____________________
ဒေါသဆိုတာ ဘယ်အရာကိုမှ ဖြေရှင်းပေးနိုင်စွမ်း မရှိပါဘူး၊ သို့သော် အရာအားလုံးကိုတော့ ဖျက်စီးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဒေါသကို " ပြဿနာကောင်" လို့ ဆိုရမှာပါ။
ဒေါသဖြစ်ပြီဆိုရင် ဘယ်သူ့ကိုမှ အကောင်းမမြင်တော့ဘူး၊ အပြစ်ပဲ မြင်နေတော့တာပဲ။ ဒီတော့ ဘယ်သူနှင့်မှ အဆင်မပြေတော့ဘူး။
ဒါကြောင့် ဒေါသဖြစ်လာပြီဆိုရင် မိတ်ဆွေလည်း ပျက်တတ်တယ်။ စီးပွါးလည်း ပျက်တတ်တယ်။ လူမှုရေးလည်း ပျက်တတ်တယ်။ ဆွေမျိုးလည်း ပျက်တတ်တယ်။ မိသားစုလည်း ပြိုကွဲတတ်တယ်။ အိမ်ထောင်ရေးလည်း ပြိုကွဲတတ်တယ်။ အသင်းအဖွဲ့လည်း ပြိုကွဲတတ်တယ်။
ဒါကြောင့် ဒေါသဟာ ပြဿနာရဲ့ ရေသောက်မြစ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကို သိတော်မူလို့ မြတ်စွာဘုရားက "အပြစ်တကာ့အပြစ်တို့တွင် ဒေါသသည် အကြီးမားဆုံးပဲ" လို့ ဟောတော်မူခဲ့တာပါ။ အကြောင်းမဲ့ ဟောခဲ့တာ မဟုတ်ဘူး၊ တကယ်ကို အပြစ်ကြီးလို့ ဟောခဲ့တာပါ။
သားအဖနှစ်ယောက်
--------------------------
တနေ့တွင် ဖခင်ဖြစ်သူက သားကို ဆုံးမတယ်။ သားက နားမထောင်ဘူး။ ခဏခဏ ဆုံးမတယ်။ ဒါလဲ သားက နားမထောင်ဘူး။
ဒီတော့ ဖခင်ဖြစ်သူက ဒေါသ ပေါက်ကွဲပြီး ဦးခေါင်းကို ဂေါက်တန်နှင့် ရိုက်လိုက်တယ်။ ဒဏ်ရာက ပြင်းထန်တော့ ဆေးရုံ ပို့လိုက်ရတယ်။ ဆေးရုံရောက်ပြီး မကြာခင် သားလေးဟာ ဆုံးသွားတယ်။
ဖခင်ဖြစ်သူဟာ သားလေး သေသွားတော့မှ "ငါ မှားပြီ" ဆိုပြီး ချုံးပွဲချပြီး ငိုရှာတယ်။ ယူကြုံး မရ ဖြစ်သွားတယ်။ ဖခင်ဖြစ်သူမှာ ရူးမတတ် ခံစားရတယ်။
ဒါကြောင့် "ဒီကနေ့ တဇွတ်ထိုး လုပ်ရပ်သည် နောက်တနေ့ နောင်တကို မွေးဖွားပေးတယ်" တဲ့။ နောင်တဆိုတာလဲ ဒေါသတစ်မျိုးပဲ။ ဒီဒေါသကလည်း ဖွဲမီးလိုပဲ၊ တအုံနွေးနွေး ဖြစ်နေတယ်။ ဒီတော့ ပူလောင်ပြီပေါ့။
မိဘဆိုမှတော့ သားသမီးကို ဆုံးမရမှာပဲ။ ဒါက လောက သဘာဝ။ အခုတော့ နှုတ်နှင့် မဆုံးမဘဲ ဒုတ်နှင့် ဆုံးမတယ်။ ဒုတ်နှင့် ဆုံးမခြင်းဟာ ဘုရားဝါဒ မဟုတ်ပါ။ ဘုရားဝါဒသည် နိဟိတဒဏ္ဍ - လက်နက်မဲ့ ဝါဒ ဖြစ်ပါတယ်။
ဒါကြောင့် သားသမီးတွေကို ဆုံးမတဲ့အခါ အကျိုးအကြောင်း ရှင်းပြပြီး နားလည်အောင် ဆုံးမရမယ်။ ဒါ ဘုရားကြိုက်တဲ့နည်းပါပဲ။
အကယ်၍ ဒေါသပေါက်ကွဲနေလို့ ရိုက်ချင်တယ်ဆိုရင်တောင် တင်ပါးကိုပဲ ရိုက်ရမယ်။ အကောင်းဆုံး နည်း မဟုတ်ဘူး။ သို့သော် အဆိုးထဲက အကောင်းပေါ့။ အခုတော့ ဦးခေါင်းကို ရိုက်တယ်ဆိုတာကတော့ ဘယ်လိုမှ လက်ခံလို့ မရဘူး။ တရားခံကတော့ ဒေါသပါပဲ။ ဒါကြောင့် ဒေါသကို မရရတဲ့နည်းနှင့် ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်။
၁။ နှလုံးသွင်း မှန်ကန်ရမယ်
-------------------------------
လူတစ်ယောက်မှာ နှလုံးသွင်း မှန်ကန်ဖို့ အရေးကြီးတယ်။ နှလုံးသွင်း မှန်ကန်ရင် ဒေါသ မဖြစ်တော့ဘူး၊ ဖြစ်သည်ထားဦးတော့ နည်းသွားတယ်ပေါ့။
လူတိုင်းလူတိုင်းမှာ အားနည်းချက်ရှိသလို အားသာချက်လည်း ရှိတယ်။ ဒီတော့ အားနည်းချက်ကို မကြည့်ရဘူး။ အားသာချက်ကို ကြည့်ရမယ်။ ဒါမှ ဒေါသ မဖြစ်မှာ။
နောက်ဆုံး လူဆိုးနှင့် တွေ့လည်း အပြစ်မတင်ဘူး။ " လောကကြီးမှာ လူမိုက်နဲ့ လူလိမ္မာ၊ လူမိုက်က များတယ်၊ အော် သူ့စရိုက်နှင့်သူပဲ" လို့ နှလုံးသွင်းလိုက်တယ်။ ဒီတော့ ဒေါသ မဖြစ်တော့ဘူး။
ဒါကြောင့် ဒေါသ မဖြစ်ဖို့အတွက် နှလုံးသွင်း မှန်ကန်ရမယ်။ အဲဒါကိုပဲ အကောင်းမြင်စိတ်လို့ ဆိုပါတယ်။ အကောင်းမြင်စိတ်နှင့် ကြည့်လိုက်ရင် လောကကြီးက ကျေနပ်စရာ ဖြစ်သွားတယ်။
၂။ ပါးစပ် ပိတ်ရမယ်
-------------------------
နောက်တစ်ခု လူတစ်ယောက်မှာ ပါးစပ်ကို ပိတ်နိုင်ဖို့ လိုအပ်တယ်။ ပါးစပ်ကလည်း ပိတ်ရတာ မလွယ်ဘူး၊ အတော် ခက်တယ်။
ကာယကံ အကုသိုလ်နဲ့ ၀စီကံ အကုသိုလ် ၂- မျိုးတွင် ၀စီကံအကုသိုလျက ပိုပြီးတော့ အဖြစ်များတယ်။ ဒါကြောင့် ဒေါသဖြစ်ရင် စကား မပြောရဘူး။
ဘာကြောင့်လဲ၊ ဒေါသဖြစ်လာပြီဆိုရင် ပါးစပ်က ပြောချင်နေတယ်။ ဒေါသနှင့် ပြောမှတော့ စကားက ကြမ်းပြီပေါ့။ စကားကြမ်းတယ်ဆိုတာ စိတ်ကြမ်းလို့ပါ။ စိတ်ကြမ်းတယ်ဆိုတာလည်း ဒေါသရှိလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပါးစပ်ကို ပိတ်ထားတာ အကောင်းဆုံးပဲ။
ဘုရားလက်ထက်က အရှင်သမိတိဆိုရင် ကျန်းမာရေး မကောင်းရှာဘူး၊ နာတာရှည် ရောဂါ ဖြစ်ပြီး အလူးအလိမ့် ခံနေရတယ်။
ဒါလည်း အကြောင်း ရှိတယ်။ လွန်ခဲ့တဲ့ ဘဝတစ်ခုက ပစ္စေကဗုဒ္ဓအရှင်မြတ်ကို ကြည့်မရတဲ့ အတွက် " ရောဂါသည်ကြီး" လို့ ပြောခဲ့တယ်။ ဒါကြောင့် အရှင်သမိတိ ရောဂါသည်ကြီး ဖြစ်ရတာပါ။
နှုတ်ကို မစောင့်စည်းရင် ပါးစပ်ထဲက လျှာဟာ ဓားတစ်ချောင်း ဖြစ်သွားတယ်တဲ့။ မိမိတို့ သတိထားရမည့် အချက်ပါပဲ။
ကြမ်းကျွံရင် နှုတ်လို့ ရပေမဲ့ စကားကျွံရင် နှုတ်လို့ မရတော့ဘူး။ ဒါကြောင့် ဒေါသဖြစ်ပြီဆိုရင် ဘာမှ မပြောတော့နဲ့၊ ပါးစပ် ပိတ်ထား၊ အဲဒါ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လွယ်တော့ မလွယ်ဘူးနော်၊ မလွယ်လည်း ပိတ်နိုင်အောင် ကြိုးစားရမှာပဲ။
၃။ မေတ္တာပို့ရမယ်
------------------------
နောက်တစ်ခု မေတ္တာပို့ဖို့ အရေးကြီးတယ်။ မေတ္တာပို့တယ်ဆိုတာ ဒေါသမဖြစ်အောင် စိတ်ကို လေ့ကျင့်ခန်း လုပ်နေတာပဲ။ အဲဒါကိုပဲ " မေတ္တာဘာဝနာ" လို့ ခေါ်ပါတယ်။
မေတ္တာဆိုတာ သူတပါး အကျိုးစီးပွားကို လိုလားတဲ့ စိတ်ပါပဲ။ ကူညီမယ် စောင့်ရှောက်မယ်ဆိုတဲ့ စိတ်။ အဲဒီစိတ်ကောင်းလေးတွေ ကိုယ့်သန္တာန် ဖြစ်စေဖို့အတွက် ပွားများရတဲ့ ဘာဝနာကို " မေတ္တာဘာဝနာ" လို့ ခေါ်တယ်။
သတ္တဝါတွေကို အာရုံပြုပြီး "လုံးစုံများစွာ, သတ္တဝါ, ချမ်းသာ ကိုယ်စိတ် မြဲပါစေ" လို့ မေတ္တာပို့ပါ။ ဒါ မေတ္တာဘာဝနာ ( သို့မဟုတ်) မေတ္တာကမ္မဋ္ဌာန်းပါပဲ။
တစ်ကြိမ် မေတ္တာပို့ရင် တစ်ကြိမ် ဒေါသ မဖြစ်တော့ဘူး။ နှစ်ကြိမ် မေတ္တာပို့ရင် နှစ်ကြိမ် ဒေါသ မဖြစ်တော့ဘူး။ အကြိမ်ကြိမ် မေတ္တာပို့ရင် အကြိမ်ကြိမ် ဒေါသ မဖြစ်တော့ဘူး။
မေတ္တာဟာ ရေနှင့်တူတယ်။ ဒေါသက မီးနှင့်တူတယ်။ ရေများရေနိုင် မီးများ မီးနိုင်ဆိုသလို မေတ္တာပွားလေ ဒေါသနည်းလေပါပဲ။ တကယ်တော့ မေတ္တာပို့တယ်ဆိုတာ ဒေါသ မဖြစ်အောင် လေ့ကျင့်ခန်း လုပ်နေတာပဲ။ မေတ္တာပို့နေရင် ကိုယ်လည်း ငြိမ်းချမ်းတယ်၊ သူလည်း ငြိမ်းချမ်းတယ်။ ဒါကြောင့် ဒေါသကို ထိန်းနိုင်ဖို့အတွက် မကြာမကြာ မေတ္တာပို့ရမယ်။
ဒီတော့ ဒေါသကို ထိန်းချုပ်နိုင်ဖို့အတွက် နှလုံးသွင်းလည်း မှန်ကန်ရမယ်။ ပါးစပ်လည်း ပိတ်နိုင်ရမယ်။ မေတ္တာလည်း မကြာမကြာ ပို့ရမယ်။ ဒါဆိုရင် ဒေါသကို ထိန်းချုပ်နိုင်သွားတယ်။ ဒေါသကို ထိန်းချုပ်နိုင်ရင် ပြဿနာလည်း ကင်းသွားတယ်။ ပြဿနာကင်းတဲ့ဘဝကိုပဲ " ငြိမ်းချမ်းတဲ့ဘဝ" လို့ ဆိုပါတယ်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်