လိုအပ်မယ်ထင်ရင် ရှယ်ယူထားပါ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဝိဓူရဇာတ်တော်
~~~~~~~~~~
မဟာဗုဒ္ဓ၀င် ဇာတ်တော်ကြီးဆယ်ဘွဲ့တွင် တစ်ဘွဲ့ဖြစ်သော ``၀ိဓူရ´´ဇာတ်တော်ကြီးအား ဗုဒ္ဓဘာသာဝင်တိုင်း နီးပါးမျှ သိရှိကြမည်ဖြစ်ပါသည်။
ဝိဓူရဇာတ်တော်ကြီးအား ယခင်က မြန်မာနိုင်ငံ၌ ပထမနှစ် အထူးပြုဘာသာရပ်များအားလုံးတွင် မသင်မနေရ (compulsory) ဖြစ်ပြီး မြန်မာစာဘာသာရပ်၏ ဗဟုသုတ ဖတ်စာအဖြစ် ပြဌာန်း ထားခဲ့ကြောင်းကိုလည်း သိရှိ ရလေသည်။
ဝိဓူရဇာတ်တော်ကြီးတွင် ၀ိဓူရ သုခမိန်သည် တိုင်းသူပြည်သားတို့၏ ကျင့်အပ်ရာစည်းမျဉ်း စည်းကမ်းများ၊ မင်းကျင့်တရားဆယ်ပါးနှင့် ၀န်ထမ်းခေါ် မင်းမှုထမ်းတို့၏ ဆောင်အပ်/ရှောင်အပ်သော ကျင့်ဝတ်များအား ဘောဂ ၀တီ နဂါးပြည်တွင် ဟောကြားခဲ့ကြောင်း သိရှိရလေသည်။
မြန်မာ့ကဗျာလောက၏ ထင်ရှားကျော်ကြားသူ ဆရာဇော်ဂျီကလည်း`` ညီသစ်ဆင်း´´ ကဗျာစုများတွင် ``၀ိဓူရ ဒုက္ခ´´ ဟူသော ကဗျာရှည်ဖြင့် ၀ိဓူရဇာတ်တော်ကြီးအား ရေးဖွဲ့ ခဲ့လေသည်။
ဝိဓူရဇာတ်တော် အကျဉ်းချုပ်မှာ.....
ဝိဓူရ အမတ်ကြီးသည် ကောရဗျမင်းကြီး၏ ပညာရှိအမတ်ကြီးဖြစ်လေသည်။ မင်းနှင့်မိဖုရားသည်လည်း သွေး သားရင်းကဲ့သို့ တန်ဘိုးထားလေသည်။
လူ့ပြည်လူ့ရွာတစ်ခွင်တွင် ထင်ပေါ်ကြော်ကြားလှသော ၀ိဓူရအမတ်ကြီး၏ ဂုဏ်သတင်းသည် ဘောဂ၀တီ နဂါးပြည်သို့တိုင် ထိုးဖောက်ရောက်ရှိလေသည်၊ နဂါးမင်းကြီး၏ မိဖုရားသည် ထိုသတင်းကိုကြားလေသော် ၀ိဓူရ အမတ်ကြီး၏ တရားအား နာယူလိုသဖြင့် အိပ်ယာထက်တွင် လဲလျောင်း၍ အစာမစားဘပဲ ချင်ခြင်းတပ်သကဲ့သို့ ဟန်ဆောင်လေသည်။ နဂါးမင်းကြီးက စိုးရိမ်စွာ မေးမြန်းလေသော် နဂါးမိဖုရားကြီးသည် ကောရဗျပြည် ၀ိဓရ သုခမိန်၏ နှလုံးသည်းပွတ်အား စားသုံးလိုကြောင်း လျှောက်ထားလေသည်။
နဂါးမင်းကြီးလည်း တန်ခိုးဖြင့်သွားရောက်ယူရမည်လော... သို့တည်းမဟုတ် မည်သို့ သွားရောက်ယူဆောင် ရလေသော် သင့်တော်မည်ကို ဝေခွဲမရ ဖြစ်နေလေသည်။ ထိုအခါတွင် နဂါးမင်းကြီး၏ သမီးတော် နဂါးမင်း သမီးလေး ဣရန္ဓတီသည် မိဘတို့၏ ညှိုးနွမ်းနေသော မျက်နှာ များအားမြင်တွေ့လေသော် အကျိုး အကြောင်း မေးမြန်း၍ မိမိရယူပေးမည်ဖြစ်ကြောင်း ကတိပြုကာ ဟိမ၀န္တာတောင်ထွဋ်တွင် ``ဟိမ၀န္တာတွင် ရှိကြကုန်သော နတ်အပေါင်း၊ ဂန္ဓဗ္ဗ ဘီလူး၊ နဂါး၊ ကိန္နရာနှင့် လူပညာရှိ အပေါင်းတို့၊ အကျွန်ုပ် အလိုရှိတိုင်း ၀ိဓုရသုခမိန်၏ နှလုံးသည်းပွတ်ကို တရားသဖြင့် ဆောင်ယူပေးနိုင်သူအား အကျွန်ုပ်၏ ခင်ပွန်းအဖြစ် လက်ဆက်ပါမည်..´´ ဟု သီချင်းဖြင့် ကြေငြာလေသည်။
ထိုအချိန်တွင် ပုဏ္ဏ မည်သော နတ်စစ်သူကြီးသည် ဟိမ၀န္တာတောင် ကာဠတောင်ထိပ်တွင် ကျင်းပသော နတ်သဘင် အစည်းအဝေးသို့ လာရောက်လေရာ မင်းသမီးလေး၏ သီချင်းသံအား ကြားသိရလေသည်။
ထိုအခါတွင် နဂါးမင်းသမီးလေးအား မေတ္တာသက်ဝင် ချစ်ခင်မိလေသော ပုဏ္ဏဘီလူးသည် မင်းသမီးလေး၏ အလိုအတိုင်း ကောရဗျပြည်သို့ သွား၍ ၀ိဓူရသုခမိန်၏ နှလုံသည်းပွတ်အား ရယူပေးမည်ဟု ကတိပြုခဲ့လေသည်။
ထို့နောက် ပုဏ္ဏ နတ်ဘီလူးသည် သိန္ဓောမြင်းကိုစီး၍ ကောင်းကင်ခရီးဖြင့် ကောရဗျပြည်သို့ သွားရောက်ကာ ကြွေအံကစားရာတွင် ၀ါသနာထုံလှသော ကောရဗျဘုရင်အား ကြွေအံကစားရန် ချိန်းဆိုခြင်းပြုလေသည်။
ကြွေအန်လောင်းကြေးအဖြစ် ပုဏ္ဏ နတ်ဘီလူးရှုံးလေသော် သိန္ဓောမြင်းနှင့် အဖိုး အနဂ္ဂ ထိုက်သည့် ပတ္တမြားအား ပေးမည်ဖြစ်ပြီး နိုင်ခဲ့သော် ကောရဗျဘုရင်မှ ၀ိဓူရသုခမိန်အား ၄င်းထံ ပေးရန် လောင်းကြေး ထပ်လေသည်။
ဘုရင်လည်း ၀ိဓူရသုခမိန်အား နှလုံးသည်ပွတ်တမျှ အားကိုးမြတ်နိုးသည့်တိုင် နတ်ဘီလူး၏ သိန္ဓောမြင်းနှင့် အဖိုးအနဂ္ဂထိုက်သည့် ပတ္တမြားတို့အား လိုချင်သည်ကတစ်ကြောင်း၊ ကြွေအံ ကစားရာတွင် ယခင်ဘ၀က မိခင်တော်စပ်ဘူးသူ ထီးချက်စောင့် နတ်သမီး၏ စောင့်ရှောက်မှု ရှိသည်ကတစ်ကြောင်းတို့ ကြောင့် ရဲရဲ တင်းတင်းပင် လောင်းကြေးထပ်လေသည်။
ကြွေအံကစားသည့်နေ့တွင် ထီးချက်စောင့် နတ်သမီးသည် ပုဏ္ဏနတ်ဘီလူး၏ တန်ခိုးအား ကြောက်လန့်ကာ ခန်းဆောင်မှ ဖယ်ခွါသွားလေသော် ကောရဗျဘုရင်သည် ကြွေအံ ရှုံးနိမ့်ကာ ``၀ိဓူရ´´ သုခမိန်အား ပုဏ္ဏ နတ်ဘီးလူးထံ ပေးအပ်ခဲ့ရလေတော့သည်။
ပုဏ္ဏကဘီလူးလည်း ``၀ိဓူရ´´ သုခမိန်အား သိန္ဓောမြင်း၏ မြင်းမြီးကို ဆွဲစေ လျှက် ကောင်းကင်မှပင် ဘောဂ၀တီ နဂါးပြည်သို့ ထွက်ခွါလေသည်၊ ထိုသို့ ထွက်ခွါရာတွင်လည်း သုခမိန်အား အမျိုးမျိုး ပင်ပန်းဆင်းရဲစေလျှက် သေလု သည့်တိုင် နှိပ်စက်၍ ခေါ်ဆောင် သွားခြင်းဖြစ်လေသည်။
ဝိဓူရသုခမိန်သည် ဘီလူး၏ နှိပ်စက်ခြင်းဖြင့် မသေလိုသည်ကတစ်ကြောင်း မည်သည့်အတွက် ဤသို့ပြုနေ သည်ကို သိရှိလိုသည်ကတစ်ကြောင်းတို့ကြောင့် အကျိုးအကြောင်းမေးလေသော် အလုံးစုံသိရှိရသည့်သဖြင့် ဘီလူးအား ``သာဓုရနတရား´´အား ဟောကြားလေသည်။
(၁) မိမိနှင့် သိမကျွမ်းစေကာမူ မိမိအား နေရာပေးခြင်း၊ စားသောက်ဖွယ်ရာတို့အား ကျွေးမွေးခြင်း စသည်ဖြင့် ကျေးဇူးပြုသူကို ကျေးဇူးတုံ့ ပြန်၍ (ကျေးဇူးဆပ်၍) ကျင့်ခြင်းဟူသော "ယာတာနုယာယီ"တရား။
(၂) ခေတ္တမျှတည်းခိုဖူးခြင်း၊ တစ်စုံတစ်ခုသော ပစ္စည်းကို ရယူဖူးခြင်း ပြုဘူးသူတို့အား စိတ်ဖြင့်ပင် ပြစ်မှားခြင်း မပြုရဆိုတဲ့ "အလ္လဉ္စပါဏိ ပရိဝဇ္ဖယ"ဟူသော စိုသောလက်ကို မခြောက်သွေ့စေရဆိုသောတရား။
(၃) ခဏမျှ အရိပ်၌ ခိုနားဘူးခြင်းရှိသည့် သစ်ပင်သည်ပင် မိမိအတွက်ကောင်းကျိုးပြုဘူးသည်ဖြစ်၍ ထိုအပင်၏ အကိုင်းအခက်တို့ကို မဖျက်ဆီး၊ မချိုးဖဲ့ရသကဲ့သို့ မိမိအားကောင်းကျိုးပြုဖူးသူ အဆွေခင်ပွန်းတို့ကို မပြစ်မှား ရခြင်းဟူသော "မိတ္တအဒုဗ္ဘိ"တရား။
(၄) မိန်းမတို့ အလိုရှိတိုင်း မိန်းမအလိုသို့လိုက်၍ မကောင်းမှုကို မပြုရခြင်းဟူသော "အသတီနံနာနိဂစ္ဆ" တရား။
ထိုသို့ ဟောကြေားလေသော် ပုဏ္ဏန်ဘီလူးသည် ကျေနပ်သည်ဖြစ်၍ သုခမိန်အား ဘောဂ၀တီ နဂါး ပြည်သို့ ကောင်းမွန်စွာ ခေါ်ဆောင်သွားလေသည်။
ဘာဂ၀တီ နဂါးပြည်သို့ ရောက်လေသော် နဂါးမိဖုရားကြီးမှ သုခမိန်၏ နှလုံးသည်းပွတ်အား အမှန်တကယ် စားသုံးလိုခြင်းမရှိပါပဲ... လူ့ပြည်လူ့ရွာတွင် တစ်ဦးတည်းသော တုနှိုင်းမဲ့သည့် ပညာရှိ မဂ်ဥာဏ်ရှင်ဖြစ်သဖြင့် သုခမိန်၏ တရားတို့အား နာကြားလိုခြင်းသာ ဖြစ်ကြောင်း ပြောကြား၍ ရေချိုးသန့်စင်ကာ ၀တ်ကောင်းစားလှများ ၀တ်ဆင်စေလျှက် နန်းရင်ပြင် ပလ္လင်ထက်တွင် တင့်တယ်စွာ စံနေစေပြီးလျှင် တရားတို့အား ဟောကြားစေလျှက် ကြားနာ မှတ်သားခဲ့ခြင်း ဖြစ်လေသည်။
ထိုသို့ ၀ိဓူရသုခမိန်၏ ဟောကြားချက်များတွင် ပြည်သူပြည်သားတို့၏တာဝန်၊ မင်းမှုထမ်းတို့၏တာဝန်နှင့် မင်းတို့ ကျင့်ကြံအပ်သော မင်းကျင့်တရားဆယ်ပါးတို့အား အကျယ်အားဖြင့် ဟောကြားခဲ့လေသည်။
ထိုတရားတို့အား မြတ်စွာဘုရားရှင်သည် ၀ိဓူရဇာတ်တော်တွင် ပြန်လည်ဟောကြားတော် မူခဲ့လေသည်...။
ပြည်သူပြည်သားများနှင့် ၀န်ထမ်းများ၊ တိုင်းပြည်အုပ်ချုပ်သူများအနေဖြင့် ဘုရား အလောင်းတော် ၀ိဓူရ သုခမိန်၏ အဆုံးအမများနှင့် အညီနေထိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျှက်....
ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။
Unicode မပြောင်းထားလို့ ထင်ပါရဲ့ စာတွေက ဖတ်လို့မရလို့ပါ
ReplyDelete