🏹 သံသယဆူးတော့ မစူးစေလိုပါ 🏹
*************************
“ဒကာကြီး - တက္ကစီ အားလားမသိဘူး”
“အားပါတယ်ဘုရား၊ ဘယ်သွားမလို့လဲ”
“လှိုင်သာယာအဝေးပြေးသွားချင်လို့၊ ဘယ်လောက်လဲ”
“ဆရာလေး ကြည့်စွန့်ပါဘုရား”
“အယ် - အရင်ကသွားနေတာတော့ ငါးထောင်ပဲ၊ ရမလား”
“ရပါတယ်ဘုရား၊ တက်ပါ”
“တပည့်တော်က ဘုန်းကြီးတွေ၊ ဆရာလေးတွေဆို ဈေးပြောမနေဘူး။ စွန့်သလောက်ပဲ ယူတယ်ဘုရာ့”
“ကောင်းတာပေါ့ ဒကာကြီးရဲ့၊ ကုသိုလ်လဲရ ၀မ်းလဲဝပေါ့”
"မှန်ပါ့ဘုရား”
“နောက်ခန်းက ပစ္စည်းတွေပြည့်နေလို့ ရှေ့ခန်းမှာထိုင်တာ၊ ဒကာကြီးကို အားနာတယ်၊ တစ်ညလုံး မန္တလေးကနေ ကားစီးလာတာဆိုတော့ ဆရာလေးကိုယ်က ချွေးနံ့ နံနေမလားမသိဘူး”
“အာ - မနံပါဘူးဘုရာ့၊ ရပါတယ်၊ ဆရာလေးကသာ ချွေးနံ့နံမှာစိုးနေတာ၊ ဟိုတစ်ခါ တပည့်တော်လိုက်ပို့ တဲ့ဆရာလေးတွေဆို ကားပေါ်တက်လာတာ ဥစ္စာစောင့်တွေမှတ်လို့၊ မွှေးကြိုင်နေတာ”
“မဟုတ်ဘူးဒကာကြီးရဲ့၊ တချို့က အ၀တ်ထဲထည့်တဲ့ အမွှေးထုပ်လေးတွေရှိတယ်လေ၊ အဲ့ဒါလေးတွေက တော်တော်လေးမွှေးတယ်၊ စ ထည့်ကာစဆို ခေါင်းတောင်ကိုက်တယ်၊ အမွှေးနံ့က”
“ဘာပဲဖြစ်ဖြစ်ပေါ့ဘုရား၊ ဘုရားက မလုပ်ရဘူးလို့ တားမြစ်ခဲ့တယ်မဟုတ်လား၊ တချို့ ဦးဇင်းတွေဆို ရှိသေးတယ်၊ ရှေ့က လျှောက်သွားရင် နောက်က မွှေးကျန်ခဲ့တာ၊ သာသနာ့ဘောင်မှာနေပြီး ၀ိနည်းနဲ့အညီ မနေကြဘူး။ အဲ့လိုမျိုးဆို တပည့်တော်က သိပ် မကြည်ညိုချင်ဘူး၊ တကယ်”
“ဒကာကြီးမသိလို့၊ ဦးဇင်းတွေရဲ့သင်္ကန်းက ဆေးဆိုးသင်္ကန်းတွေဆိုတော့ အရမ်းနံတယ်။ မိုးတွင်းဆို ပိုဆိုးတယ်။ သင်္ကန်းတွေကထူတော့ လျှော်ပြီးရင်လဲ တော်တော်နဲ့ မခြောက်ဘူး၊ အရမ်းသန့်သန့်ပြန့်ပြန့်နေတာတောင် တစ်ခါတစ်လေ တော်တော်နံတယ်၊ နောက် လူရဲ့ခန္ဓာကိုယ်ကလဲ နံတယ်ဒကာကြီးရဲ့၊ အဲ့ဒိတော့ သူတို့လဲ ဒကာ ဒကာမနားကပ်ရတာ ဘယ်အဆင်ပြေပါ့မလဲ၊
ဆရာလေးဆို မိုးတွင်းဘက် တချို့ ဦးဇင်းတွေ ကိုယ့်ဘေးနားက ဖြတ်သွားရင် အသက်အောင့်ထားတာ၊ နံလို့”
“ဒါတော့ဒါပေါ့၊ ဒါပေမယ့် တပည့်တော်က သာသနာကို တအားကြည်ညိုတာ၊ ကြည်ညိုလို့လဲ အဘိဓမ္မာတောင် သုံးဆင့်အောင်ပြီးပြီ။ ဒီနှစ် ၀ိသုဒ်္ဓိမဂ်တက်နေတယ်၊ မအားတဲ့ကြားကနော်၊ ၀ိနည်းဆိုလဲ လိုက်ဖတ်ထားတယ်၊ ဘယ်လိုဆို ရဟန်းသံဃာနဲ့ အပ်စပ်လဲ၊ ဘယ်လိုဆို မအပ်စပ်ဘူးလဲ သိရအောင်၊ အဲ့လိုလေ့လာထားတော့ ဒီလို ရဟန်းတွေနဲ့ တွေ့ရလေ၊ မကြည်ညိုတော့လေ ဖြစ်နေတာ၊ တချို့ဆို ရည်းစားတောင် ထားချင်နေကြသေးတာ၊ တော်တော်စိတ်ကုန်ဖို့ကောင်းတယ် သာသနာက၊ စာပေတော့ သေချာမလုပ်ဘူး၊ လူတွေတောင် သူတို့ထက် တတ်တယ်”
“ဒီမယ်ဒကာကြီး၊ ဒကာကြီး ခုတွေ့နေတဲ့ရဟန်းတွေက သမုတိရဟန်းတွေနော်၊ ပရမတ္ထရဟန်းတွေမဟုတ်ဘူး။
သူတို့လည်း ပုထုဇဉ်ပဲရှိသေးတယ်လေ၊ နောက် စာသင်သားတွေ၊ ဒကာကြီးတို့က အဘိဓမ္မာလေး မတောက်တခေါက်တတ်ရင် ရဟန်းတွေနဲ့ ခြေရာချင်း တိုင်းချင်ကြတယ်။
ဒကာကြီးတို့သင်ထားတဲ့ အဘိဓမ္မာက အပေါ်ယံလေးပါ၊ ဦးဇင်းတွေ ဆရာလေးတွေက မြန်မာလို နှုတ်တက်တောင် မဟုတ်ဘူး၊ ပါဠိလိုပါသင်ထားရတာ၊ အဘိဓမ္မာသင်တယ်ဆိုပြီး သဂြိုင်္ဟ်လေးလောက်သင်တာမဟုတ်ဘူး။ အဲ့ဒိကနေခွဲထွက်တဲ့ ယမိုက်၊ ည၀ါ၊ ပဋ္ဌာန်း၊ နောက် စာချတန်းရောက်ရင်လဲ ဓမ္မသင်္ဂဏီကို အကျယ်သင်ရတယ်၊ ပါဠိ၊ ဋီကာ၊ အဋ္ဌကထာ အပြင် ပါဠိစာအရေးအသားတွေကို ဘယ်လိုပုံစံနဲ့ ရေးထားလဲသိရဖို့ သဒ္ဒါကျမ်းတွေလဲ သင်ရတယ်၊ အသုံးအနှုန်းတွေနားလည်ဖို့ အဘိဓာန်ကိုလဲ သင်ရတယ်၊ ကဗျာလင်္ကာရေးဖွဲ့တတ်ဖို့ ဆန်းကျမ်းတို့ အလင်္ကာကျမ်းတို့ကိုလဲ သင်ရတယ်၊ ဘုရားရှင်ရဲ့ လေးဆယ့်ငါးဝါဟောထားတဲ့ တရားတော်တွေကို သိရဖို့ ဓမ္မပဒတွေ ဇာတ်တွေလဲ သင်ရတယ်။ ကြည်ညိုတတ်မယ်ဆို ကြည်ညိုချင်စရာတွေ တစ်ပုံကြီးပါ”
“တပည့်တော်က မကြည်ညိုလို့ပြောတာ မဟုတ်ပါဘူး။ ကိုယ်ကြည်ညိုတဲ့သူတွေကို အကြည်ညိုခံပုဂ်္ဂိုလ်တွေဖြစ်တဲ့အတိုင်း ကြည်ညိုအောင်နေစေချင်တာ၊ ၀ိနည်းနဲ့အညီ နေစေချင်တာပါ၊ ၀ိနည်းဆိုတာ သာသနာရဲ့အသက်မဟုတ်လား”
“ဟုတ်တယ်လေ၊ ဟုတ်လို့လဲ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော် သုံးထောင်က ထားခဲ့တဲ့ ဘုရားရှင်ရဲ့စကားတော်တွေ စည်းကမ်းတွေကို ခုထိ လိုက်နာနေတာပေါ့၊ ဒကာကြီး လိုက်ကြည့်စမ်းပါ၊
ဘယ်ဘာသာမှာဖြစ်ဖြစ် ဘယ်လိုအသိုင်းအ၀ိုင်း အဖွဲ့အစည်းမှာဖြစ်ဖြစ် ရှေ့ကခေါင်းဆောင် ချမှတ်ခဲ့တဲ့ စည်းကမ်းတွေ စကားတွေကို မပြင်မဆင်ဘဲ တစ်သွေမတိမ်းလိုက်နာတာ ရှိသလားလို့၊
တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ စစ်တပ်မှာတောင် အခြေနေနဲ့ အချိန်ခါ ကြည့်ပြီး ပြောင်းလဲသင့် ပြောင်းလဲရသေးတယ်။ ဆရာလေးတို့ ထေရ၀ါဒဗုဒ္ဓဘာသာရဟန်းတော်တွေဟာ ဘယ်လိုအခြေနေ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် မြတ်စွာဘုရားရဲ့စကားကို မနှုတ်ပယ်သလို ဖြည့်လဲ မဖြည့်စွက်ဘူး။ ပုထုဇဉ်သဘာဝ တစ်ခါတစ်လေ အမှားလေးတော့ ရှိမှာပေါ့၊ ဒါကိုတော့ နားလည်ပေးရမယ်လေ”
“ကျန်တာ နားလည်ပေးလို့ရတယ်ဘုရား၊ ဘုန်းကြီးတွေ သီလရှင်တွေဖြစ်ပြီး အချစ် အချစ် လုပ်နေတာ ကိလေသာတွေပေါနေတာ အဲ့ဒါကိုတော့ တပည့်တော် နားလည်ပေးလို့မရဘူး။ ဒါဖြစ်သင့်သလား စဉ်းစားကြည့်ပါဦး”
“ဒကာကြီးက ဒီတစ်ဘ၀အမြင်ပဲ ကြည့်တာကိုး၊ သံသရာတစ်လျှောက်မှာ ကျင်လည်ခဲ့ကြတာ တဏှာတွေ အပြည့်အ၀နဲ့လေ၊ ဘ၀အဆက်ဆက်ကပါလာတဲ့ အထုံရေစက်ကို ဒီဘ၀ ဒီသာသနာနဲ့ တွေ့ခွင့်ရလို့ ပယ်သတ်နိုင်ဖို့ကြိုးစားနေကြရတာ၊ ဘယ်လောက်ခက်ခဲတဲ့ အလုပ်လဲ၊
ဥပမာ အသက် ၂၀ ထဲက အရက်စွဲခဲ့တဲ့ လူတစ်ယောက်ဆိုကြပါစို့။ သူ့အသက် ၆၀ ရှိမှ သံဝေဂရပြီး အရက်ြဖတ်ဖို့ ကြိုးစားတယ်၊ သူဘယ်လိုဖြတ်မလဲ၊ နှစ်ပေါင်းလေးဆယ်လောက် သောက်လာတဲ့အရက်ကို ချက်ချင်းကြီး ဖြတ်လို့ ရပါ့မလား။ သံဝေဂရလို့ မကောင်းမှန်းသိလို့သာ ဖြတ်ရတယ် - ဒီအရက်ကို လှည့်မကြည့်ချင်လောက်အောင် သူမုန်းပါ့မလား၊
ခုလည်း ဒီလိုပဲ - သံသရာအဆက်ဆက်က ရင်းနှီးခဲ့တဲ့ ဒီကာမ တဏှာကို မကောင်းတဲ့အလုပ်၊ ပူပန်ကြောင်းတရား၊ ညစ်ညူးကြောင်းတရားတွေပဲဆိုပြီး တရားတော်နဲ့ ကြိုးစား ဖြတ်နေကြရတာ၊ တစ်ခါတစ်လေတော့လဲ ငယ်ရွယ်စဉ်အချိန်မှာ ဖြစ်တတ်ပါတယ်။ ဒကာကြီးလဲ ငယ်ရာက ကြီးလာတာပဲ၊ ပိုပြီး နားလည်မှာပါ”
“နားလည်ပါတယ်၊ နားလည်လို့လဲ စိုးရိမ်မိတာပါ၊ မဖြစ်သင့်တာတွေ ဖြစ်မှာ စိုးတာပါဆရာလေးရယ်”
“အင်း - တချို့လူတွေဆို ကိုယ်ကိုတိုင် ကိလေသာတောထဲတိုးနေတိုင်း ဦးဇင်းတွေ ဆရာလေးတွေကိုလဲ အဲ့ဒိလို တိုးနေတယ်ထင်ပြီး စွပ်စွဲကြတယ်၊ ဆရာလေးတွေ ဦးဇင်းတွေ စကားပြောတာ မတွေ့နဲ့၊ တွေ့တာနဲ့ သူတို့က ဘာတွေလဲ ဆိုပြီး သမုတ်ကြတယ်။ ကိုယ်ကိုတိုင် မိန်းကလေးဖြစ်နေပြီး ဆရာလေးတွေကို မိန်းမချင်းလဲ ကိုယ်ချင်းမစာ၊ သားသမီးချင်းလဲ ကိုယ်ချင်းမစာနဲ့ စွပ်စွဲ အပုပ်ချတဲ့ ဒကာမတွေလဲ အများကြီးဒကာကြီး။ ဗုဒ္ဓဘာသာမဟုတ်တဲ့သူ၊ ဘာသာရေးကို မသိတဲ့သူက ပြောတာဆိုရင်တောင် ခွင့်လွှတ်လို့ရသေးပေမယ့်....
အဘိဓမ္မာတွေသင်ဖူးတယ်၊ ၀ိသုဒ်္ဓိမဂ်တွေ တက်နေတယ်ဆိုတဲ့ လူတွေရဲ့ စွပ်စွဲချက်တွေက ပိုပြီး ကြောက်စရာကောင်းနေတယ်။
ဝစီကံ အကုသိုလ်တွေကို သူတို့ မကြောက်ကြဘူး။ သူတို့ စွပ်စွဲနေတဲ့ အချိန်၊ အတင်းပြောနေတဲ့အချိန်မှာ ဟို ရဟန်းတွေ သီလရှင်တွေက စာကျက်
စာအံနေမယ်၊ ဘုရားဝတ်တက် နေမယ်၊ ပရိတ်ပဋ္ဌာန်းရွတ်နေမယ်ဆို သူတို့အတွက် အကုသိုလ်တွေက ကြီးလွန်းလှပါတယ်၊ ဒါကြောင့် ဒကာကြီးကို ဆရာလေးကတော့ အမြင်ကျယ်ကျယ်နဲ့ ကောင်းတဲ့ဘက်ကပဲ ကြည့်ပေးစေချင်တယ်”
“ကြည့်ပါတယ်။ ကြည့်ပေးပါတယ်။ ဒါပေမယ့် ဆရာလေးရယ် ဘယ်လိုပြောမလဲ၊ ဒါတွေလုပ်နိုင်လို့ ဒီလိုနေနိုင်လို့ သာသနာ့ဘောင်ထဲ ရောက်လာပြီးမှ မနေနိုင်ပါဘူးဆိုရင် မနေနဲ့လေ၊ လူထွက်ပေါ့၊ မဟုတ်ဘူးလား၊ ငကန်းသေ ငဆွေပေါ်မှာပဲ၊ ဒီလူသွားရင် နောက်လူ လာမှာပဲလေ ၊ ဘယ်သူက သူတို့ကို အတင်းနေခိုင်းလို့လဲ”
“ကောင်းပြီ - ဒကာကြီးက သာသနာကို ကြည်ညိုလဲ ကြည်ညိုတတ်တယ်၊ ဗုဒ္ဓစာပေတွေလဲ လေ့လာထားတယ်ဆိုတော့ ဒကာကြီးက ရှစ်ပါးသီလ ထိန်းမှာပေါ့နော်”
“ဟာ - ဆရာလေးကလဲ၊ ရှစ်ပါးသီလတော့ ဘယ်ထိန်းနိုင်ပါ့မလဲ၊ ငါးပါးသီလပေါ့၊ ဒါတောင် တစ်ခါတစ်လေ စီးပွားရေးလုပ်နေတာဆိုတော့ မုသာဝါဒက သိပ်မလွတ်ချင်ဘူး။ ပင်ပန်းတဲ့အခါ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါလဲ သုရာမေရယလေးက ပါချင်သေး၊ ဟား ဟား လူတွေဆိုတော့ ဆရာလေးရေ ငါးပါးတောင် မနဲထိန်းရနေရတယ်၊ ရှစ်ပါးဆိုရင်တော့ ဟား ဟား”
“အင်း ရဟန်းတွေကလေ နေ့တိုင်း ၂၂၇သွယ်သော သိက္ခာပုဒ်တွေကို ထိန်းရတယ်၊ ခုဒ္ဒါနု ခုဒ္ဒက အသေးငယ်ဆုံးသော သိက္ခာပုဒ်လေးတွေကို ပယ်ချင်ရင်ပယ်လို့ ဘုရားရှင် မိန့်ခဲ့တာတောင်မှ မပယ်ဘဲ နှစ်ပေါင်းထောင်ချီအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်၊ ဆရာလေးတွေကလဲ ရှစ်ပါးသီလကို နေ့စဉ်ထိန်းရတယ်။
သိက္ခာပုဒ်တွေ သီလတွေကို နေ့စဉ်စောင့်ထိန်းရုံတင်မဟုတ်ဘဲ ဘုရားစကားတော်တွေ အဆုံးအမတွေကို မပျောက်ပျက်အောင်လဲ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ကြရတယ်၊ သူတို့တာဝန် တွေက ပေါ့သေးသေးမဟုတ်ဘူး။
ဒကာ ဒကာမ လှူတာ တန်းတာတွေကို အဆင်သင့်အေးအေးဆေးဆေး စားပြီး နှပ်နေတယ်လို့ မထင်နဲ့၊ အဲ့လို အချောင်နေ အချောင်စားရင်လဲ သံတွေခဲကို စားနေရသလိုပဲ နောင်ဘ၀ ခန္ဓာနဲ့ ပြန်ဆပ်ရမယ်လို့ ဘုရားရှင်က မိန့်ခဲ့တာ၊ သူတို့မှာ သူတို့စားတာနဲ့ တန်အောင်ပြန်ပေးဆပ်ရတယ်၊ သာသနာအတွက် လုပ်ရတယ်၊
ဒါနဲ့ စကားမစပ် မေးရဦးမယ်၊ ဒကာကြီးတို့ ငယ်ငယ်က ရုပ်သေးပွဲတွေ ကြည့်ဖူးသလား”
“ဟာ ကြည့်ဖူးတာပေါ့၊ ငယ်ငယ်က ရုပ်သေးပွဲ ကြည့်ရမယ်ဆို ထမင်းမစား ဟင်းမစားနဲ့ကို ကြည့်တာ”
“ဘယ်နားကနေကြည့်လဲ ဟိုလေ - ဥပမာ ဇာတ်စင်နားကလား၊ အဝေးကြီးကနေလား”
“တစ်ခါတစ်လေလဲ တိုးရင်းတိုးရင်းနဲ့ ဇာတ်စင်အောက်နားရောက်သွားပြီး ရှေ့ဆုံးကနေ ကြည့်ရတယ်။ တစ်ခါတစ်လေကျတော့ ရောက်တာ နောက်ကျသွားရင် နေရာမရတော့ ဟိုးနောက်ဆုံး အဖေ့ပုခုံးပေါ်ကနေကြည့်ရတယ်။ ဟိုးတုန်းကတော့ ဗလာပွဲတွေကိုး၊ ဘုရားပွဲရှိပြီဆို ရွာနီးချုပ်စပ်က အကုန်လာကြတာဆိုတော့ နေရာကောင်းကောင်းလိုချင်ရင် နေ့လည်ဘက်ထဲက ဂုံနီအိတ်လေးတွေသွားခင်း ထားတာပဲ၊ အဲ့ဒါဆို ကိုယ်လိုချင်တဲ့နေရာ မနီးမဝေးကရတော့ အဆင့်ကို ပြေနေတာ၊ ခုတော့ ရုပ်သေးပွဲတွေလည်း မရှိတော့ပါဘူး”
“ဇာတ်စင်အောက်နီးနီးနားနားက ကြည့်ရတာ ပိုအဆင်မပြေဘူးလား”
“ဘယ်ကအဆင်ပြေရမလဲ ဆရာလေးကလဲ။ နီးလွန်းအားကြီးတော့ မော့ပြီးတော့လဲ ကြည့်ရသေးတယ်၊ အရုပ်မှာ တပ်ထားတဲ့ ကြိုးတွေကလဲ ရှုပ်ရှက်ခတ်နေ၊ ကြိုးဆွဲဆရာကိုလဲ မြင်နေရတော့ ဘာကြည့်လို့ ကြည့်ရမှန်းမသိဘူး။ အရုပ်ကြည့်ရမလိုလို ကြိုးဆွဲဆရာ ကြည့်ရမလိုလိုနဲ့”
“ဒါဆို အဝေးကြီးကနေကြည့်တော့ ပို အဆင်ပြေမှာပေါ့၊ ကြိုးတွေ မမြင်ရတော့ဘူးလေ”
“ဟာ ဆရာလေးကလဲ - အရုပ်လေးတွေက သေးသေးလေးတွေလေ၊ ဝေးလွန်းအားကြီးတော့လဲ ဘာမြင်ရမလဲ၊ မှုံတိမှုံဝါးနဲ့။ နေရာဦးနိုင်လို့ အလယ်ခေါင်မှာ ရရင်တော့ ဘာပြောကောင်းမလဲ မိုးအလင်းပြ မိုးလင်းတဲ့အထိ ကြည့်တာ၊ အဲ့လောက်ထိ တပည့်တော်က ရုပ်သေးပွဲကြိုက်တာ”
“အင်း ဒကာ ဒကာမတွေလဲ ရဟန်းသံဃာတွေ ဆရာလေးတွေနဲ့ ဆက်ဆံမယ်ဆိုရင် ရုပ်သေးပွဲ ကြည့်သလို ဆက်ဆံရတယ်လို့ ဆရာလေး ကြားဖူးတယ်”
“ဘယ်လို - ဘယ်လို ဆရာလေး”
“ဒီလိုလေ ဒကာကြီး၊ သာသနာကို ကြည်ညိုလွန်းလို့သာ သာသနာ့ဘောင်ရောက်လာကြပေမယ့် ပုထုဇဉ်ပီပီ သူတို့မှာ အမှားလေးတွေရှိနိုင်ကြတယ်။ ရဟန်းသံဃာတွေနဲ့ နီးနီးစပ်စပ် ရင်းရင်းနှီးနှီးရှိလွန်းတဲ့အခါ အဲ့ဒိသေးငယ်တဲ့ အမှားလေးတွေကိုမြင်တဲ့ ဒကာ ဒကာမတွေရဲ့ မျက်စိထဲမှာ သူတို့ရဲ့ ကြီးမားတဲ့တာဝန်တွေကိုဖုံးကွယ်လိုက်ပြီး မပြစ်မှားသင့်တာတွေကို ပြစ်မှားလာကြတယ်၊ အရောဝင်လွန်းလို့ အရိုသေတန်တဲ့ သဘောပေါ့၊ ဇာတ်စင်အောက် အနီးကပ်ဆုံးနေရာက ကြည့်လို့ ကြိုးတွေကော၊ ကြိုးကိုင်တဲ့လက်ကောမြင်ပြီး အရုပ်ကို မမြင်တတ်၊ မကြည့်တတ်တော့သလိုပေါ့၊
သာသနာမှာ အဓိကထားပြီး လုပ်ဆောင်နေရတဲ့ သိက္ခာသုံးရပ်ဆိုတဲ့ ရုပ်သေးရုပ်ထက် ညစာစားတာလေး ပျော်ပျော်ရွှင်ရွှင်နေတတ်တာလေးစတဲ့ ကြိုးတွေကို မြင်ပြီး ခေါင်းရှုပ်ရသလိုပဲပေါ့”
“ဒါဆို အဝေးကြီးက ကြည့်တာကကော၊ အဲ့ဒါက ဘယ်လိုမျိုးလဲ ဆရာလေး”
“သာသာနာတော်နဲ့ ဝေးလွန်းတော့လဲ ဘယ်လိုပြောရမလဲ၊ မိဘက ဗုဒ္ဓဘာသာမို့သာ ကိုယ်က ဗုဒ္ဓဘာသာဖြစ်လာတယ်၊ ဘုရားဂုဏ် ဘယ်နှစ်ပါးမှန်းမသိ၊ တရားဆိုတာ ဘာမှန်းမသိ၊ သံဃာတော်တွေ ဘယ်လို ကျင့်ကြံတယ်၊ အားထုတ်တယ်၊ ဘာလုပ်တယ်ဆိုတာ မသိတော့ ကြည်ညိုရမှန်း၊ လေးစားရမှန်းမသိဘူးပေါ့၊
မသိတော့ မပြောသင့်တာတွေပြော၊ မလုပ်သင့်တာတွေလုပ်၊ ခုခေတ်ဆို ဖေ့စ်ဘွတ်တွေမှာ ပိုပြီး မြင်နိုင်တယ်၊ ကိုယ့်စိတ်နဲ့ မကိုက်ရင် ရဟန်းသံဃာသော ဘာသော နားမလည်ဘူး။ ဆဲချင်ရင် ဆဲလိုက်တာပဲ၊ သီလရှင်မှန်းသိရက်နဲ့လဲ ကြောင်ချင်ရင် ကြောင်နေကြတာပဲ၊ ကြောင်လို့မရရင် ဆဲတော့တာပဲ။ တော်တော်ကြောက်ဖို့ကောင်းတယ်၊
ဗုဒ္ဓဘာသာအမည်ခံပြီး၊ အဲ့လို လူမျိုးတွေကို တွေ့ရင် ဗုဒ္ဓကို အားနာမိတယ်။ အဲ့ဒါကြောင့် ရဟန်းသံဃာတွေနဲ့ ဆက်ဆံမယ်ဆိုရင် မနီးမဝေးလေးကနေ လိုအပ်တာလေး ထောက်ပံ့၊ တတ်နိုင်တာလေးလှူ၊ သူတို့ အနေမတတ်တာ သူတို့ အကြောင်းလေ၊ ကိုယ်က အကုသိုလ် မဖြစ်စေနဲ့ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ရဟန်းမှန်သမျှ သီလရှိပါတယ်။
သူတို့ကြောင့်သာ ဒကာကြီးတို့ တရားတော်တွေကို နာကြားခွင့်ရနေတာ၊ သိခွင့်ရနေတာလေ၊ သူတို့ကျင့်ကြံမှုရဲ့ အပုံတစ်ရာ ပုံလို့ တစ်ပုံလောက်တောင် ဒကာကြီးတို့ မလုပ်နိုင်ပါဘူး။ စွန့်လဲ မစွန့်နိုင်ပါဘူး။
အဲ့ဒါကြောင့် နှမ်းစေ့လောက်ရှိတဲ့ အပြစ်လေးကို ကြည့်မယ့်အစား မြင့်မိုရ်တောင်လောက်ရှိတဲ့ ဂုဏ်ကို မြင်အောင် ကြည့်ပါလို့ ပြောချင်တာပါ၊ ဒကာကြီးလည်း ပညာတတ်တစ်ယောက်ပဲ၊ နားလည်နိုင်မှာပါ"
“မှန်ပါ့ မှန်ပါ့ဘုရား၊ ကျေးဇူးတင်ပါတယ် ဆရာလေး၊ ကျေးဇူးပါဘုရား၊ တပည့်တော် ခုမှ သာသနာတော်နဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ ကောင်းကောင်းနားလည်သွားပါပြီ ကျေးဇူးပါဘုရား”
“ရပါတယ် ဒကာကြီး၊ လူပုဂ်္ဂိုလ်တစ်ယောက်အနေနဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကို စိတ်ဝင်တစား သင်အံလေ့လာတယ်ဆိုတာကို သိရလို့ ၀မ်းသာပါတယ်။
ဆက်ပြီးတော့ လေ့လဲ လေ့လာ၊ သိအောင်လဲ လုပ်၊ သိတဲ့အတိုင်းလဲ ကျင့်ပေါ့၊ ကံကောင်းလို့ သာသနာတော်နဲ့တွေ့ပြီး သာသနာကို ကြည်ညိုခွင့်ရတာလေ၊ အရတော်တာကို ရတာမလျော် စေနဲ့ပေါ့။
အင်း စကားပြောလို့လဲ
ကောင်းတယ်။ ကားဂိတ်လဲ ရောက်ပြီ၊ သွားတော့မယ်နော် ဒကာကြီး”
“မှန်ပါ့ဘုရား မှန်ပါ့၊ ဂရုစိုက်သွားပါဘုရား”
လက်အုပ်လေးတချီချီနဲ့ ပြုံးပြီးငေးကြည့်နေမယ်ဆိုတာ လှည်ြ့ကည့်စရာမလိုဘဲနဲ့ ကျွန်မသိနေခဲ့ပါတယ်။
မြတ်စွာဘုရားရှင်က မာန် မာနကျအောင် တရားတော်တွေကို ဟောခဲ့ပေမယ့် တရားတော်တွေကို သင်ယူနေတဲ့သူတွေကတော့ ဂုဏ်တုဂုဏ်ပြိုင်လုပ်နေကြတာကို တွေ့နေရတယ်။
“နင်က အဘိဓမ္မာလောက်တတ်တာ၊ ငါက ယမိုက် ပဋ္ဌာန်းပြီးပြီ၊ ၀ိသုဒ်္ဓိမဂ်လဲ ပြီးပြီ၊
ဒီဘုန်းကြီးတွေတတ်သလောက် ဒို့လည်း တတ်ပါတယ်၊ သူတို့ သိသလောက် ဒို့လည်းသိပါတယ်”ဆိုပြီး ....
တချို့ ဒကာ ဒကာမတွေက နှိုင်းယှဉ်ကြတယ်၊
ဒီလို စာသင်နည်းတွေကို မြတ်စွာဘုရားကတော့အလဂဒ္ဒူပမာ -
မြွေဖမ်းတဲ့စာသင်နည်းလို့ ဟောခဲ့တယ်။ မြွေလိုချင်လို့ မြွေဖမ်းသွားတဲ့သူက မြွေဟောက်ကြီးကို မြင်တော့ ၀မ်းသာအားရ ခါးကနေဖမ်းတယ်၊ အမြီးကနေ ဖမ်းတယ်၊ အဲ့ဒိတော့ မြွေကိုက်တာ ခံရတာပေါ့။
ခုလဲ အနည်းအကျဉ်း စာသိလေးသိရင် ငါသိ ငါတတ် လုပ်နေသမျှ ကုသလော အကုသလဿ ဖြစ်နေတာကို မသိရှာကြတော့ဘူးပေါ့။
အော် သူတို့ခင်ဗျာ ဒီလောက်ခက်တဲ့ စာပေတွေကို ခက်ခက်ခဲခဲ လေ့လာ ကျက်မှတ်နေရတာပါလား ဆိုတဲ့ ကိုယ်ချင်းစာတတ်တဲ့သူက အနဲအကျဉ်းလေးပဲ ရှိတာမို့ ကားမောင်းတဲ့ ဒကာကြီး အမှန်ကို မြင်သလို ကျန်တဲ့ ဒကာ ဒကာမတွေလဲ သာသနာအပေါ်မှာ လိုအပ်ချက်တွေကို ဖြည့်တွေးပေးလို့ အမှန်ကို မြင်နိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးရင်း....
ရှေ့ဆက်လျှောက်ရမယ့် လမ်းက အဝေးကြီးရှိသေးတာမို့ ကျောခိုင်းသင့်တဲ့ အရာတွေကို ကျောခိုင်းလို့ ကျွန်မ ကိုယ့်လမ်းကို ဆက်လျှောက်ခဲ့ပါတော့တယ်။
Credit....
No comments:
Post a Comment