျရင် ဒေါသဖြစ်ရတာပဲ၊ တချို့ဆိုရင် ဒေါသဖြစ်လွန်းလို့ ကိုယ့်ကိုယ်ကို သတ်သေရတဲ့အထိ ဖြစ်ရတယ်။

"နတ်ပြည်မှာ ဒေါသမီး လောင်ပုံ"

တို့နတ်ပြည်မှာ ခိဍ္ဍာပဒေါသိကနတ်, မနောပဒေါသိကနတ်ဆိုတာ ရှိတယ်၊ ဒီနတ်နှစ်ယောက်ဟာ တစ်နေ့ကျတော့ အခြံအရံ နတ်သမီးတွေနဲ့တကွ ဥယျာဉ်ကစား ထွက်ကြတယ်၊ ဒီအခါမှာ နတ် တစ်ယောက်က နတ်တစ်ယောက်ရဲ့ရှေ့ကို မြင်းရထားနဲ့ ကျော် တက်လိုက်တယ်၊ နောက်တစ်ယောက်က သူ့ရှေ့ ကျော်တက် ရပါ့မလားဆိုပြီး တကတည်း ဒေါသဖြစ်လိုက်တာ သေပါ လေရော၊ ဒါဟာ ဘာလဲ၊ ဒေါသမီး အလောင်ခံရတာပဲ။

"မောဟမီး လောင်ပုံ "

တို့မျက်စိကမြင်တော့မြင်လိုက်တာပဲ၊ ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ၊ အမှုမဲ့ အမှတ်မဲ့နေတော့ မောဟမီးလောင်တာပဲ၊ လောဘမီး, ဒေါသမီး တွေက သိသာတယ်၊ မောဟမီးက မသိသာလှဘူး၊ တို့ သတ္တဝါတွေက မီးလောင်လို့ လောင်မှန်း မသိသာလှဘူး၊ တို့ ထွဋ်ခေါင်ဆရာတော်ကြီးက “လောင်မှန်းမသိ, မောဟဖိ, မိမိ မိုက်လှပြီ” လို့ ဟောထားခဲ့တယ်၊ ကိုယ့်ကိုယ်ကို မီးလောင်လို့ လောင်မှန်းမသိတဲ့သူတွေဟာ လူမိုက်တွေပဲတဲ့၊ တရားတော် တွေက သိပ်ကောင်းပါတယ်၊ ကိုရင်တို့ç ဦးပဉ္စင်းတို့ မလိုက်စားလို့ မဖြစ်ပါဘူး။

"ဇာတိ, ဇရာ မရဏမီးများ လောင်ပုံ"

မီးတွေက လောင်မှန်းမသိ လောင်နေကြတာ၊ ဇာတိမီးလောင်ပုံကလဲ တော်တော် ကြောက်စရာ ကောင်းတယ်၊ အမိဝမ်းထဲမှာ အောင်းနေရစဉ် အချိန်အခါကလေးမှာပဲ ဒုက္ခများစွာနဲ့ ကြုံကြရတယ်၊ တချို့ အမျိုးသမီးတွေက မတော်မတရား ပျော်ပါးကြပြီး သန္ဓေ ရလာတော့ ရှက်တာနဲ့ ကိုယ်ဝန် ဖျက်ချကြ၊ ကိုယ်ဝန်ကျကြောင်း ဆေးတွေ သောက်ကြ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆေးထိုးဖျက်ချကြ၊ ဒါဟာ အမိ ဝမ်းတွင်း အောင်းနေရစဉ် ဇာတိမီးလောင်တာပဲ။

ဇရာမီးကလဲ ဆံဖြူ, သွားကျိုး, မျက်စိမွဲ, နားထိုင်း, ခါးကိုင်းပြီး အသားအရေတွေ လိန်တွန့်နေတာ၊ ဒါကို ပါကဋ ဇရာလို့ ခေါ်တယ်၊ အပါကဋဇရာဆိုတာ ရှိသေးတယ်၊ သူက အထင်ရှားဘူး၊ ရုပ်တရား နာမ်တရားတို့ရဲ့ နာရီ, မိနစ်, စက္ကန့် မစဲ တဖွဲဖွဲ ဖြစ်ပျက်ပြီး အိုနေရတာဟာ ဇရာမီးလောင်တာပဲ။

မရဏမီးဆိုရင် ဘယ်လူ ဘယ်နတ် ဘယ်သတ္တဝါမဆို လူရယ် နတ်ရယ် သတ္တဝါရယ်လို့ ဖြစ်လာရင် မသေရမယ့် လူရယ်လို့ ရှိပါ့မလား၊ မရှိဘူး၊ သေနေကြရတာ၊ သေခြင်း တရားကို ဘယ်သူမှ မတားမြစ်နိုင်ကြဘူး၊ သေမင်းကို လက်ဆောင်ထိုးလို့ မရနိုင်ဘူး၊ စစ်တိုက်ယူလို့ မရဘူး၊ သေမင်းကို ဘယ်နေ့ ဘယ်ရက် လာခဲ့ပါမယ်လို့ ချိန်းဆို ထားလို့ မရဘူး၊ သေမင်းကို ဘယ်သူမှ မအောင်နိုင်ဘူး၊ ဒါတွေကြောင့်လဲ သတ္တဝါတွေ သေကြရတယ်၊

အေး ... မျက်မြင်လောက လူတွေ တွေ့ကြုံနေရတဲ့ မရဏမီးတွေပဲ၊ ဉာဏ်နဲ့ မြင်နိုင်တဲ့ မရဏမီးကတော့ တို့ ရုပ်တရား နာမ်တရား တွေဟာ နေ့စဉ်အမြဲ ချုပ်ပျက်ပြီး သေနေကြရတယ်၊ ဒီ ရုပ်တရား နာမ်တရားတွေဟာ အမြဲသေနေတာကို ဘာနဲ့မှ မြင်နိုင်သလဲ၊ ဝိပဿနာဉာဏ်မျက်လုံးနဲ့မှ မြင်နိုင်တယ်၊ ဒီ မီးတွေ ဘယ်ကျမှ ငြိမ်းမလဲ၊ နိဗ္ဗာန်ကျမှ ငြိမ်းမယ်။

"သောက, ပရိဒေဝမီး လောင်ပုံ "

ပြီးတော့ သောကမီးကလဲ မလောင်ဘူးလား၊ လောင်တယ်၊ သူလောင်ပုံက တို့ကိုယ်နဲ့စပ်လာ သူတွေ တစ်စုံတစ်ခု ဖြစ်လာရင် ဒီသောကမီး လောင်တော့တာပဲ၊ ဆိုပါစို့၊ ကိုယ့်သား ကိုယ့် သမီးလေးက တော်တော်လေး နေထိုင်မကောင်း ဖြစ်တယ် ဆိုရင်ပဲ မိဘတွေမှာ စိုးရိမ်မှု မဖြစ်ကြဘူးလား၊ ဖြစ်ကြတယ်၊ “အောင်မယ်လေး ..... ဒီတောင်က တက်မှ တက်နိုင်ပါဦး မလား” နဲ့ သောကမီးတွေ လောင်ကြရတယ်။

ပရိဒေဝမီးကတော့ ကြုံဖူးသူတွေ များပါတယ်၊ သားသမီး သေလို့, လင်သေလို့, မယားသေလို့ç ဆွေမျိုးသားချင်းတွေ သေလို့ ငိုကြွေးရတာဟာ ပရိဒေဝမီးတွေ တောက်လောင် ကြတာပဲ၊ တချို့ဆိုရင် အငိုလွန်ပြီး တက်သေသွားကြတယ်၊ ဒီမီးတွေက လောက လောင်ရိုး လောင်စဉ် မီးနဲ့ တူတာ မဟုတ်ဘူး။

နောက်ပြီးတော့ ဒုက္ခ ဒေါမနဿ ဥပါယာသဆိုတဲ့ မီးတွေ ကလဲ လောင်လိုက်သေး တယ်၊ ဘယ်ကလောက် ကြောက်စရာ ကောင်းသလဲ၊ ကိုရင်တို့ ဦးပဉ္စင်းတို့ ဒီတရားတွေကို တွေးကြ စမ်းပါ၊ သံသရာကြီး သွားနေရတာ အလွန်ကြောက်စရာ ကောင်းပါတယ်၊ ပေါ့ပေါ့နေ, ပေါ့ပေါ့စား, ပေါ့ပေါ့သွားနေ လို့ကတော့ ဒီဘဝအတွက် မလွမ်းလောက်ပါဘူး။

ဒီဘဝမှာ ကောင်းကောင်းလေး နေနိုင်မှ လာမယ့်ဘဝ တော်ကာကျပါတယ်၊ ကဲ ... ကောင်းကောင်း နေကြ၊ တရား နှလုံးသွင်းကြ၊ စကားတွေများပြီး အလဟဿ အချိန်တွေ ဖြုန်းမနေကြနဲ့၊ ကဲ ... သွားကြ။

ဓမ္မဗျူဟာ
အတွဲ(၁၈)၊ အမှတ်(၇)
(၁၉၇၉ ၊ စက်တင်ဘာလ)

Crd____

No comments:

Post a Comment