စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 23, 2020

ခန္ဓာကိုယ်ကို restart ချခြင်း

ခန္ဓာကိုယ်ကိုRestartချခြင်း

ဖတ်ကြည့်ပါ စာရှည်ပေမဲ့ သင်တန်ဖိုးရှိတဲ့ အသိတခုရပါလိမ့်မယ် တကယ်ပါ.

လူအများကိုင်နေကြတဲ့ဖုန်းတွေ လေးလာတယ် error တွေတက်လာတယ်. Appalication တခုခုကို ဝင်ရင် အကြာကြီး အဝိုင်းလည်နေမယ် Momery တွေပြည့်နေမယ် စတာတွေဖြစ်လာပြီဆိုရင် လူတိုင်း ဖုန်းကို Restart ချတတ်ကြပါတယ်

ဖုန်း Restart ချပြီး ပြန်ဖွင့်လိုက်တဲ့အခါ Software တွေ Appalication တွေဖွင့်ရတာ ပေါ့သွားမယ် Facebook တွေဘာတွေထဲ ဝင်လိုက်ရင် အရမ်းသွက်လာတတ်ပါတယ်

ဒါဟာ ဘာလို့လဲဆိုတော့ ဖုန်းထဲမှာရ်ှနေတဲ့ မလိုအပ်ပဲ run နေတဲ့ မမြင်ရတဲ့ function တွေ stress တွေဟာ ပျောက်သွား လျော့သွားလို့ပါပဲ

ဒီလိုပါပဲ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးဟာလဲ ဖုန်းတလုံးနဲ့ အလားသဏ္ဍန်တူပါတယ်

မွေးကထဲကနေ လက်ရှိအသက်အရွယ်အထိ မနားကြရပါဘူး စာတွေကျက်ကြရတယ် အလုပ်တွေလုပ်ကြရတယ် ပိုက်ဆံတွေရှာရ ဖွေရ စုရ ဆောင်းရပါတယ် ချစ်သူထားရ အိမ်ထောင်ပြုရ သားသမီးမွေးရ နဲ့ 

ကျင်လည်ရတဲ့ဘဝတလျောက်မှာ လိုသူတွေလဲတွေ့သလို မလိုသူတွေလဲတွေ့ခဲ့ရ အတိုက်အခိုက်တွေ မနာလိုမှုတွေ ပြိုင်ဆိုင်မှုတွေ နိမ့်ကျမှုတွေ စတဲ့ မလိုအပ်ပဲ လည်ပါတ်နေရတဲ့ function တွေ stress တွေဟာ အများကြီးပါ

အဲခါကျရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဖုန်းတလုံးလိုပဲ လေးပြီး ဟန်းလာပါတော့တယ်
-ရောဂါတွေဖြစ်လာမယ်
-ဒေါသတွေဖြစ်လာမယ်
-ရုပ်တွေကျလာမယ်
-အိပ်မပျော်တာတွေဖြစ်လာမယ်
-အသက်တွေ တိုလာပါတော့တယ်

အဲခါကျရင် ကျွန်တော်တို့ရဲ့ ခန္ဓာကြီးကို ဖုန်းတလုံးလို Restart ချပေးဖို့ လိုလာပါပြီ

အဲတော့ ခန္ဓာကိုယ်ကို ဘယ်လို restart ချမလဲ ဆိုတော့
လွယ်ပါတယ် ကျွန်တော်ပြောပြ ပါမယ်

-မနက်စောစောထပါ (အရမ်းအစောကြီး မလိုပါဘူး ဒီလို အေးတဲ့ရာသီဆို 5:30 နောက်ကျဆုံး ၆ နာရီလောက်ထရင် ရပါပြီ ဒီထက်ပို စောထနိုင်ရင်တော့ အကောင်းဆုံးပေါ့)

နေ့တိုင်းမလိုပါဘူး တရက်လောက် restart ချပေးရင် ခန္ဓာကိုယ်က သိသာပါတယ်

စောစောထပြီး ရေဖန်ခွက် တခွက် အဝသောက်ပါ မျက်နာသစ်
အပေါ့အပါးသွားပြီး မနက်ခင်း ရောင်ခြည်ဦးကို ခံပါ လေကို ရူရိုက်ပါ ၁၅ မိနစ်လောက်

နံနက်ခင်း ထွက်လာတဲ့ ရောင်နီဦးဟာ အရမ်းလှပလို့ စိတ်အမောကို တကယ်ပြေစေပါတယ်

လူတွေအားလုံး မနိုးကြသေးတဲ့အတွက် လောကဓာတ်တခုလုံး တိတ်ဆိတ်ပြီး သင့်စိတ်အညစ်ကြေး တွေ ပျောက်သွားပါလိမ့်မယ်

ပြီးရင် ဘုရားစင်ရှေ့သွားပါ

ဘုရားမျက်နာတော်ကိုသေချာ ကြည့်အားရုံပြုပြီး မိမိနှစ်သက်ရာ ဂါထာတခုခုနဲ့ ဘုရားရှိခိုးပါ

ပြီးရင် အနဲဆုံး ၁၀ မိနစ်လောက် ငြိမ်ငြိမ်သက်သက် တရားထိုင်ပါ

တရားမထိုင်ဖူးလို့ ဘယ်လိုထိုင်ရမလဲ မသိရင် လွယ်လွယ်လေးပါ စိတ်ကို ပျံ့မသွားအောင် တနေရာမှာ စုစည်းလိုက်တာဟာ တရားထိုင်တာပါပဲ

တင်ပလင်ခွေထိုင် ခါးကိုစန့်ထား ပါစပ်ကိုပိတ်ပြီး နှခေါင်းနဲ့ အသက်အဝရူပါ နှခေါင်းထိပ်ကို လေတိုးဝင်သွားတာကို မျက်လုံးမှိတ်ပြီး မြင်အောင်ကြည့်ပါ ၅ စက္ကန့်လောက်အောင့်ထား ပြီးရင် နှခေါင်းကနေပဲ လေကို ပြန်ထုတ်ပါ ထွက်သွားတဲ့လေ နှာခေါင်းထိပ်တိုးသွားတာ သိလာပါလိမ့်မယ် မြင်အောင်ကြည့်ပါ

ဒါလေးပါပဲ လွယ်လွယ်လေးပါ

၁၀ မိနစ်ဆိုတဲ့ တိုတိုလေး အတွင်းမှာ ကိုယ့်စိတ်ကလေးဟာ အေးချမ်း အပြစ်ကင်းပြီးကိုယ့်နှာသီးထိပ်မှာ ပဲ ရှိနေပါလိမ့်မယ်

စစချင်းရက်မှာ စိတ်ကနာသီးထိပ်မှာ မနေပဲ နေရာအနှံ့လျောက်သွားနေပါလိမ့်မယ် ရအောင် ပြန်ခေါ် ပြန်ထားပါ

၃ ရက်လောက်ဆိုရင် သင့်စိတ်ကို ထိမ်းချုပ်နိုင်ပါပြီ

တရားထိုင်ပြီးတဲ့ အချိန်မှာ သင့်ခန္ဓာကိုယ်ဟာ ပေါ့ပါး နေတာ လန်းဆန်းနေတာ သင်ချက်ခြင်း ခံစားရပါတယ်

ပြီးရင် ၃၁ ဘုံကြင်လည်ကုန်သော လူနတ်ဗြန္မာ သတ္တဝါ အားလုံး ကျန်းမာချမ်းသာ ကြပါစေလို့ စိတ်နှစ်ပြီး မေတ္တာပို့ပါ

အဲတာဆို သင် restart ချပြီးပါပြီ
Stress နဲတဲ့သူဆိုရင် restart တခါချရင် ၃ ရက်လောက်ထိခံပါတယ်
Stress များတဲ့ လူကတော့ တပါတ်လောက် ဆက်တိုက် restart ချကြည့်ပါ အရမ်းကို သိသာလာပါလိမ့်မယ်

-အခုလို အသက်ရူလမ်းကြောင်းရောဂါတွေ ကာကွယ်ပါလိမ့်မယ်
-အဆုတ်အားကောင်းလာမယ်
-ညဘက် အရမ်းအိပ်လို့ကောင်းပါလိမ့်မယ်
-အရွယ်တင်လာပါလိမ့်မယ်
-ဆီချို သွေးတိုး နှလုံး မီးယပ်ရောဂါတွေ ပျောက်မယ်
-လောဘ ဒေါသ မောဟတွေ နဲလာမယ်
-မှတ်ညာဏ်တွေပြန်ကောင်းလာမယ်
-အာရုံစူးစိုက်နိုင်စွမ်းတွေတက်လာမယ်

ကျွန်တော့်ရဲ့ ကိုယ်တွေ့နည်းလေးပါ ယုံကြည်သူများ လိုက်ပါလုပ်ဆောင်၍ ခံစားနိုင်ကြပါစေ

သင်ဆရာ မြင်ဆရာများကို ဂါရဝပြုလျက်

#ချစ်တဲ့kkh💞(ပုဂံမြေ)
Credit Ko Ko Hlaing

ကုသိုလ်ရအောင်စားကြမယ်

#ကုသိုလ်ရအောင်_စားကြမယ်

စားခြင်း (၄) မျိုး
~~~~~~~~~~~~~
၁။ ဒါနနှင့်စားခြင်း
၂။ သီလနှင့်စားခြင်း
၃။ သမထနှင့်စားခြင်း
၄။ ဝိပဿနာနှင့်စားခြင်း
နောက်ဘဝတွေအတွက် ပါရမီအထုံတွေ ပါသွားနိုင်ဖို့ နေ့စဉ်စားသောက်တိုင်း ကုသိုလ်ရအောင် စားကြရမှာပါ။

၁။ ဒါနနှင့်စားပါ။
~~~~~~~~~~~~~~~
မိမိစားမည့်ထမင်းကို မစားခင် အရင်ဆုံး မြတ်စွာဘုရားအား ဆက်ကပ်လိုက်ပါ။
“အရှင်ဘုရား ဤဆွမ်းဘောဇဉ် အချိုပွဲများကို ကပ်လှူပူဇော်ပါ၏။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ဘုန်းပေး သုံးဆောင်တော်မူပါဘုရား”လို့ ဆိုပြီး မြတ်စွာဘုရားကို ဦးစွာ ကပ်လိုက်ပါ။ စိတ်ထဲကလည်း မြတ်စွာဘုရား တကယ် ကြွလာပြီး ဘုန်းပေးနေတယ်လို့ အာရုံပြုထားပါ။ 
ဘုန်းပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊ မေတ္တာသုတ် (၇)မျိုးရအောင် ရွတ်ဆိုနေလိုက်ပါ။ 
ပြီးမှ “မြတ်စွာဘုရား ဘုန်းပေးပြီးပြီဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား”လို့ဆိုပြီး စွန့်ပြီး စားလိုက်ပါ။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်။ ဒီနေရာမှာ (၇)မျိုး မရွတ်နိုင်ရင်လည်း ကိုယ်နိုင်သလောက် ရွတ်နေလိုက်လို့ လည်းရပါတယ်။ တစ်ခု သတိထားရမှာက မွန်းတည့်ဆယ့်နှစ်နာရီနောက်ပိုင်းမှာတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီ ရှေ့ပိုင်းပဲ ကပ်ရမှာပါ။

၂။ သီလနှင့်စားခြင်း
~~~~~~~~~~~~~~~
ထမင်းစားခါနီးမှာ “ဒီစားဖွယ် ဘောဇဉ်တွေကို မြူးထူး ပျော်ပါးဖို့၊ အသားအရေလှပတင့်တယ်ဖို့ စားတာမဟုတ်ပါ။ ကိုယ်ကာယ အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကို ကျင့်နိုင်ဖို့စားတာ” လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတသီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ။ သီလကုသိုလ်တွေ ရသွားတာပါ။ ရိပ်သာတွေမှာ ဆွမ်းစားခါနီး“ဤသည့်စားဖွယ် အမယ်မယ်ကို ….”စသဖြင့် ရွတ်ဆိုပြီးစားကြတာမျိုးပေါ့။ 
လိုရင်းကတော့ ဆင်ခြင်ပြီးစားရင် သီလနဲ့စားတာပါ။ ဆင်ခြင်လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်းလေးပဲ ရှိပါတယ်။


၃။ သမထနှင့်စားခြင်း
~~~~~~~~~~~~~~~~

ရိပ်သာတွေမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ၊ ဝေယျာ၀စ္စကုသိုလ်ရှင်တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။ 
မေတ္တာပွား တာဟာ သမထထဲမှာပါတဲ့အတွက် သမထနဲ့စားလိုက်တာပါ။ အိမ်မှာကျတော့ ထမင်းဝိုင်းကိုကြည့်ပြီး “ဒီထမင်း ဟင်းတွေ ရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲကင်းပါစေ။ စိတ်ဆင်းရဲကင်းပါစေ။ အစစအဆင်ပြေပါစေ။ ဒီထမင်းတွေချက်ပေးတဲ့ အမေ ကိုယ်ဆင်းရဲကင်းပါစေ။ စိတ်ဆင်းရဲကင်းပါစေ။ အစစအဆင်ပြေပါစေ။”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ်တွေ ဖြစ်သွားတာပါပဲ။ မေတ္တာပွားစားတာဟာ သမထနဲ့စားလိုက်တာပါ။ 
ဒီထမင်းဟင်းဖြစ်ဖို့ ကိုယ့်ကို ကျေးဇူးပြုသူများအားလုံးကို ရည်မှန်းပြီး မေတ္တာပို့ပြီးမှ စားလည်း သမထနဲ့စားလိုက်တာပါပဲ။

၄။ ဝိပဿနာနှင့်စားခြင်း
~~~~~~~~~~~~~~~~~~

ဒီစားနည်းကတော့ မြတ်စွာဘုရား သဘောအကျဆုံးစားနည်းပါပဲ။ ထမင်းစားပွဲထိုင်လိုက်တာနဲ့ ဟင်းခွက်ကို ကြည့်တော့ “ကြည့်တယ်”။ မြင်တော့ “မြင်တယ်”။ ခပ်တော့“ခပ်တယ်”။ ယူတော့“ယူတယ်”။ ပါးစပ်ဟတော့ “ဟတယ်”။ ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့“ဝါးတယ်”။ မျိုတော့“မျိုတယ်”။ စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလို အမှတ်နဲ့စားတာဟာ ဝိပဿနာနဲ့စားတာပါပဲ။

ဒီနည်းလေးတွေကတော့ ဆရာတော် ရဝေနွယ်(အင်းမ)ရေးသားသောစာသားထဲမှ ဖတ်မိသမျှ ပြန်လည်ကူးယူဝေမျှပါသည်။

ဒါဆိုရင်တော့ စားတဲ့အချိန်တိုင်း ကုသိုလ်လေးမျိုး ယူတတ်သွားပါပြီ။ 
စာဖတ်သူများလည်း မိမိတို့သန်ရာ နည်းကို ကျင့်သုံးလျှက် စားရင်း သောက်ရင်း အာဟာရပစ္စည်း ငါပဋ္ဌာန်းတို့ ပွားရင်း #ရသာတဏှာ လည်း ငြိမ်းသတ်ရင်းဖြင့် ကုသိုလ်ယူနိုင်ကြစေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတော့သည်။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
🙏🙏🙏
စောသဇင်(မန္တလေး)
Credit...

ဘယ်မှာငါဟုရှိအံ့နည်း

ဘယ်မှာ ငါဟု ရှိအံ့နည်း
***********-***********

လောကဇာတ်ခုံl ဤလူ့ဘုံ၌l မျိုးစုံက-ကြ
မာန်မာနနှင့်lငါကရာဇာlငါဟာသူဌေး
ငါ' ပဂေးဟုlငါသွေတက်ကြွlလူ့ဗာလတို့
များလှာဖြာဖြာ. . . .

အဝိဇ္ဇာနှင့်l တဏှာဘီလူးl အမှောင်ပူး၍
ကျူးကျူးကျော်ကျော်l ဂုဏ်ကိုဖော်လျက်
မော်မော်မောက်မောက်l ငါတစ်ယောက်သာ
မိုးအောက်တစ်လွှားl ရွှေကိုယ်လားဟု
ထင်မှားမလွဲlသို့စဉ်စွဲလည်း. . . . .

ဇာတ်ပွဲပြီးကl ပြည်ဖုံးချသော်lသုဘရာဇာ
မြေအောက်မှာပင်lဘာသာလူမျိုး
ချိန်မထိုးပဲl ပုပ်သိုးခန္ဓာl မြှုပ်ရရှာသည်. . .
ဘယ်မှာငါဟု ရှိအံ့နည်း။

Credit.. original writer..

Monday, December 14, 2020

ဖို့သုံးဖို့

လူတိုင်းလူတိုင်းဟာ ၊
ဖို့ သုံး ဖို့ နဲ့  ဆက်ဆံနေပါသတဲ့။  

၁။ မြေကျွေး ဖို့  

မွေးဖွားလာတဲ့ အချိန်က စပြီး၊
အိပ်မယ် စားမယ် ၊ ကာမဂုဏ်ခံစားမယ်။
ဆိုတာလောက်သာသိပြီး ၊ 
ကျန်တာနားမလည်တဲ့သူဟာ ၊
မြေကျွေးဖို့အတွက် ၊
စားသောက်နေတဲ့သူ နဲ့ တူပါသတဲ့။

အဲဒါကြောင့် မြေကျွေးဖို့လောက်သာ၊
အသက်မရှင်ဖို့လိုအပ်ပါလိမ့်မယ်။

၂။ ထိုက်သူစံဖို့ 

သူကတော့ စီးပွားရေး ၊ကြီးပွားရေးကို၊
နားလည်တယ် ၊ သဘောပေါက်တယ်။
စီးပွား ဥစ္စာရှာမှ ပြည့်ပြည့်စုံစုံ ၊
နေရမယ်ဆိုတာကို နားလည်တဲ့သူပါ။

အဲဒါကြောင့် နေ့နေ့ ညည ၊
ပစ္စည်းဥစ္စာတွေကိုပဲ ၊
မရ မက ရှာဖွေပြီး အချိန်ကို ၊
ကုန်ဆုံးစေတဲ့သူဖြစ်တယ်ပေါ့။

သူကတော့ မြေကျွေးဖို့ ၊
အသက်ရှင်တဲ့သူထက် ၊
အများကြီးသာတယ်လို့ပြောရမယ်ပေါ့နော်။

ဒါပေမယ့် သူသေဆုံးတဲ့အချိန်မှာ သူ့အတွက်၊
ဘာမှ ယူမသွားနိုင်ဘဲ လက်ဗလာချည်းသာ၊
ပြန်သွားရရှာတယ်။

သူရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေဟာလည်း၊
သူ့အတွက် သံသရာရိက္ခာအဖြစ်၊ 
ထုတ်မယူနိုင်ဘဲ ကျန်ရစ်သူတွေ၊
နောက်လူတွေသာ ရရှိသွားတာဖြစ်တယ်ပေါ့။

၃။ကိုယ်ပိုင်ရဖို့ 

သူကတော့ ပစ္စည်းဥစ္စာတွေရရှိအောင်လည်း၊
ကြိုးစားရှာဖွေတယ် ၊
သူ့အတွက် ဒါန ၊သီလ ၊ဘာဝနာ တွေကိုလည်း၊
မမေ့မလျော့ပြုလုပ်တဲ့သူဖြစ်တယ်။

အဲဒါကြောင့် 

သူကတော့ ကိုယ်ပိုင်ရဖို့ အတွက်၊
လုပ်သင့်လုပ်ထိုက်တာတွေကို၊
လုပ်ကိုင်နိုင်သူဖြစ်တယ်ပေါ့နော်။

ငါက မြေကျွေးဖို့ ပဲ အသက်ရှင်နေတာလား။
နောက်လူစံဖို့ အတွက်လုပ်နေတဲ့သူလား။
ကိုယ်ပိုင်ရဖို့ အတွက် ၊
လုပ်ဆောင်နိုင်တဲ့သူလား ဆိုတာကို၊
မေးကြည့်ဖို့ကောင်းတယ်ပေါ့နော်။

ဖို့ သုံး ဖုိ့ အကြောင်းကို၊
ကောင်းစွာသိရှိပြီး ကိုယ်ပိုင်ရဖို့ဆိုတဲ့၊
ဒါန ၊သီလ ၊ဘာဝနာ ရိက်ခာတှကေို၊
ထုတ်ယူနိုင်မယ်ဆိုရင်၊

သင်ဟာ လူဖြစ်ကျိုးနပ်ပြီး၊
သာသနာတော်မြတ်ကြီးနဲ့၊
တွေ့ရကျိုးနပ်တဲ့သူ ဖြစ်လာပါလိမ့်မယ်။

✍️ အရှင်ဝါသဝ (ဓာတုမယ) ✍️
၁၁၊၁၂၊၂၀၊ သောကြာနေ့။
Credit  Venerable Vasava Buddhist

Saturday, December 12, 2020

အမုန်းများရင် အပြုံးရှားမယ်

အမုန်းများရင် အပြုံးရှားမယ်
••••••••••••••••••••••••••••

ကိုယ့်မကြိုက်တဲ့သူ ကိုယ်မုန်းတဲ့သူ ဒုက္ခရောက်တာကို ကြည့်ပြီး

ဝမ်းမြောက်ဝမ်းသာ ဖြစ်တာဟာ သူတော်ကောင်းစိတ် မဟုတ်ဘူး။

ကိုယ့်သန္တာန်မှာ အမုန်းတရားနဲ့ 
အာဃာတထား အဂတိလိုက်သွားတာပဲ။ 

"ဒေါသဂတိ"ဆိုတာ မုန်းတဲ့သူ မကြိုက်တဲ့သူ တွေအပေါ် သာသာထိုးထိုး ဒုက္ခတိုးစေတာ မျိုးပဲဖြစ်တယ်။

မကြိုက်လို့ မလိုလို့ မုန်းလို့ ရှုံးစေချင်တဲ့
စိတ်ဟာလည်း ကိုယ့်ကိုယ်ကိုယ် ဒုက္ခ
ဖြစ်စေတာပါပဲ။

ဒေါသတရားက ရောဂါများစေတယ်။ အမုန်းရောဂါဟာ နှလုံးရောဂါကို 
ဖြစ်စေတယ်ဆိုတာ အသေအချာပဲ။

သူ့ကို မကြိုက်တာနဲ့ 
ကိုယ့်ကို မခိုက်စေနဲ့။

အမုန်းတရားတွေကြား 
အပြုံးအားတွေ မရှားကြပါစေနဲ့။

ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ
#Credit -

Wednesday, December 9, 2020

ခုခံစွမ်းအား

——————
ခုခံစွမ်းအား 
——————————

ဒီကနေ့ ဘဒ္ဒကမ္ဘာလို့ ခေါ်တဲ့ ဟောဒီကမ္ဘာကြီးမှာ ဘုရားငါးဆူ ပွင့်တယ်။ ကမ္ဘာထဲမှာ အထူးခြားဆုံး , အကောင်းဆုံးဖြစ်လို့ 'ဘဒ္ဒကမ္ဘာ' လို့ ခေါ်တယ်။

ပထမဆုံး ပွင့်တဲ့ဘုရားက 'ကကုသန္ဓဘုရား'
ဒုတိယ ပွင့်တာက 'ကောဏဂမနဘုရား'
တတိယပွင့်တာက 'ကဿ  ပဘုရား'
စတုတ္ထပွင့်ပြီးတော့ ဒီကနေ့ထိ သာသနာတော် အထင်အရှား ရှိနေတာက 'ဂေါတမဘုရား'
နောင် ပွင့်လတ္တံ့က  'အရိမေတ္တေယျဘုရား' ။

အဲဒီ ဘုရားငါးဆူ ပွင့်ပြီးတော့မှသာလျှင် ဟောဒီကမ္ဘာကြီးဟာ မီးလောင်ပြီးတော့ ဖြစ်စေ၊ ရေမြှုပ်လို့ ဖြစ်စေ ၊ လေတိုက်လို့ ဖြစ်စေ ပျောက်ကွယ်သွားဦးမယ် ။ ကြည့်စရာတစ်ခုမှ မရှိအောင် မြူမှုန်လောက်ထိအောင် မကျန်အောင် အကုန်လုံး လွင့်ပျံပျက်စီးပြီး မီးလောင်ကျွမ်းသွားဦးမှာပဲ ။

ဘဒ္ဒကမ္ဘာမှာ အဦးဆုံးပွင့်တော်မူတဲ့ 'ကကုသန္ဓမြတ်စွာဘုရား'က ဟောခဲ့တယ်၊ မိမိရဲ့ တပည့်ရဟန်းတွေကို - ပတ်ဝန်းကျင်ရဲ့ အခြေအနေအလိုက် ခုခံအားတွေ တိုးတက်လာအောင် စိတ်ပိုင်းဆိုင်ရာ ခုခံအားတွေကို ( ဘယ်လိုမြှင့်တင်ရမလဲ ) ဆိုတာကို ဟောတာ။
----------------------------------

ဟောရခြင်းအကြောင်းက မြတ်စွာဘုရားကို လာလာပြီး အနောင့်အယှက်ပေးတဲ့ မာရ်နတ်ဆိုတာ ရှိတယ်။  အချို့လူတွေက 'မာရ်နတ် ဆိုတာ ကိလေသာ' လို့ ယူကြတယ်၊ 

မာရ်နတ်ဆိုတဲ့ နေရာမှာ မာရ်(၅)ပါးရှိတယ်၊  
တချို့ကိစ္စတွေမှာ 'ကိလေသာ' လို့ ခေါ်တယ် ။ တချို့ကိစ္စတွေမှာ 'ခန္ဓာ' လို့ ခေါ်တယ် ၊ ဘာလို့တုန်းဆ်ုရင် ခန္ဓာရှိတဲ့သူတွေ သေရတာ၊  မာရ ဆိုတာ  'သတ်တတ်တယ်' ဆိုတဲ့ အဓိပါယ်ပဲ ။ ခန္ဓာ ရှိရင် ခန္ဓာ သတ်လို့ သေရတယ် ပေါ့ ၊ သေခြင်းတရားကို 'မစ္စုမာရ' ၊ ကံတရားကို 'အဘိသင်္ခါရမာရ' နောက်ဆုံး အဲဒီ သဘာဝတရားတွေက အလွတ်ဖြစ်တဲ့ နတ်ဆိုး,နတ်မိုက်ကို 'ဒေဝပုတ္တမာရ' ။

အဲဒီ မာရ -၅မျိုး ရှိတဲ့အထဲမယ် ကကုသန္ဓ မြတ်စွာဘုရား လက်ထက်က 'ဒုဿီ ဆိုတဲ့ မာရ်နတ်ကြီး ရှိတယ်။  လူတွေရဲ့ သက်တမ်း ၄၀၀၀၀ တမ်းရှည်တယ် ၊ 
အဲဒီ 'ဒုဿီ  ဆိုတဲ့ မာရ်နတ်က  ဘုရား သတင်းသုံးတဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို ဝင်ပူးပြီး ထိုလူတွေရဲ့ စိတ်ကို ပြောင်းအောင် လုပ်တယ် ၊ မကောင်းဖြစ်အောင် ၊ အဆိုးဖြစ်အောင် လုပ်တယ်။

လူတွေကို ဝင်ပူးပြီး အကျင့်ကောင်း အနေထိုင်ကောင်းတဲ့ ဘုရားတပည့် ရဟန်းတွေကို ဆဲခိုင်းတယ်။  ဘယ်သူကမှ ရဟန်းတွေကို ရိုသေလေးစားမှု မပြုဘူး ။ ယူတ်ယုတ်မာမာ ဆဲကြရေးကြ လှောင်ကြတယ်။ 

ဒီလို အခြေအနေမျိုး ကြုံတဲ့အခါ  ရဟန်းတွေရဲ့ စိတ်ဓါတ် ခုခံအား တိုးတက်ဖို့အတွက် မြတ်စွာဘုရားက ဘာတရား ဟောသလဲ?
-----------------------------------------

'ချစ်သား ရဟန်းတို့ ဒီကနေ့ကစပြီး နေ့ရောညရော မေတ္တာ ဘာဝနာ ပွားကြ' မေတ္တာပွားခိုင်းတယ် ။သတ္တဝါတွေ အားလုံး အပေါ်မှာ ကျန်းမာကြပါစေ, အဆင်ပြေကြပါစေ 'ဆိုတဲ့ မေတ္တာ ဘာဝနာ ပွားပါတဲ့ ။

အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ( ဂရုဏာ ) ပွားပါ
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ( မုဒိတာ ) ပွားပါ တဲ့ ။
အားလုံးသတ္တဝါတွေ ကံအလိုက် ဖြစ်ကြရတာပဲ လို့ ( ကံ, ကံရဲ့ အကျိုးတရား) ကို ဆင်ခြင်ပေးပါ' လို့ မြတ်စွာဘုရားက 
မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ လို့ ဆိုတဲ့  - "ဗြဟ္မဝိဟာရတရား -၄ ပါး" ပွားစေတယ် ။ 

တခြားကမ္မဋ္ဌာန်းကို မပွားစေဘဲ ဒီကမ္ဘဋ္ဌာန်းကို ပွားစေတယ်။
ဘာဖြစ်လို့တုန်းဆိုရင် မေတ္တာကမ္မဋ္ဌာန်းရဲ့ အကျိုးသက်ရောက်မှုက ကျန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆဲရေး တိုင်းထွာမှုကို ခံနိုင်တယ်။

တဖက်က မေတ္တာထားတဲ့ ပုဂ္ဂိုလ်ကို တန်ပြန်ပြီးတော့ မေတ္တာထားလာတတ်တယ် ။ ရဟန်းတွေရဲ့ စိတ်ဓါတ်ခွန်အားတွေလည်း မြင့်တက်လာတယ်။ မေတ္တာတရားနဲ့ ခုခံခြင်းအားဖြင့် မိမိရဲ့ စိတ်စွမ်းအားတွေ တက်လာတဲ့အပြင် တခြားပုဂ္ဂိုလ်ရဲ့ စိတ်ကိုလည်း ပြောင်းလဲသွားစေနိုင်တယ် ။

ပြောင်းလဲသွားနိုင်တဲ့အတွက်ကြောင့် ရန်သူအဖြစ်ကနေ မိတ်ဆွေအဖြစ် ပြောင်းလဲရောက်ရှိသွားနိုင်တယ် ။

မာရ်နတ်ကြီးက စမ်းသပ်ပြီးတော့ ဆဲခိုင်းတာ ။ ဆဲခိုင်းလည်း ရဟန်းတွေက  … အပြုံး မပျက်ဘူး တဲ့ ။

အဲဒီနည်းနဲ့ မအောင်တော့ နောက်တစ်နည်း လုပ်ကြည့်မယ် ဆိုပြီး နောက်တစ်နည်းကို ပြောင်းတယ် ။

-----------------------------
ခုခံစွမ်းအား ( ၂ )
------------------------------

မာရ်နတ်က သူ့စိတ်ထဲမှာ ထင်တယ် 

ဆဲရင်တော့ ကိုယ်တော်တွေ စိတ်ဆိုးမှာပဲ၊  စိတ်ဆိုးရင်တော့ ပဋိပက္ခတွေ ဖြစ်လာမှာပဲ၊ ပဋိပက္ခတွေ ဖြစ်လာလို့ရှိရင် လူမြင်မကောင်းအောင် ဝုန်းဝုန်းဒိုင်းဒိုင်း ပြသနာတွေ တက်လာမှာပဲ လို့ အဲ့လို ထင်ပြီး လုပ်တာ၊ သို့သော် မြတ်စွာဘုရားက မေတ္တာ ဘာဝနာ ပွားခိုင်းထားတဲ့အတွက်ကြောင့် သူထင်သလို အခြေအနေဆိုးတွေ ဖြစ်မလာဘူး တဲ့ ။

ဒါနဲ့ နည်းတစ်ခုကို ပြောင်းတယ် ၊ ဘယ်လို ပြောင်းသွားလဲ ဆိုတော့ …

လူတွေကို … ရဟန်းသံဃာတွေကို ရိုသေအောင်၊ ပစ္စည်းလေးပါး တွေ လှု ဒါန်းအောင် လုပ်တယ်၊ လုပ်သည့်အတွက် ဘုရားကျောင်းကန်တွေမှာ စည်ကားလို့ ဘုန်းကြီး၊ရဟန်းဆို သိပ်ရိုသေကြတယ်၊ လှု ကြတယ်၊ တန်းကြတယ်၊ လေးစားကြတယ်၊ မြတ်နိုးကြတယ်၊ ဒီလိုအခြေအနေမျိုး ဖြစ်လာတာ၊ ဒါလည်း အန္တရာယ်တစ်ခုပဲ နော်။

ကကုသန်မြတ်စွာဘုရားက ဒီအခြေအနေကို  ခုခံဖို့ 'ကမ္မဋ္ဌာန်း-၄ ရပ် ဟောတယ်၊

၁) ဒကာ၊ ဒကာမတွေ သိပ်ပြီးတော့ ရိုသေလေးစား လှု ဒါန်းလာတဲ့ အခါ ရဟန်းသံဃာတွေမှာ ဘာဖြစ်လာနိုင်တုန်းဆို ( လောဘ) တွေ ဖြစ်လာနိုင်တယ်၊ အတွယ်အတာတွေ ဖြစ်လာနိုင်တယ်၊ မူလအခြေအနေကနေ ယိုယွင်းပျက်စီးပြီး သွားနိုင်တယ်၊ ရဟန်းဘဝက လျှော့ကျသွားနိုင်တယ်၊  ဒါကြောင့်မို့ ခုခံအားတွေကို ဘာနဲ့ တိုးမြှင့်ခိုင်းတုန်းဆိုရင် -

"ချစ်သားရဟန်းတို့ ၊ မင်းတို့ ဒီနေ့ကစပြီးတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အသုဘကမ္မဋ္ဌာန်းကို ပွားကြ" တဲ့ ။ အသုဘကမ္မဋ္ဌာန်း ပွားတယ် ဆိုတာ 

ကိုယ့်ခန္ဓာကိုယ်ကိုကြည့် ၊ သူများခန္ဓာကိုယ်ကိုရောကြည့်၊ ခန္ဓာကိုယ်ထဲမှာ (၃၂)မျိုးသော အရာတွေကို တစ်ခုစီ၊ တစ်ခုစီ ခွဲကြည့် လိုက်ရင် နှစ်သက်စရာ၊ သဘောကျစရာဆိုတာ ဘာတစ်ခုမှ မရှိဘူး၊ "ဆံပင် ၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ" စတဲ့ တစ်ခုစီရဲ့ ရွံစဖွယ် စက်ဆုပ်ဖွယ်တွေကိုသာ တွေ့ရမယ် ဆိုတဲ့ သဘောတရားကို  ဆင်ခြင်ဖို့ ။

နောက်တစ်ခု …ဆင်ခြင်ဖို့ရာ 
(၉)ပေါက်ဒွါရ အမာ ဝက" ထွက်သမျှ မွှေးကြိုင်တဲ့အရာ ဘာတစ်ခုမှ မရှိဘူး။
မျက်လုံးက ထွက်တဲ့ မျက်ချေး
နားက ထွက်တဲ့ နဖာချေး
နှာခေါင်းက ထွက်တဲ့ နှပ်ချေး … 
ဘယ်ကထွက်တဲ့ဟာပဲ ဖြစ်ဖြစ်
မွှေးတာ ကြိုင်တာ သန့်တာ ပြန့်တာ တစ်ခုမှ မရှိဘူး။

လူတွေဟာ ကိုယ့်ပါးစပ်က ထွက်တဲ့ တံထွေး ဘယ်တော့မှ သိမ်းမထားဘူး၊ ကိုယ့်ဟာကိုယ် ပြန်ကိုင်ရမှာ ရွံတယ်၊ ပါးစပ်ထဲ နေရင်သာ မတတ်နိုင်လို့ ဟုတ်ရဲ့လား ? ကိုယ့်ခန္ဓာကိုယ်က ထွက်တဲ့ ဟာတွေကို အားလုံးရွံကြတယ်။ ဒါ သဘာဝပဲ ။

သို့သော် လူတွေက သိပ်ပြီး အသိအမှတ် မပြုဘူး၊ ထွက်သွားတာပဲ ရွံစရာလို့ ထင်တယ်၊ ခန္ဓာကိုယ်ထဲ ရှိနေရင် ရွံစရာလို့ မထင်ဘူး။ 

မထင်တဲ့အတွက်ကြောင့် ကြည့်လေ …
လက်သည်းလေးတွေ ညှပ်လိုက်မယ်ဆ်ိုရင် အမယ် လက်သည်း အိမ်ပေါ် မကျစေနဲ့ လို့ ပြောကြတယ်၊  ဒါဖြင့် လက်ထဲက လက်သည်းကျတော့ ဘာဖြစ်လို့ အိမ်ပေါ်မှာ ထားရတုန်း၊ ထားရုံတင် မကဘူး အရောင်လေးတွေ ဆိုးလိုက်ကြသေးတယ်၊  အရောင်တင် မကဘူး ၊ ဒီဇိုင်းလေးတွေ အမျိုးမျိုး လုပ်ကြတယ်။

ဆံပင်ဆိုလည်း ကြည့်လေ …
ဆံပင်ချည်တွေ ထမင်းခွက်ထဲ ပါလာရင် ရွံလိုက်ကြတာ
ထွီထွမ် နဲ့ ၊ သို့သော် ဒီဆံပင်လေးကို သပြီးတော့ အဖြူရောင်တောင် အမည်းကလေး ဆိုးလိုက်ကြသေးတယ် ဟုတ်လား။

ခန္ဓာကိုယ်ကြီးနဲ့ ရှိနေတဲ့အချိန်မှာ လှတယ်လို့ ထင်ပြီးတော့ အမျိုးစုံ လုပ်ကြပေမယ့် ခန္ဓာကိုယ်ကနေ ကျွတ်ထွက်သွားလိုက်တာနဲ့ တပြိုင်နက် မလှဘူး ဆိုတဲ့ သရုပ်ဟာ ပိုပေါ်သွားတယ်နော်။

နှာခေါင်းထဲမှာ ရှိနေတဲ့ နှပ်ချေးကတော့ ကောင်းနေသယောင်ယောင် ရှိတယ်နော်၊ အပြင်ဘက်လည်း ထွက်ရော ဘယ်သူမှ လက်မခံဘူး၊ အဲဒီတော့ အပြင်ဘက်ထွက်တဲ့  နှပ်ချေးနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ နှပ်ချေး အတူတူပဲ၊ မတူဘူးလား ?

အေး အဲဒီလို ခန္ဓာကိုယ်ရဲ့ မတင့်တယ် ရွံစဖွယ်တွေကို 
မိမိခန္ဓာကိုယ်မှာ ကြည့် ၊ သူတပါး ခန္ဓာကိုယ်မှာလည်း ကြည့်ပြီး တော့ ပွားများအားထုတ်ထားတဲ့ ဘာဝနာ 'ပသုဘာနုပဿ     နာ' လို့ ခေါ်တယ် တဲ့ ။

မတင့်တယ်တာကို အထပ်ထပ်ကြည့်ပါ လို့ မြတ်စွာဘုရား ဟောတာ။ အထပ်ထပ်ကြည့်ပြီး ပွားလို့ရှိရင်  တွယ်တာမှုဆိုတာတွေ မလာအောင်လို့ ။

---------------------------
ခုခံစွမ်းအား ( ၃ )
----------------------------

#တွယ်တာမှု ဆိုတာတွေ မလာအောင်လို့ … မြတ်စွာဘုရားက
ဘာဝနာ 'အသုဘာနုပဿ     နာ' မတင့်တယ်တာကို အထပ်ထပ်ကြည့်ပါ လို့ ဟောတယ် ။ ဒါတင်လား …လို့ဆို မပြီးသေးဘူး။

နောက်ထပ် ပွားများရမယ့်တရားက …

(၂) အာဟာရပေဋိကူလ- သညာ 
အစားအစာနဲ့ ပတ်သက်လာရင် စက်ဆုပ်ရွံရှာဖွယ် ဆိုတာကို အမြဲတမ်း နှလုံးသွင်းဖို့ မြတ်စွာဘုရားက ညွှန်ပြတယ်။ ခန္ဓာကိုယ်ထဲမှာ ဒါမျိုးတွေ ရှိနေတယ် ဆိုတာကို သတိထားပါ တဲ့ ။

နောက်တစ်ခုက 
(၃) သဗ္ဗလောကေ အနဘိရတိသညာ  …
လောကကြီးတစ်ခုလုံးဟာ ပျော်စရာ မကောင်းဘူး၊ ကျေနပ်စရာ မကောင်းဘူး ၊ ဘာဖြစ်လို့တုန်းဆိုရင် လောကကြီးဟာ ပြသနာတွေနဲ့ ပြည့်နေတာပဲ ။ 

ကိုယ့်ဘဝနဲ့ ကိုယ့်ကိုယ်ပဲ ပြန်ကြည့်လိုက် …
လူရယ်လို့ ဖြစ်လာပြီးနောက် တစ်နေ့တစ်ခြား အိုလာတာ 
အိုလာပြီးနောက်  ရောဂါ ဖြစ်မယ် ၊
ရောဂါဖြစ်တယ် သေတယ် ၊
ဒီပြသနာက ဘယ်သူမှ ရှောင်လွဲလို့ မရဘူး ဒါကြောင့်မို့
လောကကြီးကို ခြုံကြည့်လိုက်မယ်ဆိုရင် ကျေနပ်စရာတစ်ခုမှ မရှိဘူး။ ပျော်စရာ တစ်ခုမှ မရှိဘူးဆိုတဲ့ ဒီအနေအထားကို ဆင်ခြင် စဉ်းစားကြည့်ပါ လို့ ဒီလို ဆိုတယ် ။

ဟော နောက်တစ်ခုက …
(၄) အနိစ္စသညာ  …သင်္ခါရတရားတွေရဲ့ မမြဲတဲ့သဘောကို အမြဲတမ်း ဆင်ခြင်စဉ်းစားကြည့်ပါ ။ ဟုတ်တာ ပေါ့ ၊ သင်္ခါရတရား ဆိုတာ … 

တစ်ခု ဖြစ်လာပြီးနောက် တစ်ခုပျက်တယ် ၊ 
အကြောင်းရှိလို့ အကျိုးတရား ဖြစ်ပေါ်နေတယ် ၊
အကြောင်း ပျက်သွားတာနဲ့ တပြိုင်နက် အကျိုးတရားလည်း 
ချက်ချင်း ပျက်သွားမယ် ၊ ဖြစ်ပေါ်လာပြီးနောက်မှာ 
လုံးဝ ချုပ်ငြိမ်း သွားတယ် ဆိုတဲ့  
ဒီသဘောတရားတွေဟာ အထင်အရှား 
ရှိပြီးတော့ နေတယ် ၊ 
ဒါကြောင့်မို့လို့ ဒါတွေကို ဆင်ခြင်စဉ်းစားပြီးတော့ 
ကြည့်ပါလို့ ဆိုလိုတယ် ။

နောက်ဆုံးမှာ …
မရဏသညာ  … သေခြင်းသဘောတရားကို ဆင်ခြင်စဉ်းစားပြီး ကြည့်ရမယ် ။

ဒီကမ္မဋ္ဌာန်း-၄ မျိုး  ကိုယ့်သန္တာန်မှာ ပွားများအားထုတ်လိုက်မယ် ဆိုရင် ခုနပြောခဲ့တဲ့ ပစ္စည်းတွယ်တာမှု ၊ လူတွယ်တာမှု ဆိုတဲ့ တွယ်တာမှုတွေအားလုံးကို ဖြေရှင်းနိုင်မှာ ဖြစ်တယ် ။

အဲဒါတွေနဲ့ မငြိတွယ်တဲ့အတွက်ကြောင့် စိတ်ဓါတ်ခွန်အားတွေ တက်ကြွပြီး လောကမှာ ပျော်စရာလို့ ထင်လာတဲ့ အတွေးတွေ မတွေးမိအောင် မြတ်စွာဘုရားက ဒီကမ္မဋ္ဌာန်းတွေကို ရှုခိုင်းတာ၊  ဒါဟာ စိတ်ဓါတ်ရဲ့ ခုခံအားတစ်မျိုးပဲ ၊ ( ဒါတွေနဲ့ ခုခံပါ ) လို့ ဒီလို ဟောတာ ။

-------------------------------------

ဒါကြောင့်မို့ ဘုန်းကြီးတို့ နေ့စဉ်နဲ့အမျှ လောကမှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့ကြရတဲ့အခါ …
အဆိုးတွေနဲ့ ကိုယ့်ကို မလိုမုန်းထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံရတဲ့အခါ ၊ ပတ်ဝန်းကျင်အဆိုးနဲ့ ကြုံတဲ့အခါ 'မေတ္တာဘာဝနာ' များများပွားဖို့ လိုအပ်တယ် ၊ 

အကောင်းတွေနဲ့ချည်း ကြုံတဲ့အခါ သင်္ခါရသဘောတရားတွေနဲ့ မမြဲတဲ့ သဘောတွေ၊ ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်တဲ့သဘော ၊ သေခြင်းတရားတွေ … ဒါတွေကို ဆင်ခြင် စဉ်းစားဖို့ အင်မတန်မှ အရေးကြီးတယ် ။

အဲဒီလို ဆင်ခြင်စဉ်းစားပြီး လေ့ကျင့်ပေးခြင်းသည် ခုခံအားကို မြှင့်တင်ပေးခြင်းပဲ ဖြစ်တယ်။
------------------------------------

ဒီနည်းစနစ်နဲ့ မြှင့်တင်ပေးခြင်းဖြင့် ထိုပုဂ္ဂိုလ်မှာ …
ဆေးနဲ့ ဖြေရှင်းလို့ ဆေးစွဲသွားတာမျိုး
အခြေအနေတစ်ခု လွဲမှားသွားတာမျိုး
လုပ်မိပြီးနောက် လုပ်မိလေခြင်းလို့ နောင်တဖြစ်စရာလည်း
တစ်ခုမှ မရှိနိုင်ဘူး တဲ့။

ဒါကြောင့်မို့ ဒီနည်းလမ်းတွေနဲ့ ( ခုခံကာကွယ်ဖို့ ) ဆိုပြီး  ကကုသန္ဓမြတ်စွာဘုရားက တပည့်ရဟန်းတွေကို ဟောကြားဆုံးမခဲ့တာ ဖြစ်တယ် ။ 

အဲဒီလို ဆုံးမဟောကြားထားတဲ့အတိုင်း လိုက်နာကြလို့ … ဒုဿီ မာရ်နတ်ကြီးရဲ့ လုပ်ရပ်တွေ တစ်ခုမှ မအောင်မြင်ဘူး ။

မအောင်မြင်တော့ ဘာလုပ်သလဲ ဆိုရင် 
မြတ်စွာဘုရားနဲ့ အဂ္ဂသဝက (ရှင်ဝိဒုရ ၊ ရှင်သဉ္ဇီဝ ) -၂ပါး 
ဆွမ်းခံကြွချိန် အရပ်ထဲက ကလေးတွေကို ဝင်ပူးပြီးတော့ ခဲနဲ့ ပေါက်ခိုင်းတာ ခဲတစ်လုံးက ရှင်ဝိဒုရ ခေါင်းကို ထိမှန်လိုက်တာ ခေါင်းကွဲပြီး သွေးဖြိုင်၂ကျသွားတယ် ။ 

(( ရှင်ဝိဒုရ ခဲမှန်လို့ ခေါင်းကွဲပြီးတဲ့အခါ ))
မြတ်စွာဘုရားက ပြန်လှည့်ကြည့်ပြီး ဘာမိန့်သလဲ ဆိုရင် 
"ဟေး …ဒုဿီ မာရ်နတ် မင်းရဲ့လုပ်ရပ်တွေဟာ လွန်ကုန်ပြီ ၊
အကုသိုလ်တွေ မင်းမှာ အများကြီး ဖြစ်သွားပြီလို့
ဒီစကားတစ်ခွန်း ပြောလိုက်တာနဲ့  သူ့လုပ်ရပ်ကြောင့် ဒုသီမာရ်နတ်ကြီးဟာ ချက်ချင်း မြေမြိုပြီး အဝီစိငရဲ ရောက်သွားတယ်။
-------------------------------------

ဒီစကားတွေကို ဘယ်သူက ပြန်ပြောသလဲဆိုရင် ရှင်မောဂ္ဂလာန် ကိုယ်တိုင် ပြောခဲ့တာ၊  သူက ဒုဿီမာရ်နတ် ဖြစ်ခဲ့တယ်၊ ဒီလိုလုပ်လို့ သူ ငရဲခံရတယ် ဆိုတဲ့ အကြောင်းကို မာရတဇ္ဇနိယသုတ်ကို ဘုန်းကြီးက အကျဉ်းချုပ် ဟောကြားနာဖြစ်တယ် ။

ဒါကြောင့် တရားချစ်ခင်သူတော်စင် ပရိတ်သတ်တို့ မိမိတို့ရဲ့ စိတ်ဓါတ်နဲ့ဆိုင်ရာ ခုခံစွမ်းအားတွေ မြင့်တက်လာအောင်၊ ဒီကနေ့ ခေတ်လို 
အကြမ်းဖက်မှုတွေ ပေါတဲ့ လောကကြီးမှာ မေတ္တာဘာဝနာ များများပွားဖို့ လိုအပ်ပါတယ် တဲ့ ။

တရားချစ်ခင်သူတော်စင်ပရိတ်သတ်တို့ မြတ်စွာဘုရားဟောကြားဆုံးမတဲ့အတိုင်း ဒီဘာဝနာတရားများကို အချိန်အခါ အားလျော်စွာ အားထုတ်ပြီး မိမိတို့ဘဝခရီးမှာ စိတ်ဓါတ် ပျက်စီးမှု မရှိအောင် ၊ စိတ်ဓါတ်ခွန်အားတွေ တက်လာအောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း ။

(ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ)

Credit....

ကိုယ်ကိုကိုယ်သတိထားရမယ်

" ကိုယ့်ကိုယ်ကိုယ် သတိထားရမယ် ” 
~~~~~~~~~~~~~~~~~~~~~~~~~

* ကိလေသာဆိုတာ ပယ်ရမယ့်တရား၊ 
မကောင်းတဲ့တရားပါ။  

ပူပန်စေတတ်၊ နှိပ်စက်တတ်ပါတယ်။  

စိတ်နှလုံးအေးချမ်းမှု မရဘဲနဲ့ စိတ်ထဲမှာ ပူလောင် ပင်ပန်းပြီး ဆင်းရဲနေရတာဟာ ကိလေသာကြောင့်ပါ။  

လူတိုင်းလိုလို တစ်နေ့တစ်နေ့ ညည်းတွားနေကြ၊ ပြောဆိုနေကြပါတယ်။  

" စိတ်ညစ်လိုက်တာ၊ စိတ်ဆင်းရဲလိုက်တာ၊ စိတ်ပင်ပန်းလိုက်တာ ” လို့ ပြောနေကြပါတယ်။ 

ဘယ်သူ့ကြောင့် ပင်ပန်းလဲ၊  ဘယ်သူ့ကြောင့်  စိတ်ညစ်နေသလဲဆိုရင် ကိလေသာကြောင့်ပါ။  

ကိလေသာတွေ ရှိနေတယ်ဆိုရင် စိတ်ညစ်စရာတွေ၊ 
စိတ်ဆင်းရဲစရာတွေ၊ စိတ်ပင်ပန်းတာတွေ မလွဲမသွေ ရှိနေပါလိမ့်မယ်။ 

* ပယ်ရမယ့်တရားတွေကို ပယ်ရမယ့်တရားပါပဲ လို့ မသိဘဲနဲ့ 
ကိလေသာနောက်ကိုသာ တကောက်ကောက်လိုက်နေတယ်၊ 
ကိသေသာဘက်ကိုသာ တိုးဝင်နေတယ်ဆိုတာဟာ တရားနဲ့ဝေးသူတွေပါ။ 

တရားမမြင်တဲ့ ပုထုဇဉ်တွေဟာ ပယ်ရမှာကို မပယ်ဘဲ တွယ်နေပါတယ်။  

ကျောခိုင်းသွားရမယ့် ကိလေသာတွေကို ကျောမခိုင်းနိုင်ဘဲ ကိလေသာဆီကိုပဲ တည့်တည့်တိုးဝင်နေကြပါတယ်။ 

* တရားသိမြင်တဲ့ သူတွေကတော့ ကိလေသာတွေကို ကျောခိုင်းသွားပါတယ်။  

အရိယာတွေဟာ ကိလေသာကို ပယ်စွန့်သွားကြပါတယ်။  

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ သူတော်စင်၊ သူတော်ကောင်းတွေဟာ 
ပယ်သင့်တာကို ပယ်ပြီးကြပါပြီ။ 

* မြတ်စွာဘုရားရှင် ဟောဖော်ပြတဲ့ 
ပူလောင်တဲ့ ကိလေသာဆယ်မျိုး ရှိပါတယ်။  

အဘိဓမ္မာဒေသနာတော်မှာ ကြည့်လိုက်ရင် ကိလေသာဆယ်ပါးလို့ ဘုရားဟောပါတယ်။ 

* ဒါပေမဲ့လို့ ဒီဆယ်မျိုးလုံး အသေးစိတ် မမှတ်ပါနဲ့ဦး။  

အခြေခံ မူလပဓာနဖြစ်တဲ့  ကိလေသာ သုံးမျိုး....လောဘရယ်၊  ဒေါသရယ်၊  မောဟရယ်ကိုသာ ကြည့်လိုက်ပါ။  

လောဘဆိုတာ လိုချင်နေတာပါ၊  ဒေါသက စိတ်ဆိုးတာပါ၊ 
မောဟဆိုတာက အမှန် မသိတာပါ။ 

ဒီလို ဘာသာပြန်လိုက်ရင် 
လောဘနဲ့ လိုချင်တယ်၊ ဒေါသနဲ့ စိတ်ဆိုးတယ်၊ 
မောဟနဲ့ အမှန်ကို မသိဘူးလို့ ပြောရမှာပါ။ 

* တစ်နေ့တစ်နေ့ လူသားတွေမှာ လိုချင်မှုတွေ များလှပါတယ်။  

မနက်မိုးလင်း အိပ်ရာကထတဲ့ အချိန်ကစပြီးတော့  တစ်နေ့တာ ဖြတ်သန်းလာတဲ့ ကာလကိုကြည့်ရင် ...

" ဟိုဟာလေးလည်း လိုချင်တယ်၊ 
ဒီဟာလေးလည်း လိုချင်တယ်၊ စားစရာလည်း လိုချင်တယ်၊ ဝတ်စရာလည်း လိုချင်တယ်၊ နေစရာလည်း လိုချင်တယ်၊ အသုံးအဆောင်လည်း လိုချင်တယ်၊ 

တကယ်လိုအပ်တာတွေလည်း လိုချင်တယ်၊ အမှန်တကယ် မလိုအပ်တာတွေလည်း လိုချင်တယ် ” လို့ ဖြစ်နေတာပါ။ 

လိုချင်နေတယ် ဆိုတာက လောဘ ကိလေသာပါ။   
လိုချင်လောဘ မရှိတဲ့နေ့ ဆိုတာ မရှိပါဘူး။  

ဖြစ်တဲ့အကြိမ်ကလည်း တစ်ခါတလေ ဖြစ်တာ မဟုတ်ပါဘူး။ နေ့စဉ် နေ့တိုင်းမှာ အကြိမ်များစွာ ထပ်ကာထပ်ကာ 
ဖြစ်နေတာပါ။ 

* လိုချင်မှုလောဘဘက်က ကြည့်လိုက်လို့ရှိရင် ကိုယ့်မှာ ပယ်ရမယ့်ကိလေသာဟာ အပြည့်အဝကို ရှိနေပါတယ်။  

ပယ်ရမယ့် ကိလေသာ အပေါ်မှာ ဘာမျှ မပယ်နိုင်သေးဘဲ မရှိသင့်တဲ့ ကိလေသာတွေ အပြည့်ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာပါ။ 

* နောက်တစ်မျိုးကျတော့ ဒေါသဆိုတဲ့ ကိလေသာပါ။  

စိတ်ဆိုးတာ၊ အလိုမကျ, စိတ်တိုင်းမကျတာ၊ မကျေနပ်နိုင်အောင် ဖြစ်နေကြတာဟာ ဒေါသကြောင့်ပါ။  

ဒေါသတွေကလည်း အဆင်မပြေမှုနဲ့ တွေဆုံတိုင်း မကြာခဏ ဖြစ်တတ်ကြလို့ ဒေါသ ရှိနေမှန်း သိသာပါတယ်။ 

* နောက်တစ်မျိုးက မောဟကိလေသာပါ။  

အမှန်ကိုမသိတဲ့ မောဟ၊ အမှန်တရားကို မမြင်နိုင်တဲ့ မောဟတွေလည်း နည်းနည်းမျှကို မလျှော့သေးတာ သေချာပါတယ်။   

ဒါကြောင့်  တရားနဲ့ဝေးသူတွေဟာ လောဘတွေကြီး၊ 
ဒေါသတွေလည်းကြီး၊ မောဟတွေလည်း ကြီးနေကြပါတယ်။    

မထားရဘူး၊ မရှိသင့်ဘူးဆိုတဲ့ ကိလေသာတွေ အပြည့်အဝ ရှိနေကြပါတယ်။ 

* တရားမသိသူရဲ့ နေ့စဉ်ဘဝဟာ  လောဘနဲ့ ဆိုးနေကြ၊ 
ဒေါသနဲ့ ဆိုးနေကြ၊ မောဟနဲ့ ဆိုးနေကြ တာကို ဆိုးသွမ်းသောင်းကြမ်းနေတဲ့ လောဘ,ဒေါသ,မောဟ 
ကိလေသာတွေရှိနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆိုးမှန်းသိရင် 
တော်ပါတယ်။  

ကိလေသာတွေကို ပယ်ရမယ်လို့ သိတယ်ဆိုရင်ပဲ အများကြီး တော်သွားပါတယ်။ 

* ဉာဏ်အမြင်ကျယ်တဲ့ ကလျာဏပုထုဇဉ်ဟာ 
ပယ်ရမှာကို ပယ်ရကောင်းမှန်း သိပါတယ်။  

အန္ဓပုထုဇဉ်၊ ဉာဏ်မယှဉ်တဲ့ ပုထုဇဉ်၊ 
ဉာဏ်မရှိတဲ့ ပုထုဇဉ်ကျတော့  
ပယ်ရမယ်ဆိုတာတောင်မျှ မသိပါဘူး။  

ငါဒီစိတ်မျိုးတွေ ဖြစ်နေတယ်။   

လောဘတွေ ဖြစ်နေတယ်၊  
ဒေါသတွေ ဖြစ်နေတယ်၊  
မောဟတွေ ဖြစ်နေတယ်၊  
ဒါတွေကို ပယ်ရမယ်လို့ မသိတဲ့သူတွေ အများကြီးရှိပါတယ်။ 

* ကိုယ့်ထက်တောင် ဆိုးတဲ့သူတွေ 
အများကြီး ရှိပါသေးတယ်။   

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားရပါမယ်။    

ငါတို့လို တရားနဲ့ ဝေးနေသူတွေဟာ တယ်ဆိုး ပါလား၊
တယ်အပြစ်များပါလား၊ ကိလေသာဘက် ကို အမြဲတမ်းကို 
တိုးဝင်နေကြပါလားလို့ သတိထားရပါမယ်။

❄ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ ❄

  { နီးလျှက်နဲ့ဝေး- တရားစာအုပ် မှ }
 🙏🙏🙏🙏🙏🙏🙏🙏🙏

Credit… သူရိယ စန္ဒာ …

ခန္ဓာရှိသူတိုင်း လောကဓံနဲ့ ကြုံတွေ့ကြရမယ်

"သမုဒ္ဒရာထဲ လှိုင်းဒဏ်လေဒဏ်တွေ ရှိသလို"
"ခန္ဓာရှိသူတိုင်း လောကဓံနဲ့တွေ့ကြရမှာပါပဲ"
"ဘာပဲဖြစ်ဖြစ်ခဏလေးပါ" 
"မကြာခင်ပျောက်ကွယ်သွားမှာပါ"
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

'လောကဓံ'ဆိုတဲ့အရာဝတ္ထုက
အဆင်ပြေတဲ့အခါ ရှိသလို
အဆင်မပြေတဲ့အခါလည်း ရှိတယ်..
ကောင်းတဲ့အခါ ရှိသလို
မကောင်းတဲ့အခါလည်း ရှိတယ်..

ချမ်းသာတဲ့နေ့ ရှိရင်
ဆင်းရဲတဲ့နေ့ ရှိရမယ်..
ပျော်စရာနေ့ ရှိသလို
ပျင်းစရာနေ့ ရှိရမယ်..
ရယ်ရမယ့်ရက်တွေ ရှိသလို
ငိုရမယ့်ရက်လည်း ရှိရမယ်..
အစစအရာရာ အဆင်ပြေသလို
အစစအရာရာ အဆင်မပြေတာလည်း ရှိရမယ်..

ဒီလိုလောကဓံတွေနဲ့ ရင်ဆိုင်လာရသမျှ
သတိရှိရမယ် အသိဝင်ရမယ်..
'ဘာပဲဖြစ်ဖြစ် ခဏတော့ဖြစ်မှာပါ'
'မကြာခင် ပျောက်ကွယ်သွားမှာပါ' ဟု
ရှေ့စိတ်ကို နောင်စိတ်နဲ့ ပြန်လိုက်
'မရှိဘူး မရှိဘူး'ဆိုတာ သိသွားမယ်..
ဧည့်သည်စိတ်ကို အိမ်ရှင်မလုပ်မိပါစေနဲ့..

သမုဒ္ဒရာထဲ လှိုင်းဒဏ်လေဒဏ်တွေရှိသလို
ခန္ဓာရှိသူတိုင်း လောကဓံနဲ့ တွေ့ကြရမှာပါ..
ဘုရားအစရှိသော အရိယာကြီးတွေတောင်
တွေ့ကြရသေးတယ် မဟုတ်လား?
သို့သော် အရိယာသူတော်ကောင်းတွေကတော့
ပြုံးပြုံးလေးနဲ့ ရင်ဆိုင်ကြသလို
သင်သည်လည်း
အရိယာဓာတ်သတ္တိတွေကိန်းအောင် ကြိုးစားထားပါလေ..

           🙏  မြောက်ဦးဆရာတော်ကြီး 🙏

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺
Credit....

ကံကုသိုလ်နှင့် ဉာဏ်ကုသိုလ်

"ကံကုသိုလ်" နှင့် "ဥာဏ်ကုသိုလ်"
========***=======

ခြေတစ်လှမ်း ကုဋေတစ်သန်း
တန်တယ်ဆိုတာ ဘယ်ကမလဲ။

နေ့တိုင်း လျှောက်နေကြတာ..
ကုဋေသန်းပေါင်းတွေ မနည်းတော့ဘူး။

တရားနှလုံးမသွင်း သတိလက်လွတ်ဖြစ်တိုင်း
ကုဋေတစ်သန်းမကတန်တဲ့ ဉာဏ်ကုသိုလ်တွေ
ဆုံးရှုံးသွားပြီ။

ငွေလေး တစ်ထောင် တစ်သောင်းပါတဲ့
ပိုက်ဆံအိတ်ကျပျောက်တော့ ငိုလိုက်ကြတာ၊
နှမြောလိုက်ကြတာ၊ ရှာလိုက်ရတာအမော။

ကုဋေသိန်းပေါင်းများစွာ တန်တဲ့
ကုသိုလ်ပျောက်ဆုံးကုန်တာတော့...
ငိုရမှန်း နှမြောရမှန်း မသိကြပါလား။

သတိပဋ္ဌာန်တရား အားထုတ်တာဟာ
"ဉာဏ်ကုသိုလ်"အလုပ် လုပ်တာပဲ။

"ကံကုသိုလ်"က သုံးဆယ့်တစ်ဘုံ
ချမ်းသာပဲ ပေးနိုင်တယ်။

"ဉာဏ်ကုသိုလ်"ကြီးကတော့ 
မနှိုင်းဆနိုင်တဲ့....
အကျိုးထူး နိဗ္ဗာန်ချမ်းသာကြီး ရစေတယ်။

(ရွှေဥမင် ဆရာတော်ဘုကြီး၏ ဆုံးမဩဝါဒ)

Thursday, December 3, 2020

အတုမြင်အတတ်သင်

#အတုမြင်_အတတ်သင်#

   ရှေးအခါက ဗာရာဏသီပြည်မှာ သာမမင်းဟာ မင်းလုပ် အုပ်ချုပ်တယ်။  အဲဒီအခါ ဘုရားလောင်းက အမတ်မျိုးမှာ ဖြစ်ပြီး အရွယ်ရောက်တဲ့အခါ သာမမင်းအား အကျိုးအကြောင်းကို သွန်သင် ပြသပေးသူ ဖြစ်လာတယ်။  သာမမင်းမှာ ပဏ္ဍဝ ဆိုတဲ့ 
မင်္ဂလာမြင်း ရှိတယ်။  အဲဒီမြင်းရဲ့ မြင်းထိန်းက ဂိရိဒတ္တ မည်တယ်။
အဲဒီမြင်းထိန်း ဂိရိဒတ္တက ခြေခွင်နေတယ်။  ပဏ္ဍဝမြင်းက ပါးချပ်ကြိုးကို ကိုင်ဆွဲပြီး ရှေ့က ရှေ့က သွားနေတဲ့ အဲဒီ မြင်းထိန်းကို ကြည့်ပြီး " ဒီမြင်းထိန်းက ငါ့ကို သင်ပြပေးနေတယ် ” လို့ 
မှတ်ထင်ကာ အဲဒီမြင်းထိန်းကို အတုလိုက်လုပ်ရင်း ခြေခွင်သွားတယ်။  အဲဒီမြင်းမှာ ခြေခွင်နေတာကို မင်းအား ပြောပြကြတယ်။  မင်းက ဆေးဆရာတွေကို စေလွှတ်တယ်။ 
အဲဒီဆေးဆရာတွေက သွားပြီး မြင်းရဲ့ကိုယ်မှာ ရောဂါကို မတွေ့ကြလို့ " အကျွန်ုပ်တို့ဟာ ဒီမြင်းမှာ ရောဂါကို မတွေ့ကြပါ ” လို့ 
မင်းအား ပြောပြကြပါတယ်။ မင်းက ဘုရားလောင်းအမတ်ကို " မိတ်ဆွေ… သွားပါ၊ အဲဒီမြင်း ခြေခွင်ရာမှာ အကြောင်းကို စူးစမ်းကြည့်ပါ ” လို့ ပြောကာ စေလွှတ်လိုက်ပါတယ်။ 

   ဘုရားလောင်းအမတ်က သွားပြီး ခြေခွင်နေတဲ့ မြင်းထိန်းနဲ့ ရောနှောလို့ အဲဒီမြင်းမှာ ခြေခွင်နေတာကို သိကာ မင်းအား အဲဒီအကြောင်းကို ပြောပြပါတယ်။  " ရောနှောခြင်း အပြစ်ကြောင့် 
ဒီလိုဖြစ်ရပါတယ် ” လို့ ပြောပါတယ်။  အဲဒီအခါ ဘုရားလောင်းအမတ်ကို မင်းက " မိတ်ဆွေ… အခု ဘာကို လုပ်ထိုက်ပါသလဲ ” 
လို့ မေးပါတယ်။  ဘုရားလောင်းက မင်းကို ခြေမခွင်တဲ့ မြင်းထိန်းကို ရရင် အရင်က အတိုင်းပဲ ကောင်းသွားပါလိမ့်မယ် ” လို့ ပြောပါတယ်။  မင်းက ဘုရားလောင်း ပြောတဲ့အတိုင်း လုပ်လိုက်ပါတယ်။  မြင်က ပကတိအတိုင်း ပြန်ဖြစ်သွားပါတယ်။ 
ခြေမခွင်တော့ဘဲ ကောင်းသွားပါတယ်။  မင်းက " တိရိစ္ဆာန်တွေရဲ့ အလိုသဘောကိုတောင် သိပါပေတယ် ” လို့ ကျေနပ် သဘောကျကာ ဘုရားလောင်းအမတ်အား များစွာသော အခြွေအရံကို 
ပေးပါတယ်။  
@ ပညာရှိအမတ်က- ဘုရားအလောင်း ဖြစ်ပြီး၊  မင်းက အရှင်အာနန္ဒာအလောင်း ဖြစ်ပါတယ်။  မြင်းထိန်း ဂိရိဒတ္တက အရှင်ဒေဝဒတ်အလောင်း ဖြစ်ပါတယ်။
                                             ( ဇာတ်၊ ဋ္ဌ၊ ဒု၊ ၈၉ ) 

    " အတုမြင် အတတ်သင် ” ဆိုတဲ့ သဘောဟာ တိရိစ္ဆာန်တွေမှာလည်း ရှိနေပါတယ်။   လူ့လောကမှာတော့ လူငယ်တွေမှာ ပိုပြီး
ရှိတတ်ပါတယ်။  အတုယူသင့်တာကိုတော့ အတုယူရပါတယ်။  အတုမယူသင့်တာကိုတော့ အတုမယူရပါ။  ရှေ့ဆောင်ပုဂ္ဂိုလ်တွေရဲ့ ဟန်ပန်အမူအရာ၊  အပြောအဆို၊  စိတ်နေစိတ်ထားတွေ 
နောက်ကို  နောက်လိုက်ပုဂ္ဂိုလ်တွေက လိုက်ပြီး လုပ်တတ်ကြပါတယ်။  ရှေ့ဆောင်ပုဂ္ဂိုလ်တွေက ကောင်းတဲ့ အတုတွေကိုသာ ယူကာ လိုက်လုပ်ကြဖို့ လိုအပ်လှပါတယ်။  

    ထန်းရည်းခါး သောက်, အရက်သောက်, ဆေးလိပ်သောက်, ဖိုးရှူ, ဘိန်းရှူ, မူးရစ်ဆေးမျိုးစုံ သုံး, ဖဲရိုက်, လောင်းကစား လုပ်, တံငါ လုပ်, မုဆိုး လုပ်, နွားသတ်, ဝက်သတ်, ကြက်သတ်, ခိုးဝှက်, လုယက်, လိမ်ညာပြော, အိမ်ထောင်ရေး ပွေ, အပြောကြမ်း, အဆုံးအမကြမ်း, ( အရိုက် ကြမ်း ), ဆဲဆို, ဟိန်ဟောက်, မာန်မဲ, ကုန်းတိုက်, အတင်းပြော, သူတစ်ပါးအပေါ် မကောင်းကြံ, ကလိမ်ကကျစ် လုပ်, သူတစ်ပါးအား ချောက်တွန်းတတ်တဲ့ မိဘတွေရဲ့  အစ်ကို၊ မောင်နှမတွေရဲ့ အပြုဆိုး, အပြောဆိုး, 
အကြံဆိုးတွေကို  သားသမီးဖြစ်သူတွေ ညီတွေ, ညီမတွေက အတုလိုက်ကာ လိုက်လုပ်တတ်ကြပါတယ်။   လူငယ်တွေက လူကြီးတွေရဲ့ အပြုအမူ, အပြောအဆို, အကြံအတွေးကို အတုခိုးတတ်ကြပါတယ်။   လူတွေဟာ အထူးသဖြင့် လူငယ်တွေဟာ 
လောကမှာ ထင်ပေါ် ကြော်ကြား စိတ်ဝင်စားခံရသူတွေရဲ့ အပြုအမူ, အပြောအဆိုတွေကိုလည်း အတုယူတတ်ကြပါသေးတယ်။ အတုခိုးတတ်ကြပါသေးတယ်။ 

    မိဘတွေရဲ့ အတုကို သားသမီးတွေက လိုက်တတ်ကြသလို ဆရာသမားတွေရဲ့ အတုကိုလည်း တပည့်တွေက လိုက်တတ်ကြပါတယ်။   ဒါကြောင့် ဆရာသမားတွေရဲ့ ပြုမူပုံ, ပြောဆိုပုံ, တွေးကြံပုံတွေဟာ တပည့်တွေမှာပါ ကူးစက်သွားတတ်ကြပါတယ်။ 
မိဘတွေထံကပဲ ဖြစ်ဖြစ်, ဆရာသမားတွေထံကပဲ ဖြစ်ဖြစ်, အစ်ကို၊ အစ်မ စသူတွေထံကပဲ ဖြစ်ဖြစ်, ထင်ပေါ် ကြော်ကြား လူသိများပြီး စိတ်ဝင်စားခံရသူတွေထံကပဲ ဖြစ်ဖြစ် ဘယ်သူ့ထံကမဆို ကောင်းတဲ့ အပြုအမူ, အပြောအဆို, အကြံအတွေးတွေကိုသာ 
သားသမီးဖြစ်သူတွေ၊ တပည့်ဖြစ်သူတွေဟာ အတုယူပြီး လိုက်ကြရပါတယ်။  ဘယ်သူ့ထံကဖြစ်ဖြစ် မကောင်းတဲ့ အပြုအမူ, အပြောအဆို, အကြံအတွေးတွေကိုတော့ အတု မယူရပါ။  အတု မခိုးရပါ။ 

  မိဘ, ဆရာသမား, အစ်ကို, အစ်မ စသူတွေ, ထင်ပေါ် ကြော်ကြား သူတွေဟာ ခြေခွင်နေတဲ့ မြင်းထိန်းသမားလို မဖြစ်သင့်ကြပါ။ 
ခြေမခွင်တဲ့ မြင်းထိန်းလို ဖြစ်သင့်ကြပါတယ်။   မိဘ, ဆရာသမား, အစ်ကို, အစ်မ စသူတွေ, ထင်ပေါ် ကြော်ကြားသူတွေက ခြေခွင်တဲ့ မြင်းထိးန်လို ဖြစ်နေကြစေဦးတော့…
ကိုယ်က ခြေလိုက်မခွင်မိအောင် သတိဆောင်ကြရပါမယ်။ 

#လင်္ကာ_ဆောင်ပုဒ် ။ 

၁။ မြင်းထိန်းခွင်တာ, ကြည့်သွားရာ, မြင်းပါ ခွင်သွားသည်။ 

၂။ ရှေ့ဆောင်ပြုမူ, နောက်လိုက်သူ, တုယူတတ်ပါသည်။ 

၃။ ရှေ့ဆောင်သူများ, သတိထား, ပြောကြားပြုမူရပါသည်။ 

၄။ နောက်လိုက်တွေကား, အတုမှား, ရှောင်ရှားကြရမည်။ 

* သာမဏေကျော် ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ * 

   { လူငယ်တို့ ဖတ်ဖွယ် ဇာတ်အသွယ်သွယ်- စာအုပ်မှ }
    🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
  
🙏 မိတ်ဆွေ များအားလုံး 🌸 
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။   

Credit… သူရိယ စန္ဒာ …