"ဘုရားရှိခိုး ဖလော်ဆော်ဖီ"
တစ်ခါတစ်ရံ ကြမ်းတမ်းတဲ့ ဘဝခရီးလမ်းကိုဖြတ်သန်းကြတဲ့အခါမှာ လူအများစု တွေးမိတာလေးက-"ငါ့မှာ ကူညီမဲ့သူ ထောက်ပံ့မယ့်သူ မရှိဘူး။ ဘဝကကြမ်းလိုက်တာ၊ အထီးကျန်လိုက်တာ၊ ကုသိုလ်ကံကလည်း နုံချာလိုက်တာ" လို့တွေးမိကြပါလိမ့်မယ်။ ဒါက သူလိုငါလို သာမာန်လူ မိမိတစ်ဦးတစ်ယောက်ထဲတင်တွေ့တတ်တာမဟုတ်ပါဘူး။ ဒီလောကဓံမျိုးက အလောင်းတော်အရင့်အမာကြီးတွေတောင်တွေ့တတ်သေးတဲ့ အရာပါ။
မဟာဂန္ဓာရုံဆရာတော်ရဲ့ " ဥုံ နမော တေ၊ ဝိဇေ တုံမေ " စတဲ့ ဘုရားရှိခိုး ဂါထာနိဿ ယထဲမှာ မြတ်စွာဘုရားမာရ်နတ်ကို အောင်မြင်တော်မူခန်းအကြောင့် ဖွဲ့ဆိုရှိခိုးထားတဲ့ ဗောဓိပလ္လင်ခြေရင်းရင်း ဗုဒ္ဓဝင်လေးကို မှန်းမျှော်ကြည့်လိုက်ပါ၊ အဲဒီမှာ မာရ်နတ်ကို အောင်မြင်တော်မူပြီး ဘုရားဖြစ်တော်မူပုံလေးကို အာရုံပြုကြည့်လိုက်။ ပြီးမှတွေးကြည့်၊ စဉ်းစားကြည့်ပြီး၊ ရင်ထဲအထိကြည်ညိုလိုက်ပါ။
အဲဒီအခါမှာ မြတ်ဘုရားကို ပဉ္စဝဂ္ဂီငါးဦးက စွန့်ခွာသွားလို့ တစ်ပါးထဲနေချိန် (ကာလာအားဖြင့်ဆို တန်ခူးလကွယ်လောက်။ အဲဒီအချိန်မှာ မြတ်ဘုရားထံတော်ပါးမှာ ဘယ်သူမှမရှိဘူး)။ ဒီအချိန်မှာ ဘုရားအလောင်းတော်ဘေးမှာ ဘယ်သူမှမရှိဘူး။
ဟော တန်ကူးလကွယ်ကနေ နောက်ဆယ့်ငါးရက်လောက်ရောက် ကဆုန်လပြည့်နေ့ရောက်လာတဲ့အခါ၊ ဘုရားဖြစ်ခါနီး (အောင်မြင်ခါနီး၊ အောင်ပွဲရခါနီး) ရောက်ပြန်တော့ ဘုရားဖြစ်ရင် ပူဇော်ဘို့ဆိုတဲ့ အတွေးတွေနဲ့ ဘုရားဘေးမှာ သိကြားမင်းစတဲ့ နတ်ဗြဟ္မာတွေ အများကြီးရှိနေတယ်။ အခြံအရံ့တွေ၊ အခုခေတ်စကားနဲ့ပြောရရင် ပတ်ဝန်းကျင်ပေါ့။ အဲဒီ ခြံရံနေကြတဲ့ ပတ်ဝန်းကျင်ကသူတွေအားလုံး မာရ်နတ်လာတဲ့ အခါ ဘုရားအလောင်းတော်နဲ့ မာရ်နတ်တို့ နှဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြမယ့်အခါကြတော့ အဲဒီပတ်ဝန်းကျင်ကသူတွေအားလုံး ပြေးလိုက်ကြတာ လွင့်လို့..........
အဲဒီအချိန်မှာ အလောင်းတော်ဘေးမှာ ထောက်ပံ့မယ့် ကူညီမယ့် ပဉ္စဝဂ္ဂီတို့လို လူလည်းမရှိဘူး။ သိကြားမင်းတို့ နတ်လည်းမရှိဘူး။ သဟမ္ပတိ ဗြဟ္မာလည်းမရှိတော့ပြန်ဘူး။
ဒီနေရာကို ပေါ်အောင် မဟာဂန္ဓာရုံဆရာတော်က ပုံဖော်ရှိခိုးလိုက်တာက "နဌထမ္ဘံ- ထောက်ပံမည့်လူ၊ ကူညီမည့်နတ်၊ ရံပတ်ဝဲယာ၊ ဗြဟ္မာလည်းမရှိပါဘဲ" တဲ့။ သိပ်ပုံပေါ်စေတဲ့ ဘုရားရှိခိုး၊ သိပ်သဘဝကျတဲ့ တို့ဘုရားအလောင်းပါပဲ။
အလောင်းတော်ဘေးမှာ ဘယ်သူမှ မရှိဘူး။ ဒါပေမယ့် သူရင်ဆိုင်တယ်။ မာရ်နတ်က စစ်သည်အများကြီးနဲ့ လက်နက်မျိုးစုံနဲ့ တိုက်ခိုက်တယ်။ မာရ်နတ်တိုက်ခိုက်တာ လက်နက် ၉ မျိုးနဲ့။ ဒါပေမယ့် အလောင်းတော်က တရားလက်နက်နဲ့ပဲတိုက်ခုံခံတယ်။ အလောင်းတော်ရဲ့ လက်နက်က ကိုယ်တော်တိုင်ဖြည့်ခဲ့တဲ့ ပါရမီတော် ဆယ်ပါးကိုပဲ ဆင်ခြင်နေတယ်။ မေတ္တာပွားတယ်။ မာရ်နတ်က ဗောဓိပင်နဲ့ ရွှေပလ္လင်ကို သူပိုင်ကြောင်း သူ့နောက်ပါစစ်သည်တွေနဲ့ သက်သေထူ အငြင်းပွားယူတယ်။ အလောင်းတော်က သက်မဲ့သက်သေ မြေကြီးကို သက်သေထူပြီးပြတယ်။
မြေကြီးရဲ့ သက်သေပြ တုန်ခါမှုကြောင့် မာရ်နတ်တို့ ထွက်ပြေးသွားကြရတယ်။ မာရ်နတ်ရှုံးတယ်။ အလောင်းတော်က ပါရမီစက်နဲ့ နိုင်တယ်။ မေတ္တာလက်နက်နဲ့ နိုင်တယ်။ အဲဒါကို ဆရာတော်က "ဇယတော- ပါရမီစစ်ဟုန် လက်နက်စုံဖြင့် ချက်ကုန်မလွဲ၊ ပွဲတိုင်းမရှောင်၊ နွဲတိုင်းပင်အောင်တော်မူပေထသော" ပုံတော်ကို ဂုဏ်ဖော်ကာ သီကြူးဖွဲ့ဆိုတော်မူပါတယ်။
ဒီ ဗုဒ္ဓဝင် တစ်ခန်းရပ်ကလေးမှာ ဘာမှ ဘယ်သူမှ မယုံကြည်နိုင်စရာ မရှိဘူး။ အလောင်းတော် တန်ခူးလကွယ်ကနေ ကဆုန်လပြည့်အတွင်း အပြောင်းအလဲလေးကိုကြည့်လိုက်၊ ပဉ္စဝဂ္ဂီတို့ဆို သူတို့ယုံကြည်မှုမရှိတော့တဲ့ အခါ သူတို့အလေးအမြတ်ထားတဲ့ အလောင်းတော်ကိုတောင် စွန့်ပစ်သွားကြသေးတာ။ ဒါမျိုးလည်း လောကမှာ ဖြစ်တတ်တာပဲ။
နောက်အောင်မြင်မှုရခါနီးမှာ နတ်ဗြဟ္မာတို့က ချီးမြှောက်ပူဇောသလို၊ လူတစ်ဦးရဲ့ အောင်မြင်ခါနီး ပန်းတိုင်ရောက်ခါနီးမှာ အားပေးကြမယ့် လက်ခုတ်သံတွေ၊ တကယ်လို့ သူတို့ထင်သလို့ အောင်မြင်လာခဲ့ရင် ပါးစပ်မှာ ခဲမယ့် ဆေးလိပ်ကိုတောင် ဘေးက မီးခြစ်ပေးမယ့် အသိုင်းအဝိုင်းတွေ ဒီလိုမျိုးတွေ ရှိနေတတ်တာပဲ။ ဒါပေမယ့်............
အဲဒီလိုတွေရှိနေလို့ ဝမ်းမသာနဲ့ ဦး။ တကယ့်အခက်အခဲ အကြပ်အတဲကြုံတဲ့ အခါကြတော့ ဘေးမှာ ဘယ်သူမှမရှိတော့ဘူး။ ပုန်းရှိုး ကွယ်ရှိုး နောက်ကွယ်က သတင်းနားထောင်နေတဲ့ သူမျိုးတွေ ဘုရားတောင် ကြုံခဲ့ရတယ် မဟုတ်လား။ ဒီတော့...........
ဒီလိုဖြစ်လို့၊ ဒီလူတွေကို အပြစ်တင်ရမှာလား။ ကိုယ့်လာတိုက်တဲ့ မာရ်နတ်တို့လို ရန်သူတွေကို အပြစ်တင်ရမှာလားဆိုတော့ အပြစ်တင်စရာမလိုဘူး။
မာရ်နတ်က မာရ်နတ်အလုပ်လုပ်၊ ဘုရားလောင်းက ဘုရားအလောင်း အလုပ်လုပ်ယုံပဲ။ မာရ်နတ်အလုပ်နဲ့ လမ်းစဉ်က ကောက်ကျစ်မယ်၊ ယုတ်မာမယ်။ မတရားအနိုင်ယူဘို့ကြိုးစားမယ်။
ဘုရားအလောင်းတော် အလုပ်နဲ့ လမ်းစဉ်ကတော့၊ ဖြောင့်စင်းတယ်။ ရိုးသားတယ်။ ကြိုးစားတယ်။
နောက်ဆုံးတော့ ဘယ်သူနိုင်သလဲ ကြည့်လိုက်............
ရိုးသားသူက မရိုးသားသူကိုနိုင်တာချည်းပါပဲ။
တရားသူက မတရားသူကို နိုင်တာချည်းပါပဲ။
ကုသိုလ်က အကုသိုလ်ကို နိုင်တာချည်းပါပဲ။
ဓမ္မက အဓမ္မကို နိုင်တာချည်းပါပဲ။
ဒါတွေ ဒါတွေဟာ............ဘုရားရှိခိုးထဲက ဘုရားရှိခိုးရင်း မကြာခဏတွေးမိတဲ့ ဖလော်ဆော်ဖီလေးတွေပေါ့။
"ရိုးသားပြီး ကြိုးစားလိုက်ကြစို့လားးးးးးးးးးးးးခရီးသည်"..................
တရားသောနည်းဖြင့် ဘဝခရီးကို ချီတက်ဖြတ်သန်းနိုင်ကြပါစေဟု မေတ္တာပြုရင်းဖြင့်..............
သီတဂူအရှင်ဉာဏဝရ (သဗ္ဗမင်္ဂလာ)
No comments:
Post a Comment