_______________
လူ့စိတ်သည် အဆင်မပြေလျှင် သောက ဖြစ်ပြီး အဆင်ပြေလျှင် အပျော်အပါးဘက် ရောက်သွားတတ်၏။ ဤကား လူတိုင်း မဟုတ်သော်လည်း ဖြစ်တတ်သည့် သဘာဝတည်း။ ထို့ကြောင့် စိတ်ကို လွှတ်မထားရ၊ ထိန်းချုပ်ပေးရမည် ဖြစ်၏။ စိတ်ကို ထိန်းချုပ်ပေးမှ တည်ငြိမ်မည် ဖြစ်၏။ တည်ငြိမ်မှလည်း ငြိမ်းချမ်းမည် ဖြစ်ပါပေ၏။
ပရိတ်ပဋ္ဌာန်းရွတ်ခြင်း ဂုဏ်တော်ပွားများခြင်း တရားထိုင်ခြင်းတို့သည် စိတ်ကို ထိန်းချုပ်ခြင်းပင် ဖြစ်၏။ ပရိတ်ပဋ္ဌာန်း ရွတ်လျှင် စိတ်က ပရိတ်ပဋ္ဌာန်းထဲ ရောက်သွား၏။ ဂုဏ်တော်ပွားများလျှင်လည်း စိတ်က ဂုဏ်တော်ထဲ ရောက်သွား၏။ တရားထိုင်လျှင်လည်း စိတ်က ရုပ်တရားနာမ်တရားပေါ် ရောက်သွား၏။
ထို့ကြောင့် စိတ်ထဲမှာ အတွေး မများတော့ပေ။ အတွေး မများလျှင် သောကလည်း ဖြစ်စရာ မရှိသလို အပျော်အပါးဘက်လည်း ရောက်စရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ရသည့်အချိန်လေးတွင် ပရိတ်ပဋ္ဌာန်းပဲ ရွတ်ရွတ် ဂုဏ်တော်ပဲ ပွားများပွားများ တရားပဲ ထိုင်ထိုင် တစ်ခုခု လုပ်သင့်လှပေသည်။
လူပျံတော်ပတ္တမြားဦးမောင်မောင်
-------------------------------
ဦးမောင်မောင်သည် ခြေသလုံးအိမ်တိုင်ဘဝမှ ကြီးပွားချမ်းသာလာသူ ဖြစ်၏။ ကြီးပွားချမ်းသာလာသောအခါ သိန်းပေါင်းများစွာ အကုန် အကျခံ လှူဒါန်းပြီး သာသနာပြုခဲ့လေသည်။ ရန်ကုန်မြို့ရှိ ပဉ္စနိကာယ်ကျောင်းတိုက်ကြီးသည် ဦးမောင်မောင် လှူဒါန်းခဲ့သော ကျောင်းတိုက်ကြီးပင် ဖြစ်သည်။
ဦးမောင်မောင်သည် ရဟန်းဘဝမှ ထွက်လာသော သူဌေး ဖြစ်၏။ သူသည် ရဟန်းဘဝမှ လူထွက်ပြီးနောက် ရန်ကုန်မြို့ ရောက်လာ၏။ အလုပ် အဆင်မပြေသဖြင့် တော်လှန်ရေးပန်းခြံအနီး၌ ဆင်းရဲစွာ နေထိုင်ခဲ့ရ၏။ အိမ်က ဓနိမိုး ဖြစ်၏။ ကြမ်းခင်းက သံမရိုက်နိုင်သဖြင့် ထိုးထိုးထောင်ထောင် ဖြစ်နေ၏။ အောက်ကဆင့်ကလည်း စုံအောင်မရှိတော့ ခဲခုထားရ၏။ ထိုမျှလောက် ဆင်းရဲလေ၏။
သူ၏ အလုပ်မှာ တိုင်းရင်းဆေးရောင်းခြင်း ဖြစ်၏။ တိုင်းရင်းဆေးနည်းကလေး ကိုယ်တိုင် စမ်းဖော်ကာ မောင်းထုပြီး မြို့ထဲ လှည့်ရောင်းရလေ၏။ တခါတရံ သိကြားလိုလို, ဗြဟ္မာလိုလို ဝတ်တန်ဝတ်ပြီး အော်ဟစ်ကာ ရောင်းခဲ့ရလေသည်။
သူ၏အာစိဏ္ဏကံကုသိုလ်မှာ ပရိတ်ရွတ်ခြင်း ဂုဏ်တော်ပွားများခြင်း ဖြစ်သည်။ သူသည် ဘယ်လောက် အလုပ်ရှုတ်ရှုတ် ပါးစပ်က တတွတ်တွတ်နှင့် ပရိတ်ရွတ်လေ၏။ ဆင်းရဲသော်လည်း သံဃာများကို အိမ်မှာပင့်ပြီး မကြာမကြာ ဆွမ်းကပ်၏။
သူသည် " သာသနာပြုနိုင်ရပါလို၏" ဆုတောင်းပြီး အလုပ် လုပ်၏။ သူ့ဆေးသည် လူကြိုက်များလာပြီး တဖြေးဖြေးနှင့် ရောင်းအား ကောင်းလာလေ၏။ သူ၏ အအောင်မြင်ဆုံး ဆေးမှာ " လူပျံတော်ပတ္တမြားသွေးဆေး" ဖြစ်သည်။ ထို့နောက် လုပ်ငန်းတိုးတက်လာပြီး ဘုရားဒကာ ကျောင်းဒကာအဖြစ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ဦးမောင်မောင်သည် သူ့မိတ်ဆွေတို့ကို ကျွန်တော်က ကိုယ့်ကိုကိုယ် ယုံကြည်တယ်လေဗျာ....ငါလုပ်ရင် ဖြစ်တယ် ဆိုတာ၊ ဒါ စိတ်ကူးယဉ်တာ မဟုတ်ဘူး၊ ကျွန်တော့် လက်တွေ့ပဲ၊ ဗေဒင် ဟောထားလို့ ယုံစားနေတာမျိုးလဲ မဟုတ်ဘူး၊ နေ့စဉ် ပရိတ်ရွတ်သဗျား၊ ဂုဏ်တော်ပွား၊ တရားထိုင်သဗျာ၊ ဒါတွေကို ကျွန်တော် အားကိုးပြီး လုပ်နေတာဗျာ၊ ဒါကြောင့် သာသနာပြုအလှူတွေကို လုပ်နိုင်တာပါ" ဟု ပြောပြလေသည်။
လူပျံတော်ပတ္တမြား ဦးမောင်မောင်သည် ဆင်းရဲသည်ဖြစ်စေ, ချမ်းသာသည်ဖြစ်စေ အာစိဏ္ဏကံကုသိုလ်ကို လုပ်ဖြစ်အောင် လုပ်၏။ အာစိဏ္ဏကံဟူသည် ပုံမှန်လုပ်သော ကံပင် ဖြစ်၏။ ယင်းအာစိဏ္ဏကံကုသိုလ်ကြောင့် သူဌေးကြီးသည် ဆင်းရဲတုန်းကလည်း သောကအဖြစ် နည်း၏။ ချမ်းသာတော့လည်း အပျော်အပါးကို မျက်နှာလွှဲထား၏။ သာသနာပြုကုသိုလ်များဖြင့် ဘဝခရီးကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့လေသည်။
ကုသိုလ်ကံကို မြှင့်တင်ပါ
------------------------------
လူ့ဘဝကို ရလာခြင်းသည် အတိတ်ဘဝက ပြုလုပ်ခဲ့သော ကုသိုလ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် ကုသိုလ်ကံကို အာစိဏ္ဏကံဖြင့် မြှင့်တင်ပေးဖို့ လို၏။ ကုသိုလ်ကံကို အာစိဏ္ဏကံဖြင့် မြှင့်တင်ပေးမှ ကုသိုလ်ကံသည် အားကောင်းလာမည် ဖြစ်သည်။ ကုသိုလ်ကံ အားကောင်းလာမှလည်း အကျိုးပေး အားကောင်းမည် ဖြစ်သည်။
ပရိတ်ပဋ္ဌာန်းပဲ ရွတ်ရွတ် ဂုဏ်တော်ပဲ ပွားများပွားများ တရားပဲ ထိုင်ထိုင် တစ်ခုခုလုပ်နေလျှင် အကုသိုလ်ကံများ အားနည်းပြီး ကုသိုလ်ကံများ အားကောင်းလာ၏။ ဘာကြောင့်နည်း၊ လောဘ ဒေါသများ အဖြစ်နည်းသွားသောကြောင့်တည်း။
အကုသိုလ်ကံ အားနည်းပြီး ကုသိုလ်ကံများ အားကောင်းလာလျှင် ဘေးဥပဒ်အန္တရာယ်များ ပပျောက်သွားပြီး ကောင်းကျိုးချမ်းသာများ ရရှိလာမည် ဖြစ်သည်။ ထို့ကြောင့် ဘဝမှာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် အာစိဏ္ဏကံကုသိုလ်ကို အားကိုးသင့်လှပေသည်တကား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
______________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment