🌸🌸🌸🌸🌸🦋🦋🌸🌸🌸🌸
လူတွေဟာ ချမ်းသာချင်ကြတယ်။
အခုမှမဟုတ်ပါဘူး။ ရှေးတုန်းကတည်းကပါ။
အင်္ဂုတ္တိုရ်နိကာယ်မှာ ဒီလိုဟောထားပါတယ်။
ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊
ကက္ကရပတ္တမြို့မှာ ဒီဃဇာဏု ဆိုတဲ့အမျိုးသားဟာ
ဒီဘဝမှာ ချမ်းချမ်းသာသာနေချင်ပါတယ်၊
အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေကောင်းများရှိပါသလား
လို့ မေးလျှောက်ခဲ့ပါတယ်။
ဗုဒ္ဓက ရှိတယ်၊ ဒီဘဝအတွက်
ဟိတသုခအခြေအနေကောင်းတွေနဲ့
ချမ်းသာသုခကို ရစေနိုင်တဲ့ အချက် (၄) မျိုးရှိတယ်။
(၁) ဥဋ္ဌာနသမ္ပဒါ - ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့
ကြိုးကြိုးစာစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။
ကြိုးစားတိုင်းရသလားဆိုတော့ မရနိုင်ဘူး။
ဒက္ခ- လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်၊
အနလသ- ဇွဲကောင်းမှုရှိရမယ်။
ဥပါယဝီမံသ- နည်းပညာရှိရမယ်။
ကြိုးစားမှုရှိရုံတစ်ခုတည်းနှင့်တော့ မရဘူး။
ကြိုးစားမှုရှိတဲ့အထဲမှာ အရေးကြီးဆုံးအချက်
(၃) ချက်ပါတယ်။ ကြိုးတော့ကြိုးစားတယ်၊
လုပ်ငန်းက မကျွမ်းကျင်ရင် မအောင်မြင်နိုင်ဘူး။
ကြိုးတော့ကြိုးစားတယ်၊
ဇွဲမကောင်းရင်လည်း မအောင်မြင်နိုင်ဘူး။
ကြိုးစားတယ်၊ နည်းပညာက နိမ့်ကျနေတယ်၊
စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေမရှိဘူး ဆိုရင်လည်း
မအောင်မြင်နိုင်ဘူးတဲ့။
ဒါ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓက
စီးပွားရေးမှာအောင်မြင်ဖို့ နည်းလမ်းညွှန်ပြပေးထားတာပါ။
ပိဋကတ်တော်တွေထဲမှာ ပါတဲ့တရားပါ။
လုပ်ငန်းကျွမ်းကျင်မှု၊
ဇွဲကောင်းမှု၊
နည်းပညာ၊
အဲဒီသုံးရပ်ပေါင်းစပ်ထားတဲ့
ကြိုးစားအားထုတ်မှုရှိရမယ်တဲ့။
(၂) အာရက္ခသမ္ပဒါ - ထိန်းသိမ်းစောင့်ရှောက်မှုရှိရမယ်။
လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ
ထုတ်လုပ်နိုင်တယ်။ သို့သော် မထိန်းသိမ်းဘူးဆိုရင်
အလေ့အလွင့်တွေများပြီးတော့ စီးပွားဥစ္စာ
တိုးသင့်သလောက် မတိုးဘူး။ အလုပ်လုပ်ပြီးရလာတဲ့
ပစ္စည်းကို ရေကြောင့်၊ မီးကြောင့်၊ ရန်သူမျိုးငါးပါးကြောင့်
မပျက်စီးအောင်၊ အလေ့အလွင့်မရှိအောင် သေချာ
စောင့်ရှောက်မှုဆိုတဲ့ အာရက္ခသမ္ပဒါတရားရှိဖို့ လိုသေးတယ်။
ဒါလည်း ဒုတိယအချက်အနေနဲ့ ယခုလက်ရှိဘဝမှာ
စီးပွားတက်ဖို့ ဗုဒ္ဓက ဟောထားတာ။ ဒါလည်း
အင်မတန်လိုအပ်တဲ့ အကြောင်းတရားပါ။
(၃) ကလျာဏမိတ္ထာ - မိတ်ဆွေကောင်းရှိရမယ်၊
စီးပွားရေးနဲ့ပတ်သက်ပြီး အကြံပေးမည့်သူ၊
အကျင့်စာရိတ္တကောင်းတဲ့သူ၊ အသိပညာရှိတဲ့သူ၊
စွန့်လွှတ်နိုင်တဲ့သူ၊ ယုံကြည်ရတဲ့သူ၊
ဒီလို မိတ်ဆွေကောင်းတွေ အင်မတန်မှ လိုအပ်ပါတယ်။
ဒီကနေ့ခေတ်ကြည့်
စီးပွားဥစ္စာ တိုးတက်နေတဲ့ပုဂ္ဂိုလ်တွေတိုင်းဟာ
ဒီအခြေအနေကောင်းတွေ ရှိနေပါတယ်။
ကြိုးစားအားထုတ်မှုကြောင့် ပစ္စည်းဥစ္စာတွေ ရရှိလာမယ်။
ထိန်းထိန်းသိမ်းသိမ်းရှိတတ်လို့ စုဆောင်းမှုလည်းရှိလာမယ်။
သို့သော် မိတ်ဆွေကောင်းမရှိဘူးဆိုရင်
အဲဒီပစ္စည်းတွေဟာ သဲထဲရေသွန်သလို
အသုံးအဖြုန်းနဲ့ တစ်ခါတည်း ပျက်စီးဆုံးရှုံး သွားနိုင်တယ်။
(၄) သမဇီဝိတာ - နောက်ဆုံး စီးပွားရေးနဲ့ပတ်သက်ပြီး
တကယ်လည်း အရေးကြီးဆုံးတစ်ချက်ကတော့
သမဇီဝိတာ- ရလာတဲ့ပစ္စည်းဥစ္စာ၊
ကိုယ်ထုတ်လုပ်တဲ့ပစ္စည်း၊
ကိုယ့်ရဲ့ဝင်ငွေထွက်ငွေနဲ့ပတ်သက်ရင်
စာရင်းဇယား ခိုင်ခိုင်မာမာထားပြီးတော့
ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတ ဖြစ်နေဖို့
အရေးကြီးတယ်။
သမဇီဝိတဆိုတဲ့သဘောက ဝင်ငွေနှင့် ထွက်ငွေ
အမြဲတမ်းညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ်စီးပွားရေး
ပညာလိုပဲ ဝင်ငွေကများပြီးတော့ သုံးငွေ နည်းနေလို့မဖြစ်ဘူး။
သုံးငွေကများပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်း
မဖြစ်ဘူး။ ထိုနှစ်ခုဟာ မျှမျှတတဖြစ်နေဖို့လိုတယ်။
မြတ်စွာဘုရားက လွန်ခဲ့တဲ့နှစ်ပေါင်း
၂၅၀၀ ကျော်ကတည်းက
ကြိုးပမ်းအားထုတ်မှု၊
အလေအလွင့်မရှိအောင် ထိန်းသိမ်းမှု၊
မိတ်ဆွေကောင်းရှိမှု၊
ဝင်ငွေထွက်ငွေ မျှမျှတတသုံးစွဲမှုဆိုတဲ့
အချက်ကြီးလေးချက်ကို ဟောခဲ့ပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှမဟုတ်ပါဘူး။
ဒီစည်းကမ်းအတိုင်း ဆောင်ရွက်မယ်ဆိုရင်
စီးပွားရေးတိုးတက်လာမှာပဲ။ အများကြီး
မတိုးတက်တောင် ပျက်စီးမသွားတော့ဘူး။
ဒါ ဒီဘဝမှာ ကောင်းတဲ့အခြေအနေတွေနဲ့
ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်လေးချက်ပါပဲ။
🙏ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏
(မြတ်ဗုဒ္ဓဒေသနာနှင့်ယနေ့ကမ္ဘာ တရားတော်မှ)
စကားလက်ဆောင် တရားလက်ဆောင်မှ
No comments:
Post a Comment