စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 30, 2023

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့
___________________________

မေတ္တာဆိုသည်ကား သူတပါး အကျိုးစီးပွားကို လိုလားသည့် စိတ်ပင်တည်း။ " သူတပါးကို ကူညီမယ် စောင့်ရှောက်မယ်" ဆိုသည့် စိတ်ပင် ဖြစ်သည်။ ယင်းစိတ်ကောင်းလေးများ ကိုယ့်သန္တာန် ဖြစ်စေဖို့အတွက် ပွားများရသည့် ဘာဝနာကို " မေတ္တာဘာဝနာ" ဟု ခေါ်လေသည်။

လူဆိုသည်ကား ပတ်ဝန်းကျင်နှင့် ဆက်စပ်နေ၏။ ပတ်ဝန်းကျင်နှင့် ဆက်စပ်နေသည့်အတွက် ကိုယ့်လုပ်ရပ်သည် ကောင်းသည်ဖြစ်စေ, ဆိုးသည်ဖြစ်စေ၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ရှိ၏။

ဆိုကြပါစို့၊ လူတစ်ယောက် ဒေါသဖြစ်ပြီး သောင်းကြမ်းနေလျှင် ပတ်ဝန်းကျင်တစ်ခုလုံးလည်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားလေ၏။ ထို့ကြောင့် ဒေါသဖြစ်ပြီး သောင်းကြမ်းနေခြင်းသည် ပတ်ဝန်းကျင်ကို ဒုက္ခပေးနေခြင်းပင် ဖြစ်၏။

လူတစ်ယောက် စူးစိုက်ပြီး မေတ္တာပို့နေလျှင် ပတ်ဝန်းကျင်တစ်ခုလုံး အအေးဓာတ် ပြန့်နှံ့သွားလေ၏။ ထို့ကြောင့် မေတ္တာပို့နေခြင်းသည် ပတ်ဝန်းကျင်ကို အအေးဓာတ် ပေးနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် စရိယာပိဋကအဋ္ဌကထာ (၉၁)မှာ " ဝေဿန္တရာမင်းကြီး၏ မေတ္တာဓာတ်ကြောင့် ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ အချင်းချင်း မေတ္တာသက်ဝင်ကြကုန်၏" ဟု ပြဆိုထားလေသည်။ အနှစ်ချုပ်မှာ မေတ္တာဘာဝနာ ပွားများခြင်းသည် ပတ်ဝန်းကျင်ကို အအေးလှိုင်းများ ထုတ်လွှင့်နေခြင်း ဖြစ်၏ဟု ဆိုလိုပေသည်။

ရဟန်းနှင့်နတ်များ
--------------------

ဘုရားလက်ထက်တော်အခါက ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတောင်း၍ တောအုပ်တစ်ခုတွင် တရား အားထုတ်၍ နေကြလေကုန်၏။

ရဟန်းတော်တို့၏ သီလ သမာဓိ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင် များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ နေကြရလေ၏။ အချိန်ကြာမြင့်စွာ နေရသောအခါ သည်းမခံနိုင်တော့သဖြင့် ရဟန်းတော်များအား သမာဓိမရအောင် အမျိုးမျိုး ခြောက်လှန့်ကြလေ၏။

ရဟန်းငါးရာတို့လည်း ဤအရပ်သည် မနေသင့်ဟု တိုင်ပင်ကြပြီး မြတ်စွာဘုရားထံ သွားရောက်ကာ အကျိုးအကြောင်း လျှောက်ထားကြလေသည်။ ထို့ကြောင့် မြတ်စွာဘုရားက မေတ္တသုတ်တရားတော်ကို ဟောကြားတော်မူလိုက်လေသည်။

ထို့နောက် ရဟန်းတော်များသည် မေတ္တသုတ် ရွတ်ဖတ်ပြီး မေတ္တာ ပို့ကြသောအခါ နတ်များက မခြောက်လှန့်တော့ဘဲ ဝတ်ကြီးဝတ်ငယ်ပြုစုပြီး စောင့်ရှောက်ကြလေသည်။ ထို့ကြောင့် ရဟန်းငါးရာတို့သည် သမာဓိကောင်းကောင်းနှင့် တရားအားထုတ်ကြသောအခါ ဝါတွင်းမှာပဲ ရဟန္တာ ဖြစ်တော်မူခဲ့လေသည်။

ဝါခေါင်လမှာ ဟောသော မေတ္တာတရား
-------------------------------------------

ရဟန်းတော်များသည် မေတ္တာသုတ်နာကြားပြီး တောထဲမှာ ဒုတိယဝါဆိုကြသဖြင့် မေတ္တသုတ် ဟောသောအချိန်သည် ဝါခေါင်လ ဖြစ်ကြောင်း သိရပေသည်။ ထို့ကြောင့် ဝါခေါင်လပြည့်နေ့ကို " မေတ္တာအခါတော်နေ့ ဟု သတ်မှတ်ခဲ့ကြလေသည်။

ပရိတ်ကြီး တစ်ဆယ့်တစ်သုတ် ရှိရာတွင် ဤမေတ္တသုတ်တော်သည် လူသိများသော သုတ်တော် ဖြစ်၏။ ထို့ကြောင့် ဘာသာရေးအခန်းအနားများတွင် ဆရာတော် သံဃာတော်တို့သည် မေတ္တသုတ်တော်ကို ပဓာနထား၍ ရွတ်ဖတ်တော်မူကြခြင်း ဖြစ်သည်။

ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ ဖြစ်သည့်အားလျော်စွာ မေတ္တာဘာဝနာကို ကြိုးစား၍ ပွားများရမည် ဖြစ်သည်။ လောကကြီးသည် လောဘမီး ဒေါသမီး မောဟမီးတို့ တောက်လောင်လျက် ရှိ၏။ ထို့ကြောင့် လောကကြီး ငြိမ်းချမ်းသာယာဖို့အတွက် ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာတိုဖြင့် လွှမ်းခြုံနိုင်အောင် ကြိုးစားရမည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment