စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 29, 2023

ဘာကြောင့်ဆင်းရဲသလဲ

ဘာကြောင့်ဆင်းရဲသလဲ
________🌼🌾🌼__________

ဘဝသစ်ရလာခြင်းကို "ဇာတိ" ဟု ခေါ်၏။ လူ့ဘဝဖြစ်ဖြစ် နတ်ဘဝဖြစ်ဖြစ်  ဘယ်ဘဝပဲ ရရ ဇာတိသာတည်း။ ဇာတိရလာသောကြောင့်  သေရခြင်း ဖြစ်၏။ ထို့ကြောင့် ဇာတိသည် အကြောင်း၊  သေရခြင်းသည် အကျိုးတည်း။

ခန္ဓာကို ဉာဏ်နှင့် ကြည့်လျှင် အမြဲတမ်း အိုနေသည်ကို တွေ့ရ၏။ ထို့ကြောင့် မနေ့က ခန္ဓာနှင့် ဒီနေ့ခန္ဓာ မတူပေ။ ဘာကြောင့်နည်း၊ ဇရာက နှိပ်စက်သောကြောင့်တည်း။ ဇရာဆိုသည်ကား အိုမင်းခြင်းတည်း။ ဇရာနှိပ်စက်သောကြောင့် အသက်ကြီးလာလေ ပိုဆိုးလေပင်။

ထို့ကြောင့် ခန္ဓာကြီးသည် အိုမင်းလာလျှင် ရွာပျက်ကြီးကဲ့သို့ ဖြစ်သွားလေသည်။ ရွာပျက်ကြီးကို ကြည့်လျှင် တချို့အိမ်က ယိုင်၊ တချို့အိမ်က ပြို၊ တချို့အိမ်က ပျက်ပြီး ပုံပျက်ပန်းပျက် ဖြစ်နေတော့၏။

အိုမင်းလာသော ခန္ဓာသည်လည်း မျက်စိက မှုံ၊ နားက ထိုင်း၊ ခါးက ကိုင်း၊ ဆံပင်က ဖြူ၊ အရေက တွန့်ပြီး ပုံပျက်ပန်းပျက် ဖြစ်သွားတော့၏။

ထို့ကြောင့် အသက် ၄၀- ကျော်လျှင် တစ်ပုံလဲသွား၏။ အသက် ၆၀- ကျော်ရင် နှစ်ပုံ လဲသွား၏။ အသက် ၈၀- ကျော်လျှင် ၃- ပုံ လဲသွား၏။ ဤကား ဇရာတည်း။ ဇရာပြီးလျှင် သေရလေတော့သည်။ ဘာကြောင့် သေရသနည်း၊ ဇာတိ ( ဘဝသစ်) ရလာသောကြောင့်တည်း။

အရှင်သာရိပုတ္တရာနှင့် ဘာသာရေးဆရာ
-------------------------------------

တနေ့တွင် အရှင်သာရိပုတ္တရာ သီတင်းသုံးသည့် နေရာသို့  ဘာသာရေးဆရာ တစ်ယောက် ရောက်လာ၏။ သာမဏ္ဍကာနိဟု ခေါ်၏။ သူက အရှင်မြတ်နှင့် ဝါဒမတူသော ဘာသာရေးဆရာတစ်ယောက်ပင် ဖြစ်၏။ သို့သော် ရင်းနှီးမှု ရှိကြသောကြောင့် တရားဆွေးနွေးကြ၏။ ယင်းသို့ တရားဆွေးနွေးရင်းဖြင့် အရှင်သာရိပုတ္တရာကို မေးလေသည်။

" အရှင်ဘုရား ချမ်းသာချမ်းသာလို့ ပြောကြတယ်၊ ချမ်းသာဆိုတာ ဘာပါလဲ"။

" ဘဝသစ်၌ မဖြစ်မှုသည် ချမ်းသာပဲ"။

" အရှင်ဘုရား ဒါဆိုရင် ဆင်းရဲဆင်းရဲလို့ ပြောကြတယ်၊ ဆင်းရဲဆိုတာ ဘာပါလဲ"။

"သာမဏ္ဍကာနိ ရေ ... ဘဝဖြစ်ပေါ်လာခြင်းဟာ ဆင်းရဲပဲ" ဟု အနှစ်ချုပ်၍ ရှင်းပြလိုက်လေသည်။

ဇာတိသည် ဒုက္ခ၊ ဇာတိ မရှိမှုသည် သုခဟု ဆိုလိုသည်။ မှန်၏။ ဇာတိ ရလာသောကြောင့် သေရ၏။ သေရသောကြောင့် ဆင်းရဲ၏။ ဇာတိ မရှိလျှင် မသေရတော့။ မသေရလျှင် ထာဝရ ချမ်းသာသွားတော့၏။ ထို့ကြောင့် ဇာတိသည် ဒုက္ခ , ဇာတိ မရှိမှုသည် သုခဟု ဖြေကြားလိုက်ခြင်း ဖြစ်သည်။ ယင်းဖြေကြားချက်ကြောင့် ဘာသာရေးဆရာသည် သဘောကျပြီး ပြန်သွားလေတော့သည်။

နိဗ္ဗာန်မှာ ဇာတိ မရှိ
---------------------

ဒုက္ခချုပ်ငြိမ်းဖို့အတွက် အရေးကြီးဆုံးကား ဇာတိချုပ်ငြိမ်းရေးပင် ဖြစ်သည်။ ဇာတိချုပ်ဖို့အတွက် လောဘ ဒေါသစသော ကိလေသာတရားဆိုးတို့ကို ပယ်သတ်ရမည် ဖြစ်၏။ ဘာကြောင့်နည်း၊ ကိလေသာတရားတို့သည် ဇာတိ၏ အကြောင်း ဖြစ်သောကြောင့်တည်း။

ကိလေသာတရားဆိုးတို့ကို ပယ်နိုင်ဖို့အတွက် ဝိပဿနာ အားထုတ်ရမည် ဖြစ်သည်။ ဝိပဿနာဆိုသည်ကား ခန္ဓာဉာဏ်ရောက်တရားတည်း။ ခန္ဓာကို ဉာဏ်နှင့် ကြည့်မှ အနိစ္စကို မြင်မည် ဖြစ်၏။ အနိစ္စကို မြင်မှ ဒုက္ခကို မြင်မည် ဖြစ်၏။ ဒုက္ခကို မြင်မှ ကိလေသာ ချုပ်ငြိမ်းမည် ဖြစ်၏။ 

ကိလေသာချုပ်လျှင် ဘဝသစ် ( ဇာတိ) ဆိုသည်မှာလည်း မလာတော့။ ဘဝသစ် ( ဇာတိ) မလာလျှင် သေခြင်းတရားလည်း မရှိတော့ပေ။ သေခြင်းတရား မရှိလျှင် ဒုက္ခငြိမ်းသွားတော့၏။ ဒုက္ခငြိမ်းသွားခြင်းကိုပင် " နိဗ္ဗာန်" ဟု ခေါ်ပါသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Saturday, September 23, 2023

ထမင်းမလွတ်စေနဲ့

ထမင်းမလွတ်စေနဲ့
_______☘🌺☘______

တခါက လယ်တီဆရာတော်ကြီးသည် တပည့်ဖြစ်သူ ဦးခင်အား ပရိတ်ပဋ္ဌာန်းနှင့် ပတ်သက်၍ ရှင်းပြတော်မူ၏။

" မောင်ခင်.... "    
" ဘုရား.... "
" မင်း ထမင်းစားသလားကွယ့် '
" နေ့တိုင်းစားပါတယ်ဘုရား "

" အချိုလေး အချဉ်လေးကော မစားဘူးလား "
" စားပါတယ်ဘုရား "

" အချိုအချဉ်ကျတော့ ဘာတွေစားလည်း "
" မှန်ပါ့ အချိုစားချင်တဲ့ခါ ထန်းလျက် ကြံသကာ
   သကြားစားပါတယ်ဘုရား ။ အချဉ်စားလိုတဲ့ခါ
   သံပုရာ ရှောက်များ စားပါတယ်ဘုရား "

" အေးအေး အချို အချဉ်ချည်းပဲစားတော့ကော
   ထမင်းမစားပဲနေနိုင်လားကွယ့် "
" ထမင်းမစားပဲမနေနိုင်ပါဘူးဘုရား "

" ဒီလိုပဲမောင်ခင် တို့ဘုရားရှင်ရဲ့ 
အာဏာစက်တွေက 
ခုထိပူပူနွေးနွေးရှိသေးတယ် ။ 
ဘုရားရှင်ရဲ့ ပရိတ်တော်တွေ  
ပဌာန်းဒေသနာတော်တွေ ဓမ္မခဏ်တွေကို 
ထမင်းလို့မှတ်ကွယ့် ။

ရံဖန်ရံခါစားတာက အချိုအချဉ်နဲ့တူတဲ့ဂါထာ
မန္တာန်တွေ ရွတ်ကြတာနဲ့တူတယ် ။

ဂါထာမန္တာန်တွေဆိုတာ သူ့နေရာနဲ့သူ 
အသုံးတည့်ပေမယ့် 
ထမင်းကိုလက်လွှတ်လို့မရဘူး

ဟိုဂါထာကောင်းနိုးနိုး 
ဒီဂါထာအစွမ်းထက်နိုးနိုးနဲ့ 
ရွတ်နေလို့ကော အကျိုးထူးပါ့မလားကွယ့်...."

" မထူးပါဘူးဘုရား "

" ဥပမာတစ်ခုပြောပြမယ် .
တစ်ခါက ခရီးသွားတစ်ယောက်ဟာ 
ရေမွတ်သိပ်လာလို့ 
ရေရှိနိုင်မယ့် နေရာတွေကို တူးသတဲ့ ။   
တွင်းတွေသာ
တစ်တွင်းပြီးတစ်တွင်းများလာတယ် 
ဘယ်တွင်းမှ ရေမရဘူးကွယ့် ။

ဒီလိုနဲ့ လက်မှိုင်ချနေတုန်း  
လူတစ်ယောက်ရောက်လာပြီး  
ဒျီလိုတူးနလေို့တော့ သည်တစ်သက်  
ရေသောက်ရမှာမဟုတ်ဘူး ။   
တူးလက်စတွင်းတွေထဲက 
အနက်ဆုံးတွင်းကို ရှာပြီးဆက်တူးပါ....
လို့ ပြောပြီးထွက်သွားသတဲ့ ။

ဒီတော့မှ....ဟုတ်သားပဲ ဆြိုပီး 
သူတူးထားတဲ့တွင်းတွေထဲက 
အနက်ဆုံးတွင်းကိုဆက်တူးလိုက်တဲ့အခါကျတော့မှ 
ရေကြည်တွေထွက်လာတယ်တဲ့....

ဂါထာတွေရွတ်တဲ့အခါမှာလည်း 
ကိုယ့်စိတ်နဲ့တစ်ထပ်ထဲကျတဲ့ ဂါထာကို 
ထုံနေအောင် စွဲစွဲမြဲမြဲရွတ်ရတယ်ကွယ့် 
ဘယ်အရာမဆို ထက်သန်တဲ့ ဇွဲလုံ့လနဲ့ 
တစိုက်မတ်မတ်လုပ်ရတယ်....
ဒါမှရေကြည်သောက်ရမယ်ဆိုတာမှတ်ထား။

တို့ဘုရားအာဏာစက်က 
ဇာတိခေတ် အာဏာခေတ် ဝိသယခေတ်ဆိုတဲ့ စကြာဝဠာကုဋေတစ်သိန်းမှာ 
ခုထိပျံ့နှံ့နေဆဲကွယ့် ။

အေးအေး ဘာတွေပဲစားစား  
ထမင်းကိုတော့ လက်မလွှတ်နဲ့ကွယ့်ကြားလား ။

" မှန်ပါ့ လိုက်နာမှတ်သားပါ့မယ်ဘုရား" ။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Monday, September 18, 2023

ဘဝတန်ဖိုးမြှင့်တင်ပါ

ဘဝတန်ဖိုးမြှင့်တင်ပါ
_______☘🌺☘_________

ဘဝဆိုတာ အမြဲတမ်းသင်ယူနေရတယ်။ ဘာကြောင့်လဲ၊ လောကကြီးမှာ သင်ယူစရာတွေက မကုန်နိုင်လို့ပါပဲ။ ဒီတော့ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနေရမယ်။ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှ ဘဝက တန်ဖိုးရှိမှာ မဟုတ်လား။

တန်ပြန်သက်ရောက်မှု သဘာဝ
-------------------------

နံရံကို ပစ်လိုက်တဲ့ ဘောလုံးဟာ ကိုယ့်ဆီ ပြန်ရောက်လာတာပဲ။ ခပ်ပြင်းပြင်းပစ်လေ တုံ့ပြန်မှုကလည်း ပြင်းထန်လေပဲ။ ကိုယ်က သူတပါးကို ဒုက္ခပေးရင် အဲဒီဒုက္ခဟာ ကိုယ့်ဆီ ပြန်လာမယ်။ 

သူများကို ဒုက္ခကြီးကြီး ပေးတဲ့သူဟာ  ကိုယ့်ဆီကို ဒုက္ခကြီးကြီး ပြန်လာမှာပဲ။ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ် မဟုတ်လား။ ဒါကြောင့် ဘာအကြောင်းကြောင့်မှ သူများကို ဒုက္ခ မပေးမိစေနဲ့၊ အဲဒါ အကောင်းဆုံးပဲ။

တန်ရာတန်ရာဖြစ်နေကြတာပါ
-----------------------------

လောကကြီးမှာ ဘယ်သူမဆို ကိုယ့်စိတ်နဲ့ တန်တဲ့ဘဝကို ရနေကြတာပါ။ စိတ်ထားဖြူရင် ရွှေထီးဆောင်းတဲ့ ဘဝကို ရမယ်။ ဘာမှ ဆုတောင်းစရာ မလိုဘူး။ သူ့အလိုလို ရလာလိမ့်မယ်။

စိတ်ထားယုတ်ရင်တော့ မြေနိမ့်ရာ လှံစိုက်ခံရမယ်။ ဘယ်သူမှ ငြင်းလို့ မရဘူး။ ဖြစ်သမျှ လည်စင်းခံရမှာပဲ။ ဒါကြောင့်  မြေနိမ့်ရာ လှံစိုက် မခံရဖို့အတွက် ဘယ်လိုအကြောင်းကြောင့်မှ စိတ်ထား မယုတ်မိစေနဲ့၊ အဲဒါ အကောင်းဆုံးပဲ။

တစ်ခုခု သင်ယူပါ
-----------------

ကမ္ဘာကြီးဟာ ဘာကိုမှ စိတ်မချရဘူး။ ဒါကြောင့် အသက်ရှင်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ဒီတော့ အသက်ရှင်သန်ခိုက်မှာ တစ်ခုခု ရအောင် ယူရမယ်။ တစ်ခုခု ရဖို့အတွက် တစ်ခုခု သင်ယူနေရမယ်။

တချို့နိုင်ငံတွေမှာ အဘိုးအဘွားတွေဆိုရင် အသက်ရှစ်ဆယ် ရှိနေတာတောင် ဘာသာစကား အသစ် သင်ယူကြသတဲ့။ ဒါမျိုး အတုယူရမယ်။ ဒါကြောင့် အသက်ရှင်နေတုန်းမှာ တစ်ခုခု သင်ယူနိုင်အောင် ကြိုးစား ၊ အဲဒါ အကောင်းဆုံးပဲ။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Saturday, September 9, 2023

ဘုရားရှိခိုး ဖလော်ဆော်ဖီ

"ဘုရားရှိခိုး ဖလော်ဆော်ဖီ"

တစ်ခါတစ်ရံ ကြမ်းတမ်းတဲ့ ဘဝခရီးလမ်းကိုဖြတ်သန်းကြတဲ့အခါမှာ လူအများစု တွေးမိတာလေးက-"ငါ့မှာ ကူညီမဲ့သူ ထောက်ပံ့မယ့်သူ မရှိဘူး။ ဘဝကကြမ်းလိုက်တာ၊ အထီးကျန်လိုက်တာ၊ ကုသိုလ်ကံကလည်း နုံချာလိုက်တာ" လို့တွေးမိကြပါလိမ့်မယ်။ ဒါက သူလိုငါလို သာမာန်လူ မိမိတစ်ဦးတစ်ယောက်ထဲတင်တွေ့တတ်တာမဟုတ်ပါဘူး။ ဒီလောကဓံမျိုးက အလောင်းတော်အရင့်အမာကြီးတွေတောင်တွေ့တတ်သေးတဲ့ အရာပါ။

 မဟာဂန္ဓာရုံဆရာတော်ရဲ့ " ဥုံ နမော တေ၊ ဝိဇေ တုံမေ " စတဲ့ ဘုရားရှိခိုး ဂါထာနိဿ     ယထဲမှာ မြတ်စွာဘုရားမာရ်နတ်ကို အောင်မြင်တော်မူခန်းအကြောင့် ဖွဲ့ဆိုရှိခိုးထားတဲ့ ဗောဓိပလ္လင်ခြေရင်းရင်း ဗုဒ္ဓဝင်လေးကို မှန်းမျှော်ကြည့်လိုက်ပါ၊ အဲဒီမှာ မာရ်နတ်ကို အောင်မြင်တော်မူပြီး ဘုရားဖြစ်တော်မူပုံလေးကို အာရုံပြုကြည့်လိုက်။ ပြီးမှတွေးကြည့်၊ စဉ်းစားကြည့်ပြီး၊ ရင်ထဲအထိကြည်ညိုလိုက်ပါ။

 အဲဒီအခါမှာ မြတ်ဘုရားကို ပဉ္စဝဂ္ဂီငါးဦးက စွန့်ခွာသွားလို့ တစ်ပါးထဲနေချိန် (ကာလာအားဖြင့်ဆို တန်ခူးလကွယ်လောက်။ အဲဒီအချိန်မှာ မြတ်ဘုရားထံတော်ပါးမှာ ဘယ်သူမှမရှိဘူး)။ ဒီအချိန်မှာ ဘုရားအလောင်းတော်ဘေးမှာ ဘယ်သူမှမရှိဘူး။ 

ဟော တန်ကူးလကွယ်ကနေ နောက်ဆယ့်ငါးရက်လောက်ရောက် ကဆုန်လပြည့်နေ့ရောက်လာတဲ့အခါ၊ ဘုရားဖြစ်ခါနီး (အောင်မြင်ခါနီး၊ အောင်ပွဲရခါနီး) ရောက်ပြန်တော့ ဘုရားဖြစ်ရင် ပူဇော်ဘို့ဆိုတဲ့ အတွေးတွေနဲ့ ဘုရားဘေးမှာ သိကြားမင်းစတဲ့ နတ်ဗြဟ္မာတွေ အများကြီးရှိနေတယ်။  အခြံအရံ့တွေ၊ အခုခေတ်စကားနဲ့ပြောရရင် ပတ်ဝန်းကျင်ပေါ့။ အဲဒီ ခြံရံနေကြတဲ့ ပတ်ဝန်းကျင်ကသူတွေအားလုံး မာရ်နတ်လာတဲ့ အခါ ဘုရားအလောင်းတော်နဲ့ မာရ်နတ်တို့ နှဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြမယ့်အခါကြတော့ အဲဒီပတ်ဝန်းကျင်ကသူတွေအားလုံး ပြေးလိုက်ကြတာ လွင့်လို့.......... 

အဲဒီအချိန်မှာ အလောင်းတော်ဘေးမှာ ထောက်ပံ့မယ့် ကူညီမယ့် ပဉ္စဝဂ္ဂီတို့လို လူလည်းမရှိဘူး။ သိကြားမင်းတို့ နတ်လည်းမရှိဘူး။ သဟမ္ပတိ ဗြဟ္မာလည်းမရှိတော့ပြန်ဘူး။ 

ဒီနေရာကို ပေါ်အောင် မဟာဂန္ဓာရုံဆရာတော်က ပုံဖော်ရှိခိုးလိုက်တာက "နဌထမ္ဘံ- ထောက်ပံမည့်လူ၊ ကူညီမည့်နတ်၊ ရံပတ်ဝဲယာ၊ ဗြဟ္မာလည်းမရှိပါဘဲ" တဲ့။ သိပ်ပုံပေါ်စေတဲ့ ဘုရားရှိခိုး၊ သိပ်သဘဝကျတဲ့ တို့ဘုရားအလောင်းပါပဲ။

 အလောင်းတော်ဘေးမှာ ဘယ်သူမှ မရှိဘူး။ ဒါပေမယ့် သူရင်ဆိုင်တယ်။ မာရ်နတ်က စစ်သည်အများကြီးနဲ့ လက်နက်မျိုးစုံနဲ့ တိုက်ခိုက်တယ်။ မာရ်နတ်တိုက်ခိုက်တာ လက်နက် ၉ မျိုးနဲ့။ ဒါပေမယ့် အလောင်းတော်က တရားလက်နက်နဲ့ပဲတိုက်ခုံခံတယ်။ အလောင်းတော်ရဲ့ လက်နက်က ကိုယ်တော်တိုင်ဖြည့်ခဲ့တဲ့ ပါရမီတော် ဆယ်ပါးကိုပဲ ဆင်ခြင်နေတယ်။ မေတ္တာပွားတယ်။ မာရ်နတ်က ဗောဓိပင်နဲ့ ရွှေပလ္လင်ကို သူပိုင်ကြောင်း သူ့နောက်ပါစစ်သည်တွေနဲ့ သက်သေထူ အငြင်းပွားယူတယ်။ အလောင်းတော်က သက်မဲ့သက်သေ မြေကြီးကို သက်သေထူပြီးပြတယ်။

 မြေကြီးရဲ့ သက်သေပြ တုန်ခါမှုကြောင့် မာရ်နတ်တို့ ထွက်ပြေးသွားကြရတယ်။ မာရ်နတ်ရှုံးတယ်။ အလောင်းတော်က ပါရမီစက်နဲ့ နိုင်တယ်။ မေတ္တာလက်နက်နဲ့ နိုင်တယ်။ အဲဒါကို ဆရာတော်က "ဇယတော- ပါရမီစစ်ဟုန် လက်နက်စုံဖြင့် ချက်ကုန်မလွဲ၊ ပွဲတိုင်းမရှောင်၊ နွဲတိုင်းပင်အောင်တော်မူပေထသော"  ပုံတော်ကို ဂုဏ်ဖော်ကာ သီကြူးဖွဲ့ဆိုတော်မူပါတယ်။ 

ဒီ ဗုဒ္ဓဝင် တစ်ခန်းရပ်ကလေးမှာ ဘာမှ ဘယ်သူမှ မယုံကြည်နိုင်စရာ မရှိဘူး။ အလောင်းတော် တန်ခူးလကွယ်ကနေ ကဆုန်လပြည့်အတွင်း အပြောင်းအလဲလေးကိုကြည့်လိုက်၊ ပဉ္စဝဂ္ဂီတို့ဆို သူတို့ယုံကြည်မှုမရှိတော့တဲ့ အခါ သူတို့အလေးအမြတ်ထားတဲ့ အလောင်းတော်ကိုတောင် စွန့်ပစ်သွားကြသေးတာ။ ဒါမျိုးလည်း လောကမှာ ဖြစ်တတ်တာပဲ။

နောက်အောင်မြင်မှုရခါနီးမှာ နတ်ဗြဟ္မာတို့က ချီးမြှောက်ပူဇောသလို၊ လူတစ်ဦးရဲ့ အောင်မြင်ခါနီး ပန်းတိုင်ရောက်ခါနီးမှာ အားပေးကြမယ့် လက်ခုတ်သံတွေ၊ တကယ်လို့ သူတို့ထင်သလို့ အောင်မြင်လာခဲ့ရင် ပါးစပ်မှာ ခဲမယ့် ဆေးလိပ်ကိုတောင် ဘေးက မီးခြစ်ပေးမယ့် အသိုင်းအဝိုင်းတွေ ဒီလိုမျိုးတွေ ရှိနေတတ်တာပဲ။ ဒါပေမယ့်............
အဲဒီလိုတွေရှိနေလို့ ဝမ်းမသာနဲ့ ဦး။ တကယ့်အခက်အခဲ အကြပ်အတဲကြုံတဲ့ အခါကြတော့ ဘေးမှာ ဘယ်သူမှမရှိတော့ဘူး။ ပုန်းရှိုး ကွယ်ရှိုး နောက်ကွယ်က သတင်းနားထောင်နေတဲ့ သူမျိုးတွေ ဘုရားတောင် ကြုံခဲ့ရတယ် မဟုတ်လား။ ဒီတော့...........

ဒီလိုဖြစ်လို့၊ ဒီလူတွေကို အပြစ်တင်ရမှာလား။ ကိုယ့်လာတိုက်တဲ့ မာရ်နတ်တို့လို ရန်သူတွေကို အပြစ်တင်ရမှာလားဆိုတော့ အပြစ်တင်စရာမလိုဘူး။

 မာရ်နတ်က မာရ်နတ်အလုပ်လုပ်၊ ဘုရားလောင်းက ဘုရားအလောင်း အလုပ်လုပ်ယုံပဲ။ မာရ်နတ်အလုပ်နဲ့ လမ်းစဉ်က ကောက်ကျစ်မယ်၊ ယုတ်မာမယ်။ မတရားအနိုင်ယူဘို့ကြိုးစားမယ်။

ဘုရားအလောင်းတော် အလုပ်နဲ့ လမ်းစဉ်ကတော့၊ ဖြောင့်စင်းတယ်။ ရိုးသားတယ်။ ကြိုးစားတယ်။
နောက်ဆုံးတော့ ဘယ်သူနိုင်သလဲ ကြည့်လိုက်............

ရိုးသားသူက မရိုးသားသူကိုနိုင်တာချည်းပါပဲ။
တရားသူက မတရားသူကို နိုင်တာချည်းပါပဲ။
ကုသိုလ်က အကုသိုလ်ကို နိုင်တာချည်းပါပဲ။

ဓမ္မက အဓမ္မကို နိုင်တာချည်းပါပဲ။ 
ဒါတွေ ဒါတွေဟာ............ဘုရားရှိခိုးထဲက ဘုရားရှိခိုးရင်း မကြာခဏတွေးမိတဲ့ ဖလော်ဆော်ဖီလေးတွေပေါ့။

"ရိုးသားပြီး ကြိုးစားလိုက်ကြစို့လားးးးးးးးးးးးးခရီးသည်"..................

တရားသောနည်းဖြင့် ဘဝခရီးကို ချီတက်ဖြတ်သန်းနိုင်ကြပါစေဟု မေတ္တာပြုရင်းဖြင့်..............

သီတဂူအရှင်ဉာဏဝရ (သဗ္ဗမင်္ဂလာ)

မူရင်းကို ခရက်ဒစ် ပေးပါသည်။

တရားအာရုံစိတ်မှာထုံ

တရားအာရုံစိတ်မှာထုံ
______🍁🌼🍁______

လူဆိုတာ ကိုယ်နှင့် ပတ်သက်ရာ ပတ်သက်ရာ စုဖွဲ့ပြီး နေကြတယ်။ အတူတူ စုဖွဲ့နေတော့ သံယောဇဉ်  ဖြစ်သွားတယ်။ ဒီတော့ တစ်ယောက်ယောက်နဲ့ ခွဲရပြီဆိုတဲ့အခါ ဝမ်းနည်းရတယ်။ ဒါကြောင့် တပည့်သားမြေး အခြွေအရံဆိုတာ ကိုယ့်အနားမှာ အမြဲ ရှိနေမှာ မဟုတ်ဘူးလို့ တွေးထားဖို့ လိုတယ်။ မကွဲခင်က ခွဲထားရမယ်ပေါ့။

ဒါကြောင့် အတူတူနေကထဲက တစ်ယောက်တည်း နေတတ်အောင် ကျင့်ရမယ်။ တစ်ယောက်ထဲ မနေတတ်ရင် ခွဲရပြီဆိုတဲ့အခါ သားမျှော်လိုက်, သမီးမျှော်လိုက်, မြေးမျှော်လိုက်, မိတ်ဆွေမျှော်လိုက်နဲ့ တမျှော်မျှော် ဖြစ်နေတတ်တယ်။ မျှော်လို့ လာရင် တော်သေး၊ မလာရင် စိတ်ဆင်းရဲတယ်။

ဒါကြောင့် တစ်ယောက်ထဲ နေတတ်အောင် ကြိုးစားရမယ်။ တစ်ယောက်ထဲ
နေတတ်ဖို့အတွက် အာရုံတစ်ခုခုကို ကိုင်ထားရတယ်။ အဲဒီအာရုံကလည်း ကောင်းတဲ့အာရုံ ဖြစ်ရမယ်။ စာဖတ်မယ်, ပုတီးစိပ်မယ်, တရားနာမယ်, တရားထိုင်မယ်ပေါ့။ 

ဒီလို တရားအာရုံနှင့် နေသည့်အတွက် ကိုယ့်စိတ်က တခြားအာရုံဆီ မရောက်တော့ဘူး။ ဒီတော့ စိတ်က ငြိမ်ပြီး တစ်ယောက်ထဲ နေတတ်သွားတယ်။ တစ်ယောက်ထဲ နေတတ်သည့်အတွက် ကိုယ့်အနားမှာ တစ်ယောက်မှ မရှိလည်း ပြဿနာ မရှိတော့ဘူး။

 တကယ်တော့ လူ့ဘဝကို လာတုန်းကလည်း တစ်ယောက်ထဲပဲ၊ ပြန်တော့လည်း တစ်ယောက်ထဲပဲ၊ ဘာမှ မဆန်းပါဘူး။ ဒါကြောင့် တစ်ယောက်ထဲ နေတတ်အောင် ကြိုးစားပါ။ တစ်ယောက်ထဲ နေတတ်ဖို့အတွက် တရားအာရုံ လိုတယ်။ 

တရားအာရုံရှိရင် အဖော်ရှိရှိ မရှိရှိ ကိုယ့်အတွက် အရေးမကြီးတော့ဘူး၊ တစ်ယောက်ထဲ နေတတ်သွားတယ်။ တစ်ယောက်ထဲ နေတတ်မှလည်း အဆင်ပြေမှာ မဟုတ်လား။

တရားအာရုံဆိုတာ
-------------------

ကုသိုလ်ဖြစ်စေတဲ့ အာရုံမှန်သမျှ တရားအာရုံပါပဲ။ စာပဲ ဖတ်ဖတ်, ပုတီးပဲ စိပ်စိပ်, ပဋ္ဌာန်းပဲ ရွတ်ရွတ်, တရားပဲ နာနာ, ဝိပဿနာပဲ အားထုတ်အားထုတ်, တရားအာရုံပဲ ဖြစ်ပါတယ်။

တရားအာရုံ မရှိရင် စိတ်က ဂနာမငြိမ်ဘူး။ စိတ်က ဂနာမငြိမ်လျှင် တောင်တွေးမြောက်တွေး တွေးတော့တာပဲ။ အတွေးများမှတော့ စိတ်ရှုတ်ပြီပေါ့။

တရားအာရုံရှိရင် စိတ်က ဂနာငြိမ်သွားတယ်။ စိတ်က ဂနာငြိမ်တော့ တစ်ယောက်ထဲ နေတတ်သွားတယ်။ ဘယ်သူ့ကိုမှ မမျှော်တော့ဘူး။ ဒါကြောင့် စိတ်ချမ်းသာမှုကို ရချင်ရင် "တရားအာရုံ စိတ်မှာထုံ" ဆိုတဲ့အတိုင်း တရားနှင့် နေနိုင်အောင် ကြိုးစားရမယ်။ တရားနှင့် နေနိုင်လေ အတွေးနည်းလေ၊ အတွေးနည်းလေ စိတ်ချမ်းသာလေပဲ ဖြစ်ပါတယ်။

သတ္တဝါခပ်သိမ်း, တရားကိန်း, အေးငြိမ်းချမ်းသာ ရှိပါစေ။
______________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်သတ်ရေး

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်သတ်ရေး
☘☘☘🌸🌼🌸☘☘☘🌼🌸🌼
 
သောတာပန်ဖြစ်ဖို့, ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို အမြစ်ပြတ်ပယ်နိုင်အောင် ကြိုးစားရမှာ ဆိုတော့ 
ဝိစိကိစ္ဆာအကြောင်းကိုလည်း ဂဃဏန သိဖို့ မလိုဘူးလား.. (လိုပါတယ်ဘုရား)။

သိမှ ပယ်နိုင်မှာပေါ့၊
ပထမ သိအောင် လုပ်ကြဦး၊
ဉာတပရိညာနဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကင်းမှ ပွားများအားထုတ်တဲ့အခါမှာ အားရှိတယ်၊ဝိစိကိစ္ဆာ ကင်းရှင်းဖို့ လေ့လာရတယ်၊မှတ်သားရတယ်။  

"ဝိစိကိစ္ဆာ" ဆိုတာ_ယုံမှားခြင်းကို ဆိုလိုတာ၊
ဒိဋ္ဌိနဲ့ တွဲနေတယ်၊ အားလုံး(၈)မျိုး ရှိတယ် -
(၁) ဘုရားကို မယုံဘူး၊
(၂) တရားကို မယုံဘူး၊
(၃) သံဃာကို မယုံဘူး၊
(၄) သီလ၊ သမာဓိ၊ ပညာ 
       သိက္ခာသုံးပါးကို မယုံဘူး၊
(၅) သံသရာရဲ့ ရှေ့အစွန်းကို မယုံဘူး၊
(၆) သံသရာရဲ့ နောက်စွန်းကို မယုံဘူး၊
(၇) ရှေ့အစွန်းရော, နောက်အစွန်းပါ မယုံဘူး၊
(၈) ပဋိစ္စသမုပ္ပဒ်ကို အယုံအကြည် မရှိဘူး။ 

ဒီယုံမှားခြင်း(၈)မျိုးဟာ -
သက္ကာယဒိဋ္ဌိကြောင့် ဆက်ဖြစ်လာတာ၊
သက္ကာယဒိဋ္ဌိရှိလို့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ဆက်ဖြစ်တယ်။

ဒါကြောင့်မို့ သက္ကာယဒိဋ္ဌိ ပြုတ်ရင်, 
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း ပြုတ်တယ်၊ 
ဝိစိကိစ္ဆာဆိုတဲ့ ယုံမှားခြင်းလဲ ကင်းသွားတယ်။ 

ဗုဒ္ဓဘာသာဝင်တွေ 
ဒါန, သီလ, ဘာဝနာတွေ ပြုကြတယ်၊
သစ္စာတရား ကျကျနန မနာရလို့ ရှိရင်,
ဒိဋ္ဌိ ဖြစ်တာ များတာပဲ။ 

ငါတို့ ပြုတဲ့ ကုသိုလ် ကောင်းမှုတွေကို 
နောင်ဘဝမှာ ငါတို့ပဲ စံရမှာလို့ ထင်ကြတယ်၊
ကုသိုလ် လုပ်တာလည်း ငါတို့ပဲ၊
ကုသိုလ် အကျိုးကို စံရမှာလည်း ငါတို့ပဲ၊

ရုပ်နာမ် နှစ်ပါးကို,  
ငါ,သူ ထင်နေတဲ့ အတွက် 
သက္ကာယဒိဋ္ဌိလည်း ဖြစ်တယ်။

ယခုပြုတဲ့ ငါနဲ့, စံစားရမယ့် ငါကို, 
တစ်ထပ်တည်း ယူထားတဲ့အတွက် 
သဿတဒိဋ္ဌိလည်း ဖြစ်တယ်။ 

တချို့ကျတော့... 
အခုဘဝ ကိုယ်က အခုဘဝ စံ၊
နောင်ဘဝ ကိုယ်က နောင်ဘဝ ခံ၊ 
ဒီဘဝ ဒီကိုယ်နဲ့ နောင်ဘဝ ကိုယ်က 
လုံးဝ အဆက်အစပ် မရှိဘူး၊
သပ်သပ်စီလို့ ယူလိုက်တဲ့အတွက် 
ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားတယ်။ 

အဲဒီလို ပုဂ္ဂိုလ်မျိုးက 
အကုသိုလ်လုပ်ဖို့ ဝန်မလေးတော့ဘူး၊
အမှန်က အကြောင်းအကျိုးက ပြတ်သွားတာ မဟုတ်ဘူး၊ ကမ္မသတ္တိအရ အကြောင်းအကျိုးတော့ ဆက်စပ်နေတယ်။

သို့သော်လည်းပဲ 
ဒီဘဝ ဒီရုပ်နာမ် တွေက ဒီဘဝမှာပဲ ချုပ်တယ်၊ 
ဟိုဘက်ဘဝကို မလိုက်ဘူး။ 

ဒီဘဝ ရုပ်နာမ်တွေက 
ဟိုဘက် ဘဝကို လိုက်တယ်လို့ ထင်လို့ရှိရင် 
သဿတဒိဋ္ဌိ။ 

အကြောင်းကံတွေက ဒီဘက်မှာပဲ ပြီးသွားတယ်၊ 
ဟိုဘက်ဘဝကို လုံးဝလိုက်ပြီး အကျိုးမပြုဘူး 
ထင်ရင်လည်း ဥစ္ဆေဒဒိဋ္ဌိ။

အဲဒီနှစ်ခု ကြားထဲ သွားတာမှ မဇ္ဈိမပဋိပဒါ သမ္မာဒိဋ္ဌိ၊ 
အဲဒီသမ္မာဒိဋ္ဌိ အမြင်မျိုးက 
သံသယ ကင်းရှင်းမှ ဖြစ်တာ။

မနေ့ကနဲ့ ဒီနေ့ ကြည့်ရအောင်၊

မနေ့တုန်းက တရားနာထားတဲ့ စွမ်းအားကြောင့် 
ဒီနေ့ တရားတွေ ပိုသဘောပေါက်တယ်။

မနေ့က တရား အားထုတ်ခဲ့တဲ့ အတွက်ကြောင့် 
ဒီနေ့ ပိုပြီးတော့ သမာဓိ ရလာတယ်၊
ပိုထိုင်လာနိုင်တယ်၊ ဥာဏ်လည်း ပိုပွင့်လာတယ်။

ဒါဟာ ကမ်မသတ်တိအရ 
အကြောင်းအကျိုးတွေ ဆက်စပ်နေလို့ပဲ၊ 
အဲဒီလို အကြောင်းအကျိုး စပ်တာကို သဘောပေါက်မှ ဥစ္ဆေဒဒိဋ္ဌိ စင်တာ။ 

အဲဒီလို ကမ္မသတ္တိတွေက 
အကြောင်းအကျိုး ဆက်စပ်နေပေမယ့်၊
မနေ့တုန်းက ရုပ်နာမ်တွေ ဒီနေ့ ပါရဲ့လား၊
(မပါပါဘူး ဘုရား)။

မနေ့တုန်းက ရုပ်နာမ်တွေက,
မနေ့တုန်းက ပျက်သွားပြီ၊ 
ဒီနေ့ တစ်တို တစ်စမျှ မပါတော့ဘူး။

အကြောင်း ရုပ်နာမ်တွေက,
အကြောင်း နေရာမှာပဲ ပျက်သွားတယ်၊ 
အကျိုးနေရာ ပါ မလာဘူး၊
အဲဒီလို သဘောပေါက်မှ သဿတဒိဋ္ဌိ စင်တာ။ 

ရုပ်နာမ် အဟောင်း ပျက်သွားတဲ့ နေရာမှာ 
ရုပ်နာမ် အသစ်တွေ အစားထိုး ဖြစ်တယ်။

အဟောင်း ပျက်တာကို မြင်လို့ရှိရင်၊
သဿတ စင်တယ်။

အသစ် အစားထိုးဖြစ်တာ မြင်ရင်၊
ဥစ္ဆေဒ စင်တယ်။

အဲဒီ အဟောင်း ထဲမှာလည်း 
ငါ, သူတစ်ပါး, ယောက်ျား,မိန်းမ, 
ပုဂ္ဂိုလ် သတ္တဝါ မပါဘူး။

အသစ် အစားထိုးတဲ့ ထဲမှာလည်း 
ငါ,သူတစ်ပါး, ယောက်ျား,မိန်းမ, ပုဂ္ဂိုလ်
သတ်တဝါ မပါဘူး၊ 

ပျက်သွားတာလည်း ရုပ်ဓမ္မ, နာမ်ဓမ္မ၊ 
ပြန်ဖြစ်တော့လည်း ရုပ်ဓမ္မ, နာမ်ဓမ္မ၊
ရုပ်ဓမ္မ, နာမ်ဓမ္မ အစဉ်ကြီး တန်းနေတာကို 
ဥာဏ်နဲ့ မြင်တော့ သက္ကာယဒိဋ္ဌိ စင်တယ်။ 

ရုပ်ဓမ္မ, နာမ်ဓမ္မတွေ ဘာကြောင့် ဖြစ်လာတာလဲ ဆိုတဲ့ အကြောင်းတရားပေါ်မှာ ဥာဏ်မရှင်းလို့ ရှိရင်လည်း၊
သံသယ ဝိစိကိစ္ဆာ ဖြစ်လာတတ်သေးတယ်။

ဖန်ဆင်းရှင်က ဖန်ဆင်းလို့ ဖြစ်လာတာလား ?
ဒါမှမဟုတ် သူ့ အလိုလို ဖြစ်လာတာလား ?
ဘာကြောင့် ဖြစ်တာလဲ၊ ဒါလည်း သိထားဖို့လိုတယ်။

အမှန်က ပထဝီ, အာပေါ, တေဇော, ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ 
ရုပ်တရားတွေဟာ...

ကံ, စိတ်, ဥတု, အာဟာရ ဆိုတဲ့ 
အကြောင်း တရား လေးပါးကြောင့် ဖြစ်လာရတာ။

ကံကြောင့် ဖြစ်တဲ့ ရုပ်၊ 
စိတ်ကြောင့် ဖြစ်တဲ့ ရုပ်၊ 
ဥတုကြောင့် ဖြစ်တဲ့ ရုပ်၊
အာဟာရကြောင့် ဖြစ်တဲ့ ရုပ် ဆိုပြီး 
အမျိုးမျိုး ရှိတယ်နော်။

သူ့အလိုလို ပေါ်လာတာ မဟုတ်သလို၊
တန်ခိုးရှင်က ဖန်ဆင်းလိုက်တာလဲ မဟုတ်ဘူး၊ အကြောင်းတရားရှိလို့ အကျိုးတရား အဖြစ် ပေါ်လာတာ။ 

ကံကြောင့်ဖြစ်တဲ့ ရုပ်ဆိုတာက,
မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, 
လျှာအကြည်, မနော အကြည်၊
အနည်းဆုံး ဒီလောက်တော့ သိရမယ်နော်။ 

စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေထဲက 
သိလွယ် မြင်လွယ်တာ လေးတွေ 
နည်းနည်း ပြောကြည့်ရအောင် -

သွားချင်တဲ့ စိတ်ကြောင့်...
ကိုယ်ခန္ဓာထဲမှာ ဝါယောဓာတ်တွေ ပြည့်လာပြီး 
ဘယ်လှမ်းတယ်, ညာလှမ်းတယ် နဲ့ သွားတဲ့ရုပ်, 
လှုပ်ရှားတဲ့ ရုပ်ကြီး ဖြစ်လာရတာ။ 

သွားရာကနေ ရပ်ချင်တဲ့စိတ် ဖြစ်လာရင်လဲ
ဝါယောဓာတ်ကြောင့်ပဲ ရပ်တဲ့ရုပ်ကြီး, 
တည်ငြိမ်တဲ့ရုပ်ကြီး ဖြစ်လာရတာ မဟုတ်လား၊
(ဟုတ်ပါတယ် ဘုရား)။

ရပ်ရာကနေ ထိုင်ချင်တဲ့စိတ် ဖြစ်လာပြန်ပြီ ဆိုတော့...
အဲဒီ ထိုင်ချင်တဲ့ စိတ်ကြောင့်ပဲ 
တွန်းကန်ထားတဲ့, ထောက်ကန်ထားတဲ့ 
ဝါယောဓာတ်တွေကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး လေးတွဲ ကျလာကာ ထိုင်ချတဲ့ရုပ်ကြီး 
ဖြစ်လာတာ မဟုတ်လား၊ (ဟုတ်ပါတယ်ဘုရား)။

နတ်ဗြဟ္မာတွေ, တန်ခိုးရှင်တွေက ဖန်ဆင်းလို့ 
ဖြစ်လာတာလား၊ စိတ်က ခိုင်းလို့ ဖြစ်လာတာလား၊ 
(စိတ်ကခိုင်းလို့ ဖြစ်လာတာပါဘုရား)။

ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်,သတ္တဝါက 
ထိုင်တာ လား၊ ရုပ်က ထိုင်တာလား၊ 
(ရုပ်က ထိုင်တာပါ ဘုရား)။

ထိုင်ရာကနေ အိပ်မယ် လျောင်းမယ် ဆိုရင်လဲ
ဒီအတိုင်းပဲ၊ လျောင်းချင်တဲ့ စိတ်ကြောင့် 
လျောင်းတဲ့ရုပ် ဖြစ်လာတယ်၊ 
ဒီလို မဟုတ်လား..(ဟုတ်ပါတယ် ဘုရား)။

ဒါကြောင့် လိုက်ဆိုပါ -

သွားလို ရပ်လို၊ ထိုင်နေလို၊ အိပ်လို စိတ်ဟု သိ
စိတ်ကြောင့် ဖြစ်သော၊ ဓာတ်ဝါယော နှံ့နှော ကိုယ်ဝယ်ပြည့်၊
ဝါယောပြည့်သော်၊ ရုပ်သစ်ပေါ်၊ ရုပ်သော် သွားပေ၏။ 

ပုဂ္ဂိုလ် မသွား၊ ငါ မသွား၊ ရုပ်သွား ဥာဏ်ဖြင့် သိ
ပုဂ္ဂိုလ် မထိုင်၊ ငါ မထိုင်၊ ရုပ်ထိုင် ဥာဏ်ဖြင့် သိ

ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ်ဥာဏ်ဖြင့်သိ
ပုဂ္ဂိုလ်မအိပ်၊ ငါ မအိပ်၊ ရုပ်အိပ် ဥာဏ်ဖြင့် သိ

အမှန်က စိတ်က ခိုင်းလို့,
ရုပ်ကြီးက သွားတယ်, လာတယ်, ထိုင်တယ်, ရပ်တယ်, 
အိပ်တယ် ဒီလို မဟုတ်လား.. (ဟုတ်ပါတယ်ဘုရား)။

ရှေ့က အရင်ဖြစ်တဲ့ စိတ်က အကြောင်း၊
နောက်မှ ဖြစ်တဲ့ ရုပ်က အကျိုး၊ 
အကြောင်းကြောင့် အကျိုး ဖြစ်တာနော်၊
သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ 

ရုပ်နဲ့နာမ်ဟာ အချင်းချင်း မှီပြီး ဖြစ်နေကြတာ
နာမ်ကို မှီပြီး ရုပ်တွေ ဖြစ်နေကြသလို၊
ရုပ်ကို မှီပြီးတော့လည်း နာမ်တွေ ဖြစ်နေကြတယ်ဆိုတာ 
သိထားရမယ်နော်။ 

အကြောင်းတရား ရှိလို့ ဖြစ်လာကြတဲ့ နာမ်တရားတွေကို ယောဂီတွေ ဖြေကြည့်ပါဦး၊ 

မျက်စိအကြည် ရုပ်နဲ့ အဆင်းရုပ် ဆုံမိတဲ့ 
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက - (မြင်သိစိတ်ပါ ဘုရား)။

နားအကြည်ရုပ်နဲ့ အသံရုပ် ဆုံမိတဲ့ 
အကြောင်း တရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက - (ကြားသိစိတ်ပါ ဘုရား)။

နှာခေါင်းအကြည်ရုပ်နဲ့ အနံ့ ရုပ် ဆုံမိတဲ့
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက- (နံသိစိတ်ပါ ဘုရား)။

လျှာအကြည်ရုပ်နဲ့ အရသာရုပ် ဆုံမိတဲ့ 
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက- (အရသာသိစိတ်ပါ ဘုရား)။

ကိုယ်အကြည်ရုပ်နဲ့ ထိတွေ့စရာရုပ် ဆုံမိတဲ့ 
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက - (ထိသိစိတ်ပါဘုရား)

မနောအကြည်ရုပ်နဲ့ ကြံတွေးစရာ ဆုံမိတဲ့ 
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက- (ကြံတွေးစိတ်ပါဘုရား)

အဲဒီ ကြားသိစိတ်, နံသိစိတ်, အရသာသိစိတ်, 
ထိသိစိတ်, ကြံတွေးစိတ်တွေကို ခန္ဓာနဲ့ပြောရင် 
ဘာခန်ဓာလဲ (ဝိညာဏက်ခန်ဓာပါဘုရား)။

ဝိညာဏက္ခန္ဓာဖြစ်ရင် ကျန်တဲ့ ဝေဒနာက္ခန္ဓာ 
သညာက္ခန္ဓာနဲ့ သင်္ခါရက္ခန္ဓာတွေရော အတူတူ 
ဖြစ်မလာဘူးလား (ဖြစ်လာပါတယ်ဘုရား)။

နာမ်ခန္ဓာလေးပါးက,
ဖြစ်အတူ ပျက်အတူပဲ၊
ခွဲလို့ မရဘူး။ 

အကြည်ရုပ်တွေနဲ့ အဆင်း အသံစတဲ့ အာရုံရုပ်တွေကို 
ခန္ဓာနဲ့ပြောတော့ ဘာခန္ဓာလဲ၊
( ရူပက်ခန်ဓာပါဘုရား)။

နာမ်ခန္ဓာ လေးပါး၊ ရုပ်ခန္ဓာက တစ်ပါးဆိုတော့ 
ခန္ဓာငါးပါးနော်။ 

ဒါဆိုရင် ဒီခန္ဓာငါးပါးဟာ 
နတ်တွေ,ဗြဟ္မာတွေက ဖန်ဆင်းတာလည်း မဟုတ်ဘူး၊ 
သူ့အလိုလို ဖြစ်တာလည်း မဟုတ်ဘူး၊ 
အကြောင်းကြောင့် အကျိုး ဖြစ်လာတာပဲ
ဆိုတာ ဥာဏ်ထဲမှာ ရှင်းမသွားဘူးလားဗျာ၊
(ရှင်းသွားပါတယ် ဘုရား)။

အဲဒီလို ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး 
ဖြစ်လာရတဲ့ အကြောင်းတရား အပေါ်မှာ ဥာဏ်ရှင်းမှ သံသယဆိုတဲ့ ဝိစိကိစ္ဆာက သေတာ။

အကျိုးတရားဘက်လည်း ကြည့်ပါဦး၊
ဖြစ်လာတာက ရုပ်တွေ, နာမ်တွေလား၊ 
ယောက်ျား မိန်းမ, ပုဂ္ဂိုလ်သတ္တဝါ တွေလား၊
(ရုပ်တွေ နာမ်တွေပါ ဘုရား)။

အဲဒီ အကျိုးတရားအပေါ်မှာ ဥာဏ်ရှင်းတော့ 
သက္ကာယဒိဋ္ဌိရော သေမသွားဘူးလား၊
(သေသွားပါတယ်ဘုရား)။

ဒီဘဝမှာ ဖြစ်နေတဲ့ ရုပ်နာမ်တွေ အပေါ်မှာ 
သဘောပေါက်မှ ဘဝပြောင်းတဲ့အခါ 
ပဋိသန္ဓေ နေပုံကို လှမ်းပြီး သဘောပေါက်တယ်။ 

ဖောင်းတယ်, ပိန်တယ်လို့ မှတ်တဲ့အခါ -
ဖောင်းတက်လာတဲ့ သဘောက အကြောင်း၊
မှတ်သိစိတ်က အကျိုး။

အကြောင်းအကျိုး ဆက်စပ်နေတယ်၊
ဖောင်းလာတာက လှုပ်ရှားတဲ့ ဝါယောရုပ်၊ 
ဖောင်းတယ်လို့ မှတ်လိုက်တာက နာမ်တရား သတိနဲ့ ပညာ။ 

အစတုန်းက ငါ တရားမှတ်နေတယ်၊ ဒီလိုထင်တာ၊ 
အမှန်က မှတ်တယ်ဆိုတာ သညာက မှတ်တာ၊ 
သညာနဲ့ သတိ တွဲပြီးမှတ်တာ၊
သတိနဲ့ တွဲပြီး မှတ်တော့မှ နောက်က ပညာက 
လိုက်လာတယ်။ 

ရုပ်တွေ,နာမ်တွေပဲ အကြောင်းအကျိုးတွေပဲလို့ 
ဥာဏ်ရှင်းတော့ ဘာတွေသေမယ် ထင်လဲ၊
(သက္ကာယဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ သေမှာပါဘုရား)။

ဖောင်းတယ် ပိန်တယ်ပဲ ဖြစ်ဖြစ်၊ 
ဝင်လေ ထွက်လေ ဖြစ်ဖြစ်၊
ဒီလို အကြောင်းအကျိုးတွေကို 
ကျကျနန သဘော မပေါက်ဘူး ဆိုရင် 
ဘဝပြောင်းတဲ့ အခါမှာ အယူတွေ မှားကုန်ရော။ 

တို့ဗုဒ္ဓဘာသာဝင်တွေက 
သဿတဒိဋ္ဌိ ယူတာ များတယ်၊
အသက် ထွက်သွားတယ်၊
လိပ်ပြာကောင်လေး ထွက်သွားတယ်၊

ခန္ဓာကြီးကသာ ပုပ်ဆွေးသွားတာ၊
အသက်ကောင် လိပ်ပြာကောင်လေးက 
မသေဘူး၊ မပျောက်ဘူး၊ မပျက်ဘူး၊ 
ဟိုဘက် ဗိုက်ထဲ ဝင်သွား တယ်၊ ဒီလို ယူတာ။ 

တချို့က "လောက်လန်းသဖွယ် ဝိညာဉ်တွယ်" လို့ 
ဟောကြ, ပြောကြတာတွေ ရှိတယ်။ 

လောက်လန်း တွယ်တယ်ဆိုတာ 
ရှေ့ပိုင်းက တွယ်ပြီးမှ နောက်ပိုင်းက ဖြုတ်တာ၊
အဲဒီလိုသာ ဟိုဘက်မှာ သွားတွယ်ပြီးမှ 
ဒီဘက်မှာ ဖြုတ်တယ်ဆိုရင်... 

ဟိုမှာ ပဋိသန္ဓေ နေပြီးမှ ဒီမှာ စုတိစိတ် ကျရမလို ဖြစ်နေပြီ၊ အမှန်က စုတိစိတ် ကျပြီးမှ ပဋိသန္ဓေ နေတာ။ 

အယူအဆတွေ မှားနေကြတယ်၊
အကောင် အထည်နဲ့ ဝိညာဉ်ကောင်၊ 
လိပ်ပြာကောင် ထင်နေရင် သက္ကာယဒိဋ္ဌိရော, 
သဿတဒိဋ္ဌိပါ အကုန်လုံး ပါသွား တာပဲ။  

ပဋိသန္ဓေနေတဲ့ နေရာမှာ အယူအဆ မှားသွားလို့ ရှိရင်၊ ပစ္စုပ္ပန် ဘဝမှာလည်းပဲ အယူအဆ မှားတတ်တယ်၊ 
သံသရာမှာလည်း အယူအဆ မှားတတ်တယ်။

အတိတ်ဘဝကနေ ပစ္စုပ္ပန်ဘဝကို ရောက် လာပုံ၊ 
ပစ္စုပ္ပန်ဘဝကနေ အနာဂတ် ပြောင်းသွားပုံတွေကို သေသေချာချာ သဘော မပေါက်ရင် 
ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ဝင်တတ်တယ်။ 

ဒုက္ခမှန်း မသိလို့ လိုချင်၊ 
လိုချင်တော့ ရအောင်လို့ 
ကာယကံ,ဝစီကံ,မနောကံတွေ လုပ်တယ်၊
အဲဒီ ကံတွေကြောင့် ဘဝတွေ ထပ်ဖြစ်တယ်

သမ္မာဒိဋ္ဌိ ဖြစ်ဖို့အတွက် ဥပမာလေးတွေနဲ့ 
သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီး ဟောထားတာ 
လေး,ငါး မျိုးပဲ။ 

ပဲ့တင်သံရယ်၊ တံဆိပ်တုံး ရိုက်တာရယ်၊
ဖယောင်းတိုင်မီး တစ်တိုင်ကနေ 
တခြား ဖယောင်းတိုင် တွေကို မီးကူးတာရယ်၊ 
မှန်ထဲမှာ မြင်ရတဲ့ အရိပ်ရယ်။ 

ဥပမာ တခုလောက် ကြည့်ရအောင် -

မှန်ကြည့်တဲ့အခါ မှန်ရှေ့မှာ ရပ်နေတဲ့သူနဲ့ 
မှန်ထဲမှာ ပေါ်နေတဲ့အရိပ်ကို လုံးဝမတူဘူးလို့ ပြောလို့ 
မရသလို၊ 
တစ်ခုတည်း အတူတူပဲလို့လည်း ပြောလို့ ရပါ့မလား.. 
(မရပါဘူးဘုရား)။
ရပ်နေတဲ့သူက မှန်ထဲ ဝင်သွားတာမှ မဟုတ်တာဘဲ၊ 
ရပ်နေတဲ့ သူနဲ့ မှန်ထဲက အရိပ်ဆိုပြီး နှစ်ခုရှိမယ်၊

ဒါပေမယ့် အကြောင်းအကျိုးကတော့ ဆက်စပ်နေတယ်၊

ရပ်နေတဲ့ သူက ဝ,ရင်, မှန်ထဲက အရိပ်ကလည်း ဝ,မယ်၊ ရပ်နေတဲ့ သူက ပိန်ရင် မှန်ထဲက အရိပ်ကလည်း ပိန်မယ်၊ 
ရပ်နေတဲ့သူက ယောက်ျားဆိုရင် ယောက်ျားပုံ ပေါ်မယ်၊ မိန်းမပုံ ပေါ်ပါ့မလား (မပေါ်ပါဘူးဘုရား)။

ရပ်နေတဲ့သူက လှုပ်ရင် မှန်ထဲက အရိပ်ကလည်း လှုပ်မယ်၊ ရပ်နေတဲ့သူက ငြိမ်ရင် မှန်ထဲမှာလည်း ငြိမ်မယ်၊
အကြောင်းအကျိုးတော့ ဆက်စပ် နေတာနော်၊ 
တစ်ခုတည်းတော့ မဟုတ်ဘူး၊ သတ်သတ်စီ၊

အဲဒီလိုပဲ ..မှန်ရှေ့မှာ ရပ်နေတဲ့သူက, 
အတိတ်ဘဝနဲ့ တူတယ်၊
မှန်ထဲက အရိပ်က ပစ္စုပ္ပန်ဘဝနဲ့ တူတယ်။ 

အတိတ်တုန်းက ကုသိုလ်,အကုသိုလ် ပြုခဲ့တဲ့ 
ရုပ်နာမ်တွေက အတိတ်မှာ ပျက်သွားပြီ၊
ပစ္စုပ္ပန်ကို တတိုတစ မပါဘူး၊ 
ပစ္စုပ္ပန်မှာ ပေါ်လာတဲ့ ရုပ်နာမ်တွေက အသစ်၊
အတိတ်တုန်းက ရုပ်နာမ်နဲ့ မဆိုင်ဘူး။

အဲ့ဒီလို ပျက်တာ ပြတ်တာကို သဘော ပေါက်မှ 
သဿတဒိဋ္ဌိ စင်တာ။ 

ဒါပေမယ့် အကြောင်းအကျိုးကတော့ 
ပြတ် မသွားဘူးနော်၊ ဆက်စပ်နေတယ်၊
ရပ်နေတဲ့သူက ဝ,ရင်၊ မှန်ထဲက အရိပ်ကလည်း ဝ,မယ်၊ 

ရပ်နေတဲ့ သူက ပိန်ရင် မှန်ထဲကအရိပ်ကလည်း ပိန်မယ်၊ အဲဒီလို အကြောင်းအကျိုး ဆက်နေတာကိုမြင်မှ 
ဥစ္ဆေဒဒိဋ္ဌိ စင်မယ်။ 

အတိတ်တုန်းက ကုသိုလ်လုပ်ခဲ့ရင်,
ပစ္စုပ္ပန်မှာ ကောင်းကျိုး ရမယ်၊
အတိတ်တုန်းက အကုသိုလ်လုပ်ခဲ့ရင်, 
ပစ္စုပ္ပန်မှာ ဆိုးကျိုး ရမယ်။

အဲဒီလို အကြောင်း အကျိုး ဆက်စပ်ပုံကို ရှင်းတော့မှ 
သံသယဆိုတဲ့ ဝိစိကိစ္ဆာ ကင်းရှင်းတာ။ 

အဲဒီလိုမှ မဟုတ်ရင် ...
ကောင်းတာလည်း ဘုရားက ဖန်ဆင်းတယ်၊
လူတွေကိုလည်း ဘုရားက ဖန်ဆင်းတယ်၊
ကမ္ဘာကြီးကိုလည်း ဘုရားက ဖန်ဆင်းတယ်၊
တချို့ကျတော့ ဗိဿနိုးက ဖန်ဆင်းတယ်၊
ဗြဟ္မာကြီးက ဖန်ဆင်းတယ်၊ 
ဒီလိုဖြစ်လာတာ အကြောင်းအကျိုး မပါတော့ဘူး။ 

ပဋိသန္ဓေနဲ့ ပတ်သက်လို့ 
အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝ ဆက်စပ်ပုံ၊ 
သတ္တဝါတွေ ဖြစ်ပုံ ပျက်ပုံတွေကို 
ဦးပဉ္ဇင်းတို့ မြတ်စွာဘုရားကသာ ဟောနိုင်တာပါ။ 

ဘယ်ဘာသာမှ 
အကြောင်းအကျိုး ဆက်စပ်နေတာကို 
မဟောနိုင်ဘူး။

ရုပ်တွေ နာမ်တွေရဲ့ ဖြစ်ပျက် အမြန်နှုန်းနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ဟောထားသေးတယ်။

ရုပ်တွေ, နာမ်တွေဟာ 
တစက္ကန့်လေးတောင် တည်မြဲ မနေဘူး၊
စက္ကန့်မလပ် ဖြစ်ပျက် နေကြတယ်၊
မျက်စိတမှိတ်,လက်ဖျောက်တချက်အတွင်းမှာ 
နာမ်က ကုဋေတသိန်း ဖြစ်ပြီး ပျက်တယ်၊
ရုပ်က ကုဋေ ငါးထောင်ကျော် ဖြစ်ပြီး ပျက်တယ်တဲ့၊

ယောဂီတို့က တရား နာမထားဘူးဆိုရင် 
သိနိုင်ပါ့မလား (မသိနိုင်ပါဘူးဘုရား)။

တရား မနာထားဘူး မသိထားဘူး ဆိုရင် ...
မနေ့တုန်း ကလည်း ငါပဲ၊ ဒီနေ့လည်း ငါပဲ၊
ဒီလို ထင်တတ်တယ်၊ 

ပြောရုံဆိုရင်တော့ အပြစ် မရှိပါဘူး၊
ပြောတဲ့အတိုင်း ထင်ရင်တော့ တဆက်တည်း 
ယူထားတဲ့အတွက် သဿတဒိဋ္ဌိ ဖြစ်နေတယ်။ 

"တပည့်တော်, 
မနက်တုန်းက တရား အားထုတ်လို့ မကောင်းဘူး၊
ညနေပိုင်းမှ ကောင်းလာတယ်"

တရား အားထုတ်တာ, 
မနက်တုန်းကလည်း တပည့်တော်ပဲ၊ 
အခုညနေပိုင်းလည်း တပည့်တော်ပဲလို့ စိတ်မှာ ထင်လို့ ရှိရင်၊ သဿတဒိဋ္ဌိရော, သက္ကာယဒိဋ္ဌိရော ဖြစ်တယ်နော်။ 

သဿတဒိဋ္ဌိ ဖြစ်ရင်,
လူ့ပြည် နတ်ပြည်တော့ မတားပါဘူး၊
မဂ်ဥာဏ် ဖိုလ်ဥာဏ်တော့ မရဘူး။ 

တဆက်တည်း ထင်တယ်၊ 
တထပ်တည်း ထင်တယ် ဆိုတော့...
အပျက်ကို မမြင်ဘူးပေါ့။

ဝိပဿနာ အားထုတ်တယ် ဆိုတာ 
အပျက်ကို မြင်အောင် အားထုတ်တာ၊
ရုပ်တွေ, နာမ်တွေရဲ့ အပျက်ကို မြင်မှ 
ဝိပဿနာဥာဏ် ဖြစ်တာ။ 

အပျက်ကို မြင်ဖို့အတွက်,
နှလုံးသွင်းကိုက မှန်နေရမယ်၊ 

ရုပ်တွေ,နာမ်တွေပဲ ရှိတယ်၊ 
အဲဒီရုပ်တွေ, နာမ်တွေဟာ တရစပ်ကြီးကို ပျက်နေတယ်၊ 
ဒီလို နှလုံးသွင်း ထားရမယ်။ 

အခုလို ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်သတ်ရေး တရားတွေကို သေသေချာချာ နာမထားဘူး ဆိုရင်လည်းပဲ 
နှလုံးသွင်းမှန်ဖို့ လွယ်ပါ့မလား..(မလွယ်ပါဘူး ဘုရား)။
.
            မြစိမ်းတောင်ဆရာတော်ဘုရား။

မျှဝေ ပူဇော်ပါသည်။

Friday, September 8, 2023

သူမိုက်နှင့်ပညာရှိ

 သူမိုက်နှင့် ပညာရှိ
🌼🌼🍁🍁🍁🌼🌼
ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။ 
အဘယ်သုံးမျိုးတို့နည်းဟူမူ- မိမိအပြစ်ကို အပြစ်အားဖြင့် မရှုခြင်း၊ မိမိအပြစ်ကို အပြစ်အားဖြင့် ရှုသော်လည်းတရား အလျောက် မကုစား၊ သူတစ်ပါးသည် အပြစ်ကို ဝန်ခံ၍ ပြောလာပါလျက်တရားအလျောက် မခံယူ။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသောသူကို သူမိုက်ဟု သိအပ်၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- မိမိအပြစ်ကို အပြစ်အားဖြင့် ရှု၏၊ မိမိ၏ အပြစ်ကို အပြစ်အားဖြင့် ရှု၍တရား အလျောက် ကုစား၏၊ သူတစ်ပါးသည် အပြစ်ကို ဝန်ခံ၍ ပြောလာသော်တရားအလျောက် ခံယူ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။

ဒီဃနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော်မြန်မာပြန် အစ္စယသုတ်..

Monday, September 4, 2023

လူကမြင်းမှ အပါယ်တွင်းပိုကျသည်

 လူကမြင်းမှ အပါယ်တွင်းပိုကျသည်
☘☘☘☘☘🌼🌼🌼☘☘☘☘☘

လူသည် ကောင်းမှုသက်သက်ကြောင့်ရသော ဘဝကောင်းမျိုးဖြစ်ရာ တိရစ္ဆာန်များထက် ဆင်ခြင်ဉာဏ်အား ပိုကောင်း၏။ ရသာခြောက်စုံ အကုန်မှီဝဲခွင့် ရသဖြင့် အကြံစုံ ဉာဏ်စုံ အကုန်ထွက်၏။ အဖန်ဓာတ်၊ အခါးဓာတ်များ မပြတ် ခံစားရဖြင့်လည်း သည်းခြေအားကောင်းလာကာ မှတ်ဉာဏ်အလွန်ထက်လှ၏။

ထိုအခါမျိုးများ၌
(က) ပတ်ဝန်းကျင်သည် သူတော်ကောင်းများရာဖြစ်ပါက လူ့ဘဝ၊ နတ် ဘဝဘက် အထက်တန်းကျရာသို့ တက်စေသော အကျင့်ကောင်းဘက် လမ်းကြောင်းပြောင်းထွက်မည်။
(ခ) ပတ်ဝန်းကျင်သည် သူယုတ်မာများဖြစ်နေပါက ငရဲ၊ ပြိတ္တာ၊ အသူရ ကာယ်တို့ဘဝ အောက်တန်းစားကျရာသို့ သက်စေသော အကျင့်ယုတ် လမ်းကြောင်း စောင်းဝင်သွားမည်။
(ဂ) ပတ်ဝန်းကျင်သည် နမော်မဲ့နမာမဲ့၊ ဘာသိဘာသာနေတတ်သော ပတ်ဝန်းကျင်မျိုးဖြစ်ပါသော်ကား မေ့မေ့နေ မေ့မေ့စား မေ့မေ့သွားများ ဖြင့်သာ အချိန်ကုန်ဆုံးဦးမည်ဖြစ်ရာ လာရာလမ်းအတိုင်း တိရစ္ဆာန်ဘုံ ဘဝသို့သာ အားကုန်ချလျက်က ပြန်ကြရပေလိမ့်မည်။

သိသော မသိစိတ်သည် မသိသော မသိစိတ်ထက် အစွမ်းပိုထက်၏။
ထိုတွင် ပညာသိ၊ ပညတ်သိမျှသာ သိသေးသော လူ့အသိသည် ဘာမျှ မသိသော တိရစ္ဆာန်သိထက် စေတနာအားဖြင့်လည်း ပိုကြီး၏။ ကံအားဖြင့်လည်း ပိုထက်၏။ ထိုစေတနာ၊ ကံတို့အလျောက် ကိုယ်နှုတ်စိတ်တို့ဖြင့် ပြုလုပ်ခြင်း၊ ပြောဆိုခြင်း၊ ကြံစည်ခြင်းမှန်သမျှ ရေပေါ်ပစ်ချသော ကျောက်တုံးပမာရှိ၏။ ကောင်းကင်ထောင်ပစ်သော လောက်စာလုံးပမာလည်း ရှိ၏။ လေးသလောက် နစ် ၍ တွန်အားကောင်းသလောက် ထိုးတက်စေ၏။

အထက်၌ဆိုခဲ့ပြီး ပတ်ဝန်းကျင် သုံးမျိုးတို့တွင် ...၊
ဒုတိယမြောက် လူ့ဘဝရောက် ထိုလူသားသည် ၎င်း၌ စုဆောင်းပြီး ရှေး ဘုန်းရှေးကံအား နည်းပါးလှသဖြင့် အထက်တန်းစား သူတော်ကောင်းကြီးများ အနား မကျရောက်တတ်ပြီ။ ၎င်းကျရောက်တတ်သည်မှာ သူယုတ်မာတို့ ကျက်စား ရာ ဒေသသာဖြစ်၏။ လူဆိုရုံမျှဖြစ်သော ဘာသိဘာသာသမားတို့၏ အလယ်၌သာ ကျရောက်ရာ၏။

ထိုအခါ ..
(၁) အာရုံကိုမြင် တန်းတန်းစွဲ ခင်မင်တတ်သော အလိုဆိုးတို့နောက်ကို လိုက်၍
(၂) ခင်အာရုံ မကြင်ရမချင်း ခံပြင်းပူဆာ မနေသာသော အမျက်ထားမှု နောက်ကို လိုက်၍
(၃) ခင်အာရုံခံစားခွင့်ရ ငါကောင်းစားပြီးရောသဘောမျှဖြင့် မိုက်မှားမှု နောက်ကို လိုက်၍ 
စိတ်ရှိလက်ရှိပြုကျင့်ချေတော့မည်။ တစ်ဖက်သား ခံနိုင်သည် မခံနိုင် သည် သူမသိ၊ သိသော်မှ သူ မဖြုန်မိ။ သူသိသည်မှာ သူလိုချင်သည်ကို သူ့စိတ် တိုင်းကျ ခံစားခွင့်ရရေးပင်တည်း။

ထိုအကျင့်သည် တိရစ္ဆာန်သိနှင့် လူ့အသိ တစ်ဝက်စီပေါင်းစပ်ထားသော ကပြားသိမှဖြစ်သော အကျင့်ဆိုးမျိုး ဖြစ်၏။ လူ့ဘဝလက်ထက်ပွား သညာသိများ နှင့် တိရစ္ဆာန်ဘဝတို့က အမွေပါလာသော မောဟသိများ ပေါင်းမိခြင်းပင် ဖြစ်၏။ သညာသိက ]ဘာကြီးကွ၊ ညာကြီးကွ}ဖြင့် ပညတ်တင် အမည်ဖော်လျက်က မြှောက်ပင့်ပေးပြီး မောဟသိက ဆုံးဖြတ်မှား အကြိုက်ကြီး တိုက်ခိုက်လိုမှု ဖိစီး သော အတွေးကို တွေးပေးတော့၏။ ထိုစိတ်ထားနှင့် လိုက်ဖက်သော ကိုယ်အမူအ ရာ၊ နှုတ်အမူအရာကိုလည်း ထုတ်သုံးပေးတော့၏။ ထိုအခါ လူက မွေးသော်လည်း လူသွေးမစစ်သော သေးညစ်တို့ပေါ်လာပေရော့မည်။

သွေးညစ်လျှင် စိတ်လည်း ညစ်တတ်၏။ စိတ်ညစ်လျှင်လည်း အလုပ် လည်း ညစ်လာတတ်၏။ လူအချင်းချင်းတွေ့လည်း ညစ်လာတတ်၏။ မိမိလောက် အသိဉာဏ်မရှိရှာသေးသော တိရစ္ဆာန်လေးများအပေါ် နည်းအမျိုးမျိုး ညစ်လာတတ် ၏။ ညစ်လျှင်ကား ပတ်တော့မည်။
ထိုအခါ ဝဋ်ဆိုသော သဘောတရား လူ၌ ထွန်းကားလာ၏။
(၁) ကိလေသာ့ဝဋ်  မိမိအလိုဆိုးကျရာ ခံစားလိုသော အာသာရမ္မက် အား ကြီးထွားလာခြင်း။
(၂) ကမ္မဝဋ်  အလိုဆိုးပူဆာလေတိုင်း စိတ်တိုင်းကျထ၍ ပြုကျင့်လွန်ကျူး ခြင်း။
(၃) ဝိပါကဝဋ်  ပြုကျင့်သဖြင့် လက်မိလက်ရဖြစ်လေတိုင်း စိတ်တိုင်းကျ ခံစားနေတော့ခြင်း။
အထက်ပါသုံးမျိုးတို့သည် အချင်းချင်းဆက်၍ဆက်၍ အကွက်လှည့်ပေး တတ်သောကြောင့် ဝဋ်ဆိုရ၏။ မိမိက ပြုသူဘက်မှနေ၍ မိမိတစ်ဦးတည်း ထိုသုံး ကွက်တို့လှည့်ရာ လိုက်ပါလည်ပတ်နေရသော ဝဋ်လည်မှုတစ်မျိုးပင် ဖြစ်၏။

ဆိုကြပါစို့။ အမဲသားစားလိုမှုအားကြီးလေသူ ဝက်သားမစားရ မနေနိုင် လောက်အောင် အလိုဆိုး ထိုးကျင့်နေလေသူ .. ဦးစွာ ထိုအသား စားလိုစိတ် ကိလေသာ့ဝဋ် ရှေ့မှပေါ်လာ၏။  ထိုစိတ် မမြိုသိပ်နှိပ်တော့သောအခါ ထတဲ့၍ ကိုယ်ထိလက်မြောက် အကုသိုလ်အကြောင်းကံ သတ်မှုကို လွန်ကျူးပေးရ၏။ ပြီး သော် အကျိုးပေး ဝိပါတ်အားဖြင့် ထိုအသား စားသုံး၏။ စားသုံးပြီးက နောက် တစ်ဖန် ထပ်မံ၍စားလိုစိတ် ကိလေသာ ပေါ်ပေါက်လာပြန်ရာ တစ်ဖတ်ဖြင့်လည်း မပြီး၊ တစ်နပ်ဖြင့်လည်း မပြီး၊ တစ်သက်ပတ်လုံးကြီး မပြီးတော့ပြီ။

ဤသို့လျှင် ဝဋ်သုံးပါးသည် ပစ္စက္ခ၌ မိမိတစ်ဦးတည်းတည်း ကိုယ့်ပုဆိုး စကိုယ်နင်းလျက်က လဲနေသည့်ပမာ မိမိအစွဲအတိုင်း လည်ပတ်နေရပါ၏။
ထိုထိုဝဋ်လည်ပတ်ရာထဲက
(က) ရံတစ်ခါ အပြစ်မဲ့သူတော်ကောင်းများ၌ သွား၍ အနိုင်ကျင့် သည် လည်းရှိ၏
(ခ) ရံတစ်ခါ သာမန်လူသားအချင်းချင်းတို့အပေါ်၌ သွား၍အနိုင် ကျင့် သည်လည်း ရှိ၏။
(ဂ) ရံတစ်ခါ မိမိအောက် အဆင့်နိမ့်ရာ တိရစ္ဆာန်များသို့ သွား၍ အနိုင်ကျင့်သည်လည်း ရှိ၏။
ထိုအနိုင်ကျင့်မှု သုံးမျိုးတို့တွင်
(က) အပြစ်မဲ့သူတော်ကောင်းများအပေါ် သွားရောက်အနိုင်ကျင့်ရာ မှဖြစ်ရမည့် သံသရာဝဋ်သည် ငရဲကောင်ဘဝဖြင့် ခံစားရပေလိမ့် မည်။
(ခ) သာမန်လူသားတို့အပေါ် သွားရောက်အနိုင်ကျင့်ရာမှ ဖြစ်ရမည့် သံသရာဝဋ်သည် ပြိတ္တာ၊ အသရကာယ်ဘဝဖြင့် ဆင်းရဲမှု ခံစားရပေ လိမ့်မည်။
(ဂ) အကယ်တိတိ ...၊ တိရစ္ဆာန်များအပေါ် သွားရောက်အနိုင်ကျင့် ရာမှ ရလာမည့် သံသရာဝဋ်ဖြစ်နေလျှင်ကား သေစားသေစေအမိန့် ချခံရလေသည့်ပမာ မိမိသည်ပင် တိရစ္ဆာန်ဘဝပြန်လည်ရောက်သွား ရပြီး မိမိသည်ပင် သူတစ်ပါးဝါးမျိုခြင်း၊ စားသောက်ခြင်း ခံရမည့် သူတစ်ပါးအကြံခံ အသတ်ခံဘဝဝဋ်သို့ လည်ရပေလိမ့်ဦးမည်။ ထို ဝဋ်သည် တစ်ဖက်သားများနှင့် တွဲဖက်လည်ရသော ကလဲ့စားအချေ ခံဝဋ်တစ်မျိုးတည်း။

လူသည် ဉာဏ်ကြီး၏။ ဉာဏ်ကြီးသလောက် မကောင်းမှုပြုရာ၌လည်း အပြစ်ကြီး၏။ သို့ကြောင့် လူ့ဘဝမှနေ၍ ပြုကျင့်သော မကောင်းမှုသည် အပါယ် လေးဘုံသို့ ခရီးဆက်ကြရပြီး ကောင်းမှုဖြစ်လျှင်ကား လူမှ လူ၊ လူမှ နတ်သို့သာတည်း။

#မဟာဗောဓိမြိုင်ဆရာတော် #သြဝါဒဓမ္မအမွေ(၆)
#စာဖတ်သူတစ်ယောက်၏မှတ်စုများ #သုဝဏ္ဏသျှမ်
#သရဏီရကထာ #လူကမြင်းမှ