စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 2, 2023

ကျေနပ်ဖို့လိုတယ်

ကျေနပ်ဖို့လိုပါတယ်
_______🍁☘🍁_________

လူ့ဘဝဆိုသည်ကား ကျေနပ်စရာ ဘဝပင် ဖြစ်၏။ ကျေနပ်စရာ ဘဝ ဖြစ်ပါလျက် မကျေနပ်ကြ။ ဘာကြောင့်နည်း၊ လောဘကို အနား မသတ်နိုင်သောကြောင့်တည်း။ 

မှန်၏။ ပုထုဇဉ်လူသားတို့သည် လောဘရှိနေကြသည့်အတွက် အာရုံအမျိုးမျိုး ပစ္စည်းအမျိုးမျိုး လိုချင်နေကြ၏။ လိုချင်သောကြောင့် ရှာဖွေကြ၏။ ရှာဖွေသောကြောင့် ရတာ ရှိသကဲ့သို့ မရတာလည်း ရှိ၏။

မရတော့လည်း မရလို့ ဆိုပြီး မကျေနပ်၊ ရတော့လည်း နည်းလို့ ဆိုပြီး မကျေနပ်။ တရားခံကား လောဘကို အနား မသတ်နိုင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ကိုယ့်မှာ ရှိသည့်အရာလေးနှင့် ကျေနပ်ဖို့ လိုအပ်ပါသည်။ လက်တွေ့မှာ " လိုတရ ဘဝ" ဆိုသည်မှာ မရှိပါ။ ထို့ကြောင့် လိုတိုင်း မရလို့ စိတ်ညစ်မည်ဆိုလျှင် ဘယ်သောအခါမှ စိတ်ချမ်းသာမည် မဟုတ်တော့။

တကယ်တော့ လူ့ဘဝဆိုသည်မှာ ကျေနပ်စရာ ဘဝပင့်ဖြစ်၏။ ကျေနပ်စရာဘဝ ဖြစ်ပါလျက် မကျေနပ်ခြင်းသည် လူ့ဘဝတန်ဖိုးကို နားမလည်သောကြောင့်တည်း။

ထို့ကြောင့် လူ့တန်ဖိုးကို နားလည်ဖို့ လိုအပ်ပေသည်။ လူ့တန်ဖိုးကို နားလည်ဖို့အတွက် အပါယ်လေးဘုံနှင့် နှိုင်းယှဉ်ပြီး သုံးသပ်ရမည် ဖြစ်သည်။

မှန်၏။ အပါယ်လေးဘုံနှင့် နှိုင်းယှဉ်ကြည့်လျှင် လူ့ဘဝသည် ကျေနပ်စရာ အလွန်ကောင်းသည့် ဘဝပင် ဖြစ်၏။ 

လူတို့နှင့် နီးစပ်သည့် တိရစ္ဆာန်ဘဝကို ကြည့်လိုက်ပါ။ ဖားနိုင်ဖားစား ငါးနိုင်ငါးစားဖြင့် အားကြီးသည့် သတ္တဝါက အားနည်းသည့် သတ္တဝါကို အနိုင်ယူနေကြသည့် ဘဝပင် ဖြစ်သည်။ ဘာအသိမှ မရှိသကဲ့သို့ ဘာကောင်းမှုမှ နားမလည်သော ဘဝပင် ဖြစ်သည်။

လူသည် စဉ်းစားဉာဏ် ရှိသည့်အတွက် အကောင်းအဆိုးကို ဝေဘန်နိုင်စွမ်း ရှိ၏။ ကိုယ့်စိတ် ကိုယ်ပိုင်၏။ ကိုယ့်အလုပ် ကိုယ်လုပ်လို့ ရ၏။ မည်သည့်အခြေအနေဘဲ ရောက်ရောက် တပိုင်တနိုင် ကောင်းမှုလေးများ လုပ်ခွင့်ရ၏။ 

ဤအခွင့်အရေးသည် လူ့တန်ဖိုး ဖြစ်၏။ ဤအခွင့်အရေးကို လက်တွေ့အသုံးချနေလျှင် "ကျေနပ်စရာ ဘဝ" ဟု ဆိုရမည် ဖြစ်သည်။

မြတ်ဘုရားနှင့် သုပ္ပဗုဒ္ဓ
-------------------

အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးပြီး တရားဟောတော်မူသည်။ ထိုတရားပွဲသို့ သုပ္ပဗုဒ္ဓ အမည်ရှိသော ရောဂါသည်တစ်ယောက် ရောက်လာပြီး တရားနာလေသည်။

သူသည် တရားကို စူးစူးစိုက်စိုက် နာလေသည်။ တရားနာရင်း တရားမှတ်၊ တရားမှတ်ရင်း တရားနာသည့်အတွက် တရားတော်၏အဆုံး၌ သောတာတာပန် ဖြစ်သွားလေ၏။

ထို့နောက် သုပ္ပဗုဒ္ဓသည် မိမိရသောတရားထူးတရားမြတ်ကို လျှောက်ထားရန်အတွက် ဘုရားထံ သွားလေသည်။ 

သိကြားမင်းက သူ၏ သဒ်ဓါတရားကို အကဲခတ်လိုသောကြောင့် ကောင်းကင်ယံအထက်ကနေ လှန်းမေးလိုက်၏။ 

" ဟေ့ သုပ္ပဗုဒ္ဓ ဘယ် သွားမလို့လဲ"။ 

" သင် ဘယ်သူလဲ"။

" ငါက သိကြားမင်းပါ"။

" အော် ဟုတ်ပီ၊ ဘာပြောစရာရှိလဲ သိကြားမင်းကြီး"။

" တခြား မဟုတ်ပါဘူးကွာ၊ မင်း ဆင်းရဲနေတာကို ငါ မကြည့်ရက်ဘူး၊ ဒါကြောင့် စည်းစိမ်ဥစ္စာတွေ ပေးချင်လို့ပါ၊ တစ်ခုတော့ ရှိတယ်၊ ဘုရားဟာ ငါတို့အတွက် ဘာမှ အကျိုး မရှိဘူး၊ အလကားပဲလို့ ပြောရလိမ့်မယ်၊ ဒီလို ပြောရင် မင်းကြိုက်တာ ပြော၊ ငါ ပေးမယ်"။

" သိကြားမင်းကြီး မိုက်လှချည်လား၊ ဘယ်လိုများ ပြောလိုက်တာလဲဗျာ၊ ကျုပ်က အသက်ကိုသာ အသေခံမယ်၊ ဘုရားဟာ အလကားပဲလို့တော့ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး"။

" ဘာဖြစ်လို့လဲ သုပ္ပဗုဒ္ဓ"။

" ကျုပ်ရင်ထဲ ဘုရား ရှိတယ်၊ ကိုယ်နိုင်သလောက် လှူတယ်၊ ငါးပါးသီလ ခါးဝတ်ပုဆိုးလို မြဲတယ်၊ ဝိပဿနာတရားကိုလည်း အားထုတ်နေတယ်၊ ဒါကြောင့် ကျုပ်ဘဝကို ကျေနပ်တယ်၊ ကျုပ်က ပျာယာခတ်နေတဲ့ အပူသည် မဟုတ်ဘူး၊ ကျုပ်ဘဝက အင်မတန် ငြိမ်းချမ်းတယ်၊ ရှင်းအောင် ပြောမယ်ဗျာ၊ ကျုပ်က လူချမ်းသာဗျ" ။

သုပ္ပဗုဒ္ဓ၏ ရဲရဲတောက်စကားကြောင့် သိကြားမင်းကြီး ဘာမှ ပြန် မပြောတော့ဘဲ ပြန်သွားလေသည်။ သုပ္ပဗုဒ္ဓသည် ဘာကြောင့် သူ့ကိုယ်သူ လူချမ်းသာဟု ပြောသနည်း၊ သူ့ဘဝသူ ကျေနပ်နေသောကြောင့်တည်း။

အချက် ၅- ချက်
----------------

သုပ္ပဗုဒ္ဓသည် ဆင်းရဲသားတစ်ယောက်ပင် ဖြစ်၏။ အလုပ် ကြိုးစား၏။ သို့သော် ကံကြမ္မာက အညံ့ဘက် ရောက်နေသည့် အတွက် ဘာလုပ်လုပ် အဆင်မပြေလှ၊ အလုပ်က အဆင်မပြေသည့် ကြားထဲ ရောဂါဖြစ်သည့်အတွက် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်သွားပြီး စားဝတ်နေရေး ကျပ်တည်းသွား၏။

စားဝတ်နေရေး ကျပ်တည်းသော်လည်း သူသည် စိတ်ဓာတ်မကျ၊ ရှိသည့်အရာလေးနှင့် ကျေနပ်၏။ ဘာကြောင့်နည်း၊ လူ့တန်ဖိုးကို နားလည်သောကြောင့်တည်း။

သူသည် လူ့တန်ဖိုးကို နားလည်သောကြောင့် တပိုင်တနိုင် ကောင်းမှုများကို ပုံမှန် လုပ်၏။ ထို့ကြောင့် သူ့ဘဝလေးကို ကျေနပ်နေတော့၏။ ဆင်းရဲသားဖြစ်လျက် သူ့ဘဝသူ ကျေနပ်နေခြင်းသည် ငြိမ်းချမ်းစွာ နေတတ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကျေနပ်စရာဘဝလေး ဖြစ်ဖို့အတွက် အချက် ၅- ချက် လိုက်နာရမည်။

၁။ စိတ်ကူးယဉ် အတွေးထဲမှာ မျောမနေဘဲ ယခုဖြစ်ဆဲ ပစ္စုပ္ပန်မှာ လက်တွေ့ကျကျ လုပ်ရမည်။

၂။ ဖြစ်နိုင်ချေရှိသော အလုပ်ကို ကြိုးစားပြီး ဘယ်လောက်ရရ ရသမျှကို ကျေကျေနပ်နပ် လက်ခံနိုင်ရမည်။

၃။ အပျော်အပါး အသောက်အစား တို့ကို ရှောင်ကြဉ်ပြီး ဘဝတန်ဖိုးကို မြှင့်ပေးရမည်။

၄။ လောဘကို အနားသတ်, ရှိတာလေးနှင့် ကျေနပ်ပြီး အလုပ်ကို ကြိုးစားရမည်။

၅။ သူတပါး ဒုက္ခရောက်မည့် အလုပ်မျိုးကို ရှောင်ကြဉ်ပြီး တပိုင်တနိုင် ကောင်းမှုများကို ပုံမှန် လုပ်ရမည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment