စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, September 9, 2023

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်သတ်ရေး

ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်သတ်ရေး
☘☘☘🌸🌼🌸☘☘☘🌼🌸🌼
 
သောတာပန်ဖြစ်ဖို့, ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို အမြစ်ပြတ်ပယ်နိုင်အောင် ကြိုးစားရမှာ ဆိုတော့ 
ဝိစိကိစ္ဆာအကြောင်းကိုလည်း ဂဃဏန သိဖို့ မလိုဘူးလား.. (လိုပါတယ်ဘုရား)။

သိမှ ပယ်နိုင်မှာပေါ့၊
ပထမ သိအောင် လုပ်ကြဦး၊
ဉာတပရိညာနဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကင်းမှ ပွားများအားထုတ်တဲ့အခါမှာ အားရှိတယ်၊ဝိစိကိစ္ဆာ ကင်းရှင်းဖို့ လေ့လာရတယ်၊မှတ်သားရတယ်။  

"ဝိစိကိစ္ဆာ" ဆိုတာ_ယုံမှားခြင်းကို ဆိုလိုတာ၊
ဒိဋ္ဌိနဲ့ တွဲနေတယ်၊ အားလုံး(၈)မျိုး ရှိတယ် -
(၁) ဘုရားကို မယုံဘူး၊
(၂) တရားကို မယုံဘူး၊
(၃) သံဃာကို မယုံဘူး၊
(၄) သီလ၊ သမာဓိ၊ ပညာ 
       သိက္ခာသုံးပါးကို မယုံဘူး၊
(၅) သံသရာရဲ့ ရှေ့အစွန်းကို မယုံဘူး၊
(၆) သံသရာရဲ့ နောက်စွန်းကို မယုံဘူး၊
(၇) ရှေ့အစွန်းရော, နောက်အစွန်းပါ မယုံဘူး၊
(၈) ပဋိစ္စသမုပ္ပဒ်ကို အယုံအကြည် မရှိဘူး။ 

ဒီယုံမှားခြင်း(၈)မျိုးဟာ -
သက္ကာယဒိဋ္ဌိကြောင့် ဆက်ဖြစ်လာတာ၊
သက္ကာယဒိဋ္ဌိရှိလို့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ဆက်ဖြစ်တယ်။

ဒါကြောင့်မို့ သက္ကာယဒိဋ္ဌိ ပြုတ်ရင်, 
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း ပြုတ်တယ်၊ 
ဝိစိကိစ္ဆာဆိုတဲ့ ယုံမှားခြင်းလဲ ကင်းသွားတယ်။ 

ဗုဒ္ဓဘာသာဝင်တွေ 
ဒါန, သီလ, ဘာဝနာတွေ ပြုကြတယ်၊
သစ္စာတရား ကျကျနန မနာရလို့ ရှိရင်,
ဒိဋ္ဌိ ဖြစ်တာ များတာပဲ။ 

ငါတို့ ပြုတဲ့ ကုသိုလ် ကောင်းမှုတွေကို 
နောင်ဘဝမှာ ငါတို့ပဲ စံရမှာလို့ ထင်ကြတယ်၊
ကုသိုလ် လုပ်တာလည်း ငါတို့ပဲ၊
ကုသိုလ် အကျိုးကို စံရမှာလည်း ငါတို့ပဲ၊

ရုပ်နာမ် နှစ်ပါးကို,  
ငါ,သူ ထင်နေတဲ့ အတွက် 
သက္ကာယဒိဋ္ဌိလည်း ဖြစ်တယ်။

ယခုပြုတဲ့ ငါနဲ့, စံစားရမယ့် ငါကို, 
တစ်ထပ်တည်း ယူထားတဲ့အတွက် 
သဿတဒိဋ္ဌိလည်း ဖြစ်တယ်။ 

တချို့ကျတော့... 
အခုဘဝ ကိုယ်က အခုဘဝ စံ၊
နောင်ဘဝ ကိုယ်က နောင်ဘဝ ခံ၊ 
ဒီဘဝ ဒီကိုယ်နဲ့ နောင်ဘဝ ကိုယ်က 
လုံးဝ အဆက်အစပ် မရှိဘူး၊
သပ်သပ်စီလို့ ယူလိုက်တဲ့အတွက် 
ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားတယ်။ 

အဲဒီလို ပုဂ္ဂိုလ်မျိုးက 
အကုသိုလ်လုပ်ဖို့ ဝန်မလေးတော့ဘူး၊
အမှန်က အကြောင်းအကျိုးက ပြတ်သွားတာ မဟုတ်ဘူး၊ ကမ္မသတ္တိအရ အကြောင်းအကျိုးတော့ ဆက်စပ်နေတယ်။

သို့သော်လည်းပဲ 
ဒီဘဝ ဒီရုပ်နာမ် တွေက ဒီဘဝမှာပဲ ချုပ်တယ်၊ 
ဟိုဘက်ဘဝကို မလိုက်ဘူး။ 

ဒီဘဝ ရုပ်နာမ်တွေက 
ဟိုဘက် ဘဝကို လိုက်တယ်လို့ ထင်လို့ရှိရင် 
သဿတဒိဋ္ဌိ။ 

အကြောင်းကံတွေက ဒီဘက်မှာပဲ ပြီးသွားတယ်၊ 
ဟိုဘက်ဘဝကို လုံးဝလိုက်ပြီး အကျိုးမပြုဘူး 
ထင်ရင်လည်း ဥစ္ဆေဒဒိဋ္ဌိ။

အဲဒီနှစ်ခု ကြားထဲ သွားတာမှ မဇ္ဈိမပဋိပဒါ သမ္မာဒိဋ္ဌိ၊ 
အဲဒီသမ္မာဒိဋ္ဌိ အမြင်မျိုးက 
သံသယ ကင်းရှင်းမှ ဖြစ်တာ။

မနေ့ကနဲ့ ဒီနေ့ ကြည့်ရအောင်၊

မနေ့တုန်းက တရားနာထားတဲ့ စွမ်းအားကြောင့် 
ဒီနေ့ တရားတွေ ပိုသဘောပေါက်တယ်။

မနေ့က တရား အားထုတ်ခဲ့တဲ့ အတွက်ကြောင့် 
ဒီနေ့ ပိုပြီးတော့ သမာဓိ ရလာတယ်၊
ပိုထိုင်လာနိုင်တယ်၊ ဥာဏ်လည်း ပိုပွင့်လာတယ်။

ဒါဟာ ကမ်မသတ်တိအရ 
အကြောင်းအကျိုးတွေ ဆက်စပ်နေလို့ပဲ၊ 
အဲဒီလို အကြောင်းအကျိုး စပ်တာကို သဘောပေါက်မှ ဥစ္ဆေဒဒိဋ္ဌိ စင်တာ။ 

အဲဒီလို ကမ္မသတ္တိတွေက 
အကြောင်းအကျိုး ဆက်စပ်နေပေမယ့်၊
မနေ့တုန်းက ရုပ်နာမ်တွေ ဒီနေ့ ပါရဲ့လား၊
(မပါပါဘူး ဘုရား)။

မနေ့တုန်းက ရုပ်နာမ်တွေက,
မနေ့တုန်းက ပျက်သွားပြီ၊ 
ဒီနေ့ တစ်တို တစ်စမျှ မပါတော့ဘူး။

အကြောင်း ရုပ်နာမ်တွေက,
အကြောင်း နေရာမှာပဲ ပျက်သွားတယ်၊ 
အကျိုးနေရာ ပါ မလာဘူး၊
အဲဒီလို သဘောပေါက်မှ သဿတဒိဋ္ဌိ စင်တာ။ 

ရုပ်နာမ် အဟောင်း ပျက်သွားတဲ့ နေရာမှာ 
ရုပ်နာမ် အသစ်တွေ အစားထိုး ဖြစ်တယ်။

အဟောင်း ပျက်တာကို မြင်လို့ရှိရင်၊
သဿတ စင်တယ်။

အသစ် အစားထိုးဖြစ်တာ မြင်ရင်၊
ဥစ္ဆေဒ စင်တယ်။

အဲဒီ အဟောင်း ထဲမှာလည်း 
ငါ, သူတစ်ပါး, ယောက်ျား,မိန်းမ, 
ပုဂ္ဂိုလ် သတ္တဝါ မပါဘူး။

အသစ် အစားထိုးတဲ့ ထဲမှာလည်း 
ငါ,သူတစ်ပါး, ယောက်ျား,မိန်းမ, ပုဂ္ဂိုလ်
သတ်တဝါ မပါဘူး၊ 

ပျက်သွားတာလည်း ရုပ်ဓမ္မ, နာမ်ဓမ္မ၊ 
ပြန်ဖြစ်တော့လည်း ရုပ်ဓမ္မ, နာမ်ဓမ္မ၊
ရုပ်ဓမ္မ, နာမ်ဓမ္မ အစဉ်ကြီး တန်းနေတာကို 
ဥာဏ်နဲ့ မြင်တော့ သက္ကာယဒိဋ္ဌိ စင်တယ်။ 

ရုပ်ဓမ္မ, နာမ်ဓမ္မတွေ ဘာကြောင့် ဖြစ်လာတာလဲ ဆိုတဲ့ အကြောင်းတရားပေါ်မှာ ဥာဏ်မရှင်းလို့ ရှိရင်လည်း၊
သံသယ ဝိစိကိစ္ဆာ ဖြစ်လာတတ်သေးတယ်။

ဖန်ဆင်းရှင်က ဖန်ဆင်းလို့ ဖြစ်လာတာလား ?
ဒါမှမဟုတ် သူ့ အလိုလို ဖြစ်လာတာလား ?
ဘာကြောင့် ဖြစ်တာလဲ၊ ဒါလည်း သိထားဖို့လိုတယ်။

အမှန်က ပထဝီ, အာပေါ, တေဇော, ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ 
ရုပ်တရားတွေဟာ...

ကံ, စိတ်, ဥတု, အာဟာရ ဆိုတဲ့ 
အကြောင်း တရား လေးပါးကြောင့် ဖြစ်လာရတာ။

ကံကြောင့် ဖြစ်တဲ့ ရုပ်၊ 
စိတ်ကြောင့် ဖြစ်တဲ့ ရုပ်၊ 
ဥတုကြောင့် ဖြစ်တဲ့ ရုပ်၊
အာဟာရကြောင့် ဖြစ်တဲ့ ရုပ် ဆိုပြီး 
အမျိုးမျိုး ရှိတယ်နော်။

သူ့အလိုလို ပေါ်လာတာ မဟုတ်သလို၊
တန်ခိုးရှင်က ဖန်ဆင်းလိုက်တာလဲ မဟုတ်ဘူး၊ အကြောင်းတရားရှိလို့ အကျိုးတရား အဖြစ် ပေါ်လာတာ။ 

ကံကြောင့်ဖြစ်တဲ့ ရုပ်ဆိုတာက,
မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, 
လျှာအကြည်, မနော အကြည်၊
အနည်းဆုံး ဒီလောက်တော့ သိရမယ်နော်။ 

စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေထဲက 
သိလွယ် မြင်လွယ်တာ လေးတွေ 
နည်းနည်း ပြောကြည့်ရအောင် -

သွားချင်တဲ့ စိတ်ကြောင့်...
ကိုယ်ခန္ဓာထဲမှာ ဝါယောဓာတ်တွေ ပြည့်လာပြီး 
ဘယ်လှမ်းတယ်, ညာလှမ်းတယ် နဲ့ သွားတဲ့ရုပ်, 
လှုပ်ရှားတဲ့ ရုပ်ကြီး ဖြစ်လာရတာ။ 

သွားရာကနေ ရပ်ချင်တဲ့စိတ် ဖြစ်လာရင်လဲ
ဝါယောဓာတ်ကြောင့်ပဲ ရပ်တဲ့ရုပ်ကြီး, 
တည်ငြိမ်တဲ့ရုပ်ကြီး ဖြစ်လာရတာ မဟုတ်လား၊
(ဟုတ်ပါတယ် ဘုရား)။

ရပ်ရာကနေ ထိုင်ချင်တဲ့စိတ် ဖြစ်လာပြန်ပြီ ဆိုတော့...
အဲဒီ ထိုင်ချင်တဲ့ စိတ်ကြောင့်ပဲ 
တွန်းကန်ထားတဲ့, ထောက်ကန်ထားတဲ့ 
ဝါယောဓာတ်တွေကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး လေးတွဲ ကျလာကာ ထိုင်ချတဲ့ရုပ်ကြီး 
ဖြစ်လာတာ မဟုတ်လား၊ (ဟုတ်ပါတယ်ဘုရား)။

နတ်ဗြဟ္မာတွေ, တန်ခိုးရှင်တွေက ဖန်ဆင်းလို့ 
ဖြစ်လာတာလား၊ စိတ်က ခိုင်းလို့ ဖြစ်လာတာလား၊ 
(စိတ်ကခိုင်းလို့ ဖြစ်လာတာပါဘုရား)။

ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်,သတ္တဝါက 
ထိုင်တာ လား၊ ရုပ်က ထိုင်တာလား၊ 
(ရုပ်က ထိုင်တာပါ ဘုရား)။

ထိုင်ရာကနေ အိပ်မယ် လျောင်းမယ် ဆိုရင်လဲ
ဒီအတိုင်းပဲ၊ လျောင်းချင်တဲ့ စိတ်ကြောင့် 
လျောင်းတဲ့ရုပ် ဖြစ်လာတယ်၊ 
ဒီလို မဟုတ်လား..(ဟုတ်ပါတယ် ဘုရား)။

ဒါကြောင့် လိုက်ဆိုပါ -

သွားလို ရပ်လို၊ ထိုင်နေလို၊ အိပ်လို စိတ်ဟု သိ
စိတ်ကြောင့် ဖြစ်သော၊ ဓာတ်ဝါယော နှံ့နှော ကိုယ်ဝယ်ပြည့်၊
ဝါယောပြည့်သော်၊ ရုပ်သစ်ပေါ်၊ ရုပ်သော် သွားပေ၏။ 

ပုဂ္ဂိုလ် မသွား၊ ငါ မသွား၊ ရုပ်သွား ဥာဏ်ဖြင့် သိ
ပုဂ္ဂိုလ် မထိုင်၊ ငါ မထိုင်၊ ရုပ်ထိုင် ဥာဏ်ဖြင့် သိ

ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ်ဥာဏ်ဖြင့်သိ
ပုဂ္ဂိုလ်မအိပ်၊ ငါ မအိပ်၊ ရုပ်အိပ် ဥာဏ်ဖြင့် သိ

အမှန်က စိတ်က ခိုင်းလို့,
ရုပ်ကြီးက သွားတယ်, လာတယ်, ထိုင်တယ်, ရပ်တယ်, 
အိပ်တယ် ဒီလို မဟုတ်လား.. (ဟုတ်ပါတယ်ဘုရား)။

ရှေ့က အရင်ဖြစ်တဲ့ စိတ်က အကြောင်း၊
နောက်မှ ဖြစ်တဲ့ ရုပ်က အကျိုး၊ 
အကြောင်းကြောင့် အကျိုး ဖြစ်တာနော်၊
သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ 

ရုပ်နဲ့နာမ်ဟာ အချင်းချင်း မှီပြီး ဖြစ်နေကြတာ
နာမ်ကို မှီပြီး ရုပ်တွေ ဖြစ်နေကြသလို၊
ရုပ်ကို မှီပြီးတော့လည်း နာမ်တွေ ဖြစ်နေကြတယ်ဆိုတာ 
သိထားရမယ်နော်။ 

အကြောင်းတရား ရှိလို့ ဖြစ်လာကြတဲ့ နာမ်တရားတွေကို ယောဂီတွေ ဖြေကြည့်ပါဦး၊ 

မျက်စိအကြည် ရုပ်နဲ့ အဆင်းရုပ် ဆုံမိတဲ့ 
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက - (မြင်သိစိတ်ပါ ဘုရား)။

နားအကြည်ရုပ်နဲ့ အသံရုပ် ဆုံမိတဲ့ 
အကြောင်း တရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက - (ကြားသိစိတ်ပါ ဘုရား)။

နှာခေါင်းအကြည်ရုပ်နဲ့ အနံ့ ရုပ် ဆုံမိတဲ့
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက- (နံသိစိတ်ပါ ဘုရား)။

လျှာအကြည်ရုပ်နဲ့ အရသာရုပ် ဆုံမိတဲ့ 
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက- (အရသာသိစိတ်ပါ ဘုရား)။

ကိုယ်အကြည်ရုပ်နဲ့ ထိတွေ့စရာရုပ် ဆုံမိတဲ့ 
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက - (ထိသိစိတ်ပါဘုရား)

မနောအကြည်ရုပ်နဲ့ ကြံတွေးစရာ ဆုံမိတဲ့ 
အကြောင်းတရားကြောင့် ဖြစ်လာတဲ့ အကျိုး နာမ်တရားက- (ကြံတွေးစိတ်ပါဘုရား)

အဲဒီ ကြားသိစိတ်, နံသိစိတ်, အရသာသိစိတ်, 
ထိသိစိတ်, ကြံတွေးစိတ်တွေကို ခန္ဓာနဲ့ပြောရင် 
ဘာခန်ဓာလဲ (ဝိညာဏက်ခန်ဓာပါဘုရား)။

ဝိညာဏက္ခန္ဓာဖြစ်ရင် ကျန်တဲ့ ဝေဒနာက္ခန္ဓာ 
သညာက္ခန္ဓာနဲ့ သင်္ခါရက္ခန္ဓာတွေရော အတူတူ 
ဖြစ်မလာဘူးလား (ဖြစ်လာပါတယ်ဘုရား)။

နာမ်ခန္ဓာလေးပါးက,
ဖြစ်အတူ ပျက်အတူပဲ၊
ခွဲလို့ မရဘူး။ 

အကြည်ရုပ်တွေနဲ့ အဆင်း အသံစတဲ့ အာရုံရုပ်တွေကို 
ခန္ဓာနဲ့ပြောတော့ ဘာခန္ဓာလဲ၊
( ရူပက်ခန်ဓာပါဘုရား)။

နာမ်ခန္ဓာ လေးပါး၊ ရုပ်ခန္ဓာက တစ်ပါးဆိုတော့ 
ခန္ဓာငါးပါးနော်။ 

ဒါဆိုရင် ဒီခန္ဓာငါးပါးဟာ 
နတ်တွေ,ဗြဟ္မာတွေက ဖန်ဆင်းတာလည်း မဟုတ်ဘူး၊ 
သူ့အလိုလို ဖြစ်တာလည်း မဟုတ်ဘူး၊ 
အကြောင်းကြောင့် အကျိုး ဖြစ်လာတာပဲ
ဆိုတာ ဥာဏ်ထဲမှာ ရှင်းမသွားဘူးလားဗျာ၊
(ရှင်းသွားပါတယ် ဘုရား)။

အဲဒီလို ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး 
ဖြစ်လာရတဲ့ အကြောင်းတရား အပေါ်မှာ ဥာဏ်ရှင်းမှ သံသယဆိုတဲ့ ဝိစိကိစ္ဆာက သေတာ။

အကျိုးတရားဘက်လည်း ကြည့်ပါဦး၊
ဖြစ်လာတာက ရုပ်တွေ, နာမ်တွေလား၊ 
ယောက်ျား မိန်းမ, ပုဂ္ဂိုလ်သတ္တဝါ တွေလား၊
(ရုပ်တွေ နာမ်တွေပါ ဘုရား)။

အဲဒီ အကျိုးတရားအပေါ်မှာ ဥာဏ်ရှင်းတော့ 
သက္ကာယဒိဋ္ဌိရော သေမသွားဘူးလား၊
(သေသွားပါတယ်ဘုရား)။

ဒီဘဝမှာ ဖြစ်နေတဲ့ ရုပ်နာမ်တွေ အပေါ်မှာ 
သဘောပေါက်မှ ဘဝပြောင်းတဲ့အခါ 
ပဋိသန္ဓေ နေပုံကို လှမ်းပြီး သဘောပေါက်တယ်။ 

ဖောင်းတယ်, ပိန်တယ်လို့ မှတ်တဲ့အခါ -
ဖောင်းတက်လာတဲ့ သဘောက အကြောင်း၊
မှတ်သိစိတ်က အကျိုး။

အကြောင်းအကျိုး ဆက်စပ်နေတယ်၊
ဖောင်းလာတာက လှုပ်ရှားတဲ့ ဝါယောရုပ်၊ 
ဖောင်းတယ်လို့ မှတ်လိုက်တာက နာမ်တရား သတိနဲ့ ပညာ။ 

အစတုန်းက ငါ တရားမှတ်နေတယ်၊ ဒီလိုထင်တာ၊ 
အမှန်က မှတ်တယ်ဆိုတာ သညာက မှတ်တာ၊ 
သညာနဲ့ သတိ တွဲပြီးမှတ်တာ၊
သတိနဲ့ တွဲပြီး မှတ်တော့မှ နောက်က ပညာက 
လိုက်လာတယ်။ 

ရုပ်တွေ,နာမ်တွေပဲ အကြောင်းအကျိုးတွေပဲလို့ 
ဥာဏ်ရှင်းတော့ ဘာတွေသေမယ် ထင်လဲ၊
(သက္ကာယဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ သေမှာပါဘုရား)။

ဖောင်းတယ် ပိန်တယ်ပဲ ဖြစ်ဖြစ်၊ 
ဝင်လေ ထွက်လေ ဖြစ်ဖြစ်၊
ဒီလို အကြောင်းအကျိုးတွေကို 
ကျကျနန သဘော မပေါက်ဘူး ဆိုရင် 
ဘဝပြောင်းတဲ့ အခါမှာ အယူတွေ မှားကုန်ရော။ 

တို့ဗုဒ္ဓဘာသာဝင်တွေက 
သဿတဒိဋ္ဌိ ယူတာ များတယ်၊
အသက် ထွက်သွားတယ်၊
လိပ်ပြာကောင်လေး ထွက်သွားတယ်၊

ခန္ဓာကြီးကသာ ပုပ်ဆွေးသွားတာ၊
အသက်ကောင် လိပ်ပြာကောင်လေးက 
မသေဘူး၊ မပျောက်ဘူး၊ မပျက်ဘူး၊ 
ဟိုဘက် ဗိုက်ထဲ ဝင်သွား တယ်၊ ဒီလို ယူတာ။ 

တချို့က "လောက်လန်းသဖွယ် ဝိညာဉ်တွယ်" လို့ 
ဟောကြ, ပြောကြတာတွေ ရှိတယ်။ 

လောက်လန်း တွယ်တယ်ဆိုတာ 
ရှေ့ပိုင်းက တွယ်ပြီးမှ နောက်ပိုင်းက ဖြုတ်တာ၊
အဲဒီလိုသာ ဟိုဘက်မှာ သွားတွယ်ပြီးမှ 
ဒီဘက်မှာ ဖြုတ်တယ်ဆိုရင်... 

ဟိုမှာ ပဋိသန္ဓေ နေပြီးမှ ဒီမှာ စုတိစိတ် ကျရမလို ဖြစ်နေပြီ၊ အမှန်က စုတိစိတ် ကျပြီးမှ ပဋိသန္ဓေ နေတာ။ 

အယူအဆတွေ မှားနေကြတယ်၊
အကောင် အထည်နဲ့ ဝိညာဉ်ကောင်၊ 
လိပ်ပြာကောင် ထင်နေရင် သက္ကာယဒိဋ္ဌိရော, 
သဿတဒိဋ္ဌိပါ အကုန်လုံး ပါသွား တာပဲ။  

ပဋိသန္ဓေနေတဲ့ နေရာမှာ အယူအဆ မှားသွားလို့ ရှိရင်၊ ပစ္စုပ္ပန် ဘဝမှာလည်းပဲ အယူအဆ မှားတတ်တယ်၊ 
သံသရာမှာလည်း အယူအဆ မှားတတ်တယ်။

အတိတ်ဘဝကနေ ပစ္စုပ္ပန်ဘဝကို ရောက် လာပုံ၊ 
ပစ္စုပ္ပန်ဘဝကနေ အနာဂတ် ပြောင်းသွားပုံတွေကို သေသေချာချာ သဘော မပေါက်ရင် 
ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ဝင်တတ်တယ်။ 

ဒုက္ခမှန်း မသိလို့ လိုချင်၊ 
လိုချင်တော့ ရအောင်လို့ 
ကာယကံ,ဝစီကံ,မနောကံတွေ လုပ်တယ်၊
အဲဒီ ကံတွေကြောင့် ဘဝတွေ ထပ်ဖြစ်တယ်

သမ္မာဒိဋ္ဌိ ဖြစ်ဖို့အတွက် ဥပမာလေးတွေနဲ့ 
သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီး ဟောထားတာ 
လေး,ငါး မျိုးပဲ။ 

ပဲ့တင်သံရယ်၊ တံဆိပ်တုံး ရိုက်တာရယ်၊
ဖယောင်းတိုင်မီး တစ်တိုင်ကနေ 
တခြား ဖယောင်းတိုင် တွေကို မီးကူးတာရယ်၊ 
မှန်ထဲမှာ မြင်ရတဲ့ အရိပ်ရယ်။ 

ဥပမာ တခုလောက် ကြည့်ရအောင် -

မှန်ကြည့်တဲ့အခါ မှန်ရှေ့မှာ ရပ်နေတဲ့သူနဲ့ 
မှန်ထဲမှာ ပေါ်နေတဲ့အရိပ်ကို လုံးဝမတူဘူးလို့ ပြောလို့ 
မရသလို၊ 
တစ်ခုတည်း အတူတူပဲလို့လည်း ပြောလို့ ရပါ့မလား.. 
(မရပါဘူးဘုရား)။
ရပ်နေတဲ့သူက မှန်ထဲ ဝင်သွားတာမှ မဟုတ်တာဘဲ၊ 
ရပ်နေတဲ့ သူနဲ့ မှန်ထဲက အရိပ်ဆိုပြီး နှစ်ခုရှိမယ်၊

ဒါပေမယ့် အကြောင်းအကျိုးကတော့ ဆက်စပ်နေတယ်၊

ရပ်နေတဲ့ သူက ဝ,ရင်, မှန်ထဲက အရိပ်ကလည်း ဝ,မယ်၊ ရပ်နေတဲ့ သူက ပိန်ရင် မှန်ထဲက အရိပ်ကလည်း ပိန်မယ်၊ 
ရပ်နေတဲ့သူက ယောက်ျားဆိုရင် ယောက်ျားပုံ ပေါ်မယ်၊ မိန်းမပုံ ပေါ်ပါ့မလား (မပေါ်ပါဘူးဘုရား)။

ရပ်နေတဲ့သူက လှုပ်ရင် မှန်ထဲက အရိပ်ကလည်း လှုပ်မယ်၊ ရပ်နေတဲ့သူက ငြိမ်ရင် မှန်ထဲမှာလည်း ငြိမ်မယ်၊
အကြောင်းအကျိုးတော့ ဆက်စပ် နေတာနော်၊ 
တစ်ခုတည်းတော့ မဟုတ်ဘူး၊ သတ်သတ်စီ၊

အဲဒီလိုပဲ ..မှန်ရှေ့မှာ ရပ်နေတဲ့သူက, 
အတိတ်ဘဝနဲ့ တူတယ်၊
မှန်ထဲက အရိပ်က ပစ္စုပ္ပန်ဘဝနဲ့ တူတယ်။ 

အတိတ်တုန်းက ကုသိုလ်,အကုသိုလ် ပြုခဲ့တဲ့ 
ရုပ်နာမ်တွေက အတိတ်မှာ ပျက်သွားပြီ၊
ပစ္စုပ္ပန်ကို တတိုတစ မပါဘူး၊ 
ပစ္စုပ္ပန်မှာ ပေါ်လာတဲ့ ရုပ်နာမ်တွေက အသစ်၊
အတိတ်တုန်းက ရုပ်နာမ်နဲ့ မဆိုင်ဘူး။

အဲ့ဒီလို ပျက်တာ ပြတ်တာကို သဘော ပေါက်မှ 
သဿတဒိဋ္ဌိ စင်တာ။ 

ဒါပေမယ့် အကြောင်းအကျိုးကတော့ 
ပြတ် မသွားဘူးနော်၊ ဆက်စပ်နေတယ်၊
ရပ်နေတဲ့သူက ဝ,ရင်၊ မှန်ထဲက အရိပ်ကလည်း ဝ,မယ်၊ 

ရပ်နေတဲ့ သူက ပိန်ရင် မှန်ထဲကအရိပ်ကလည်း ပိန်မယ်၊ အဲဒီလို အကြောင်းအကျိုး ဆက်နေတာကိုမြင်မှ 
ဥစ္ဆေဒဒိဋ္ဌိ စင်မယ်။ 

အတိတ်တုန်းက ကုသိုလ်လုပ်ခဲ့ရင်,
ပစ္စုပ္ပန်မှာ ကောင်းကျိုး ရမယ်၊
အတိတ်တုန်းက အကုသိုလ်လုပ်ခဲ့ရင်, 
ပစ္စုပ္ပန်မှာ ဆိုးကျိုး ရမယ်။

အဲဒီလို အကြောင်း အကျိုး ဆက်စပ်ပုံကို ရှင်းတော့မှ 
သံသယဆိုတဲ့ ဝိစိကိစ္ဆာ ကင်းရှင်းတာ။ 

အဲဒီလိုမှ မဟုတ်ရင် ...
ကောင်းတာလည်း ဘုရားက ဖန်ဆင်းတယ်၊
လူတွေကိုလည်း ဘုရားက ဖန်ဆင်းတယ်၊
ကမ္ဘာကြီးကိုလည်း ဘုရားက ဖန်ဆင်းတယ်၊
တချို့ကျတော့ ဗိဿနိုးက ဖန်ဆင်းတယ်၊
ဗြဟ္မာကြီးက ဖန်ဆင်းတယ်၊ 
ဒီလိုဖြစ်လာတာ အကြောင်းအကျိုး မပါတော့ဘူး။ 

ပဋိသန္ဓေနဲ့ ပတ်သက်လို့ 
အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝ ဆက်စပ်ပုံ၊ 
သတ္တဝါတွေ ဖြစ်ပုံ ပျက်ပုံတွေကို 
ဦးပဉ္ဇင်းတို့ မြတ်စွာဘုရားကသာ ဟောနိုင်တာပါ။ 

ဘယ်ဘာသာမှ 
အကြောင်းအကျိုး ဆက်စပ်နေတာကို 
မဟောနိုင်ဘူး။

ရုပ်တွေ နာမ်တွေရဲ့ ဖြစ်ပျက် အမြန်နှုန်းနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ဟောထားသေးတယ်။

ရုပ်တွေ, နာမ်တွေဟာ 
တစက္ကန့်လေးတောင် တည်မြဲ မနေဘူး၊
စက္ကန့်မလပ် ဖြစ်ပျက် နေကြတယ်၊
မျက်စိတမှိတ်,လက်ဖျောက်တချက်အတွင်းမှာ 
နာမ်က ကုဋေတသိန်း ဖြစ်ပြီး ပျက်တယ်၊
ရုပ်က ကုဋေ ငါးထောင်ကျော် ဖြစ်ပြီး ပျက်တယ်တဲ့၊

ယောဂီတို့က တရား နာမထားဘူးဆိုရင် 
သိနိုင်ပါ့မလား (မသိနိုင်ပါဘူးဘုရား)။

တရား မနာထားဘူး မသိထားဘူး ဆိုရင် ...
မနေ့တုန်း ကလည်း ငါပဲ၊ ဒီနေ့လည်း ငါပဲ၊
ဒီလို ထင်တတ်တယ်၊ 

ပြောရုံဆိုရင်တော့ အပြစ် မရှိပါဘူး၊
ပြောတဲ့အတိုင်း ထင်ရင်တော့ တဆက်တည်း 
ယူထားတဲ့အတွက် သဿတဒိဋ္ဌိ ဖြစ်နေတယ်။ 

"တပည့်တော်, 
မနက်တုန်းက တရား အားထုတ်လို့ မကောင်းဘူး၊
ညနေပိုင်းမှ ကောင်းလာတယ်"

တရား အားထုတ်တာ, 
မနက်တုန်းကလည်း တပည့်တော်ပဲ၊ 
အခုညနေပိုင်းလည်း တပည့်တော်ပဲလို့ စိတ်မှာ ထင်လို့ ရှိရင်၊ သဿတဒိဋ္ဌိရော, သက္ကာယဒိဋ္ဌိရော ဖြစ်တယ်နော်။ 

သဿတဒိဋ္ဌိ ဖြစ်ရင်,
လူ့ပြည် နတ်ပြည်တော့ မတားပါဘူး၊
မဂ်ဥာဏ် ဖိုလ်ဥာဏ်တော့ မရဘူး။ 

တဆက်တည်း ထင်တယ်၊ 
တထပ်တည်း ထင်တယ် ဆိုတော့...
အပျက်ကို မမြင်ဘူးပေါ့။

ဝိပဿနာ အားထုတ်တယ် ဆိုတာ 
အပျက်ကို မြင်အောင် အားထုတ်တာ၊
ရုပ်တွေ, နာမ်တွေရဲ့ အပျက်ကို မြင်မှ 
ဝိပဿနာဥာဏ် ဖြစ်တာ။ 

အပျက်ကို မြင်ဖို့အတွက်,
နှလုံးသွင်းကိုက မှန်နေရမယ်၊ 

ရုပ်တွေ,နာမ်တွေပဲ ရှိတယ်၊ 
အဲဒီရုပ်တွေ, နာမ်တွေဟာ တရစပ်ကြီးကို ပျက်နေတယ်၊ 
ဒီလို နှလုံးသွင်း ထားရမယ်။ 

အခုလို ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်သတ်ရေး တရားတွေကို သေသေချာချာ နာမထားဘူး ဆိုရင်လည်းပဲ 
နှလုံးသွင်းမှန်ဖို့ လွယ်ပါ့မလား..(မလွယ်ပါဘူး ဘုရား)။
.
            မြစိမ်းတောင်ဆရာတော်ဘုရား။

မျှဝေ ပူဇော်ပါသည်။

No comments:

Post a Comment