လူကမြင်းမှ အပါယ်တွင်းပိုကျသည်
☘☘☘☘☘🌼🌼🌼☘☘☘☘☘
လူသည် ကောင်းမှုသက်သက်ကြောင့်ရသော ဘဝကောင်းမျိုးဖြစ်ရာ တိရစ္ဆာန်များထက် ဆင်ခြင်ဉာဏ်အား ပိုကောင်း၏။ ရသာခြောက်စုံ အကုန်မှီဝဲခွင့် ရသဖြင့် အကြံစုံ ဉာဏ်စုံ အကုန်ထွက်၏။ အဖန်ဓာတ်၊ အခါးဓာတ်များ မပြတ် ခံစားရဖြင့်လည်း သည်းခြေအားကောင်းလာကာ မှတ်ဉာဏ်အလွန်ထက်လှ၏။
ထိုအခါမျိုးများ၌
(က) ပတ်ဝန်းကျင်သည် သူတော်ကောင်းများရာဖြစ်ပါက လူ့ဘဝ၊ နတ် ဘဝဘက် အထက်တန်းကျရာသို့ တက်စေသော အကျင့်ကောင်းဘက် လမ်းကြောင်းပြောင်းထွက်မည်။
(ခ) ပတ်ဝန်းကျင်သည် သူယုတ်မာများဖြစ်နေပါက ငရဲ၊ ပြိတ္တာ၊ အသူရ ကာယ်တို့ဘဝ အောက်တန်းစားကျရာသို့ သက်စေသော အကျင့်ယုတ် လမ်းကြောင်း စောင်းဝင်သွားမည်။
(ဂ) ပတ်ဝန်းကျင်သည် နမော်မဲ့နမာမဲ့၊ ဘာသိဘာသာနေတတ်သော ပတ်ဝန်းကျင်မျိုးဖြစ်ပါသော်ကား မေ့မေ့နေ မေ့မေ့စား မေ့မေ့သွားများ ဖြင့်သာ အချိန်ကုန်ဆုံးဦးမည်ဖြစ်ရာ လာရာလမ်းအတိုင်း တိရစ္ဆာန်ဘုံ ဘဝသို့သာ အားကုန်ချလျက်က ပြန်ကြရပေလိမ့်မည်။
သိသော မသိစိတ်သည် မသိသော မသိစိတ်ထက် အစွမ်းပိုထက်၏။
ထိုတွင် ပညာသိ၊ ပညတ်သိမျှသာ သိသေးသော လူ့အသိသည် ဘာမျှ မသိသော တိရစ္ဆာန်သိထက် စေတနာအားဖြင့်လည်း ပိုကြီး၏။ ကံအားဖြင့်လည်း ပိုထက်၏။ ထိုစေတနာ၊ ကံတို့အလျောက် ကိုယ်နှုတ်စိတ်တို့ဖြင့် ပြုလုပ်ခြင်း၊ ပြောဆိုခြင်း၊ ကြံစည်ခြင်းမှန်သမျှ ရေပေါ်ပစ်ချသော ကျောက်တုံးပမာရှိ၏။ ကောင်းကင်ထောင်ပစ်သော လောက်စာလုံးပမာလည်း ရှိ၏။ လေးသလောက် နစ် ၍ တွန်အားကောင်းသလောက် ထိုးတက်စေ၏။
အထက်၌ဆိုခဲ့ပြီး ပတ်ဝန်းကျင် သုံးမျိုးတို့တွင် ...၊
ဒုတိယမြောက် လူ့ဘဝရောက် ထိုလူသားသည် ၎င်း၌ စုဆောင်းပြီး ရှေး ဘုန်းရှေးကံအား နည်းပါးလှသဖြင့် အထက်တန်းစား သူတော်ကောင်းကြီးများ အနား မကျရောက်တတ်ပြီ။ ၎င်းကျရောက်တတ်သည်မှာ သူယုတ်မာတို့ ကျက်စား ရာ ဒေသသာဖြစ်၏။ လူဆိုရုံမျှဖြစ်သော ဘာသိဘာသာသမားတို့၏ အလယ်၌သာ ကျရောက်ရာ၏။
ထိုအခါ ..
(၁) အာရုံကိုမြင် တန်းတန်းစွဲ ခင်မင်တတ်သော အလိုဆိုးတို့နောက်ကို လိုက်၍
(၂) ခင်အာရုံ မကြင်ရမချင်း ခံပြင်းပူဆာ မနေသာသော အမျက်ထားမှု နောက်ကို လိုက်၍
(၃) ခင်အာရုံခံစားခွင့်ရ ငါကောင်းစားပြီးရောသဘောမျှဖြင့် မိုက်မှားမှု နောက်ကို လိုက်၍
စိတ်ရှိလက်ရှိပြုကျင့်ချေတော့မည်။ တစ်ဖက်သား ခံနိုင်သည် မခံနိုင် သည် သူမသိ၊ သိသော်မှ သူ မဖြုန်မိ။ သူသိသည်မှာ သူလိုချင်သည်ကို သူ့စိတ် တိုင်းကျ ခံစားခွင့်ရရေးပင်တည်း။
ထိုအကျင့်သည် တိရစ္ဆာန်သိနှင့် လူ့အသိ တစ်ဝက်စီပေါင်းစပ်ထားသော ကပြားသိမှဖြစ်သော အကျင့်ဆိုးမျိုး ဖြစ်၏။ လူ့ဘဝလက်ထက်ပွား သညာသိများ နှင့် တိရစ္ဆာန်ဘဝတို့က အမွေပါလာသော မောဟသိများ ပေါင်းမိခြင်းပင် ဖြစ်၏။ သညာသိက ]ဘာကြီးကွ၊ ညာကြီးကွ}ဖြင့် ပညတ်တင် အမည်ဖော်လျက်က မြှောက်ပင့်ပေးပြီး မောဟသိက ဆုံးဖြတ်မှား အကြိုက်ကြီး တိုက်ခိုက်လိုမှု ဖိစီး သော အတွေးကို တွေးပေးတော့၏။ ထိုစိတ်ထားနှင့် လိုက်ဖက်သော ကိုယ်အမူအ ရာ၊ နှုတ်အမူအရာကိုလည်း ထုတ်သုံးပေးတော့၏။ ထိုအခါ လူက မွေးသော်လည်း လူသွေးမစစ်သော သေးညစ်တို့ပေါ်လာပေရော့မည်။
သွေးညစ်လျှင် စိတ်လည်း ညစ်တတ်၏။ စိတ်ညစ်လျှင်လည်း အလုပ် လည်း ညစ်လာတတ်၏။ လူအချင်းချင်းတွေ့လည်း ညစ်လာတတ်၏။ မိမိလောက် အသိဉာဏ်မရှိရှာသေးသော တိရစ္ဆာန်လေးများအပေါ် နည်းအမျိုးမျိုး ညစ်လာတတ် ၏။ ညစ်လျှင်ကား ပတ်တော့မည်။
ထိုအခါ ဝဋ်ဆိုသော သဘောတရား လူ၌ ထွန်းကားလာ၏။
(၁) ကိလေသာ့ဝဋ် မိမိအလိုဆိုးကျရာ ခံစားလိုသော အာသာရမ္မက် အား ကြီးထွားလာခြင်း။
(၂) ကမ္မဝဋ် အလိုဆိုးပူဆာလေတိုင်း စိတ်တိုင်းကျထ၍ ပြုကျင့်လွန်ကျူး ခြင်း။
(၃) ဝိပါကဝဋ် ပြုကျင့်သဖြင့် လက်မိလက်ရဖြစ်လေတိုင်း စိတ်တိုင်းကျ ခံစားနေတော့ခြင်း။
အထက်ပါသုံးမျိုးတို့သည် အချင်းချင်းဆက်၍ဆက်၍ အကွက်လှည့်ပေး တတ်သောကြောင့် ဝဋ်ဆိုရ၏။ မိမိက ပြုသူဘက်မှနေ၍ မိမိတစ်ဦးတည်း ထိုသုံး ကွက်တို့လှည့်ရာ လိုက်ပါလည်ပတ်နေရသော ဝဋ်လည်မှုတစ်မျိုးပင် ဖြစ်၏။
ဆိုကြပါစို့။ အမဲသားစားလိုမှုအားကြီးလေသူ ဝက်သားမစားရ မနေနိုင် လောက်အောင် အလိုဆိုး ထိုးကျင့်နေလေသူ .. ဦးစွာ ထိုအသား စားလိုစိတ် ကိလေသာ့ဝဋ် ရှေ့မှပေါ်လာ၏။ ထိုစိတ် မမြိုသိပ်နှိပ်တော့သောအခါ ထတဲ့၍ ကိုယ်ထိလက်မြောက် အကုသိုလ်အကြောင်းကံ သတ်မှုကို လွန်ကျူးပေးရ၏။ ပြီး သော် အကျိုးပေး ဝိပါတ်အားဖြင့် ထိုအသား စားသုံး၏။ စားသုံးပြီးက နောက် တစ်ဖန် ထပ်မံ၍စားလိုစိတ် ကိလေသာ ပေါ်ပေါက်လာပြန်ရာ တစ်ဖတ်ဖြင့်လည်း မပြီး၊ တစ်နပ်ဖြင့်လည်း မပြီး၊ တစ်သက်ပတ်လုံးကြီး မပြီးတော့ပြီ။
ဤသို့လျှင် ဝဋ်သုံးပါးသည် ပစ္စက္ခ၌ မိမိတစ်ဦးတည်းတည်း ကိုယ့်ပုဆိုး စကိုယ်နင်းလျက်က လဲနေသည့်ပမာ မိမိအစွဲအတိုင်း လည်ပတ်နေရပါ၏။
ထိုထိုဝဋ်လည်ပတ်ရာထဲက
(က) ရံတစ်ခါ အပြစ်မဲ့သူတော်ကောင်းများ၌ သွား၍ အနိုင်ကျင့် သည် လည်းရှိ၏
(ခ) ရံတစ်ခါ သာမန်လူသားအချင်းချင်းတို့အပေါ်၌ သွား၍အနိုင် ကျင့် သည်လည်း ရှိ၏။
(ဂ) ရံတစ်ခါ မိမိအောက် အဆင့်နိမ့်ရာ တိရစ္ဆာန်များသို့ သွား၍ အနိုင်ကျင့်သည်လည်း ရှိ၏။
ထိုအနိုင်ကျင့်မှု သုံးမျိုးတို့တွင်
(က) အပြစ်မဲ့သူတော်ကောင်းများအပေါ် သွားရောက်အနိုင်ကျင့်ရာ မှဖြစ်ရမည့် သံသရာဝဋ်သည် ငရဲကောင်ဘဝဖြင့် ခံစားရပေလိမ့် မည်။
(ခ) သာမန်လူသားတို့အပေါ် သွားရောက်အနိုင်ကျင့်ရာမှ ဖြစ်ရမည့် သံသရာဝဋ်သည် ပြိတ္တာ၊ အသရကာယ်ဘဝဖြင့် ဆင်းရဲမှု ခံစားရပေ လိမ့်မည်။
(ဂ) အကယ်တိတိ ...၊ တိရစ္ဆာန်များအပေါ် သွားရောက်အနိုင်ကျင့် ရာမှ ရလာမည့် သံသရာဝဋ်ဖြစ်နေလျှင်ကား သေစားသေစေအမိန့် ချခံရလေသည့်ပမာ မိမိသည်ပင် တိရစ္ဆာန်ဘဝပြန်လည်ရောက်သွား ရပြီး မိမိသည်ပင် သူတစ်ပါးဝါးမျိုခြင်း၊ စားသောက်ခြင်း ခံရမည့် သူတစ်ပါးအကြံခံ အသတ်ခံဘဝဝဋ်သို့ လည်ရပေလိမ့်ဦးမည်။ ထို ဝဋ်သည် တစ်ဖက်သားများနှင့် တွဲဖက်လည်ရသော ကလဲ့စားအချေ ခံဝဋ်တစ်မျိုးတည်း။
လူသည် ဉာဏ်ကြီး၏။ ဉာဏ်ကြီးသလောက် မကောင်းမှုပြုရာ၌လည်း အပြစ်ကြီး၏။ သို့ကြောင့် လူ့ဘဝမှနေ၍ ပြုကျင့်သော မကောင်းမှုသည် အပါယ် လေးဘုံသို့ ခရီးဆက်ကြရပြီး ကောင်းမှုဖြစ်လျှင်ကား လူမှ လူ၊ လူမှ နတ်သို့သာတည်း။
#မဟာဗောဓိမြိုင်ဆရာတော် #သြဝါဒဓမ္မအမွေ(၆)
#စာဖတ်သူတစ်ယောက်၏မှတ်စုများ #သုဝဏ္ဏသျှမ်
No comments:
Post a Comment