" ကိုယ့်ကိုယ်ကိုယ် သတိထားရမယ် ”
~~~~~~~~~~~~~~~~~~~~~~~~~
* ကိလေသာဆိုတာ ပယ်ရမယ့်တရား၊
မကောင်းတဲ့တရားပါ။
ပူပန်စေတတ်၊ နှိပ်စက်တတ်ပါတယ်။
စိတ်နှလုံးအေးချမ်းမှု မရဘဲနဲ့ စိတ်ထဲမှာ ပူလောင် ပင်ပန်းပြီး ဆင်းရဲနေရတာဟာ ကိလေသာကြောင့်ပါ။
လူတိုင်းလိုလို တစ်နေ့တစ်နေ့ ညည်းတွားနေကြ၊ ပြောဆိုနေကြပါတယ်။
" စိတ်ညစ်လိုက်တာ၊ စိတ်ဆင်းရဲလိုက်တာ၊ စိတ်ပင်ပန်းလိုက်တာ ” လို့ ပြောနေကြပါတယ်။
ဘယ်သူ့ကြောင့် ပင်ပန်းလဲ၊ ဘယ်သူ့ကြောင့် စိတ်ညစ်နေသလဲဆိုရင် ကိလေသာကြောင့်ပါ။
ကိလေသာတွေ ရှိနေတယ်ဆိုရင် စိတ်ညစ်စရာတွေ၊
စိတ်ဆင်းရဲစရာတွေ၊ စိတ်ပင်ပန်းတာတွေ မလွဲမသွေ ရှိနေပါလိမ့်မယ်။
* ပယ်ရမယ့်တရားတွေကို ပယ်ရမယ့်တရားပါပဲ လို့ မသိဘဲနဲ့
ကိလေသာနောက်ကိုသာ တကောက်ကောက်လိုက်နေတယ်၊
ကိသေသာဘက်ကိုသာ တိုးဝင်နေတယ်ဆိုတာဟာ တရားနဲ့ဝေးသူတွေပါ။
တရားမမြင်တဲ့ ပုထုဇဉ်တွေဟာ ပယ်ရမှာကို မပယ်ဘဲ တွယ်နေပါတယ်။
ကျောခိုင်းသွားရမယ့် ကိလေသာတွေကို ကျောမခိုင်းနိုင်ဘဲ ကိလေသာဆီကိုပဲ တည့်တည့်တိုးဝင်နေကြပါတယ်။
* တရားသိမြင်တဲ့ သူတွေကတော့ ကိလေသာတွေကို ကျောခိုင်းသွားပါတယ်။
အရိယာတွေဟာ ကိလေသာကို ပယ်စွန့်သွားကြပါတယ်။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ သူတော်စင်၊ သူတော်ကောင်းတွေဟာ
ပယ်သင့်တာကို ပယ်ပြီးကြပါပြီ။
* မြတ်စွာဘုရားရှင် ဟောဖော်ပြတဲ့
ပူလောင်တဲ့ ကိလေသာဆယ်မျိုး ရှိပါတယ်။
အဘိဓမ္မာဒေသနာတော်မှာ ကြည့်လိုက်ရင် ကိလေသာဆယ်ပါးလို့ ဘုရားဟောပါတယ်။
* ဒါပေမဲ့လို့ ဒီဆယ်မျိုးလုံး အသေးစိတ် မမှတ်ပါနဲ့ဦး။
အခြေခံ မူလပဓာနဖြစ်တဲ့ ကိလေသာ သုံးမျိုး....လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်ကိုသာ ကြည့်လိုက်ပါ။
လောဘဆိုတာ လိုချင်နေတာပါ၊ ဒေါသက စိတ်ဆိုးတာပါ၊
မောဟဆိုတာက အမှန် မသိတာပါ။
ဒီလို ဘာသာပြန်လိုက်ရင်
လောဘနဲ့ လိုချင်တယ်၊ ဒေါသနဲ့ စိတ်ဆိုးတယ်၊
မောဟနဲ့ အမှန်ကို မသိဘူးလို့ ပြောရမှာပါ။
* တစ်နေ့တစ်နေ့ လူသားတွေမှာ လိုချင်မှုတွေ များလှပါတယ်။
မနက်မိုးလင်း အိပ်ရာကထတဲ့ အချိန်ကစပြီးတော့ တစ်နေ့တာ ဖြတ်သန်းလာတဲ့ ကာလကိုကြည့်ရင် ...
" ဟိုဟာလေးလည်း လိုချင်တယ်၊
ဒီဟာလေးလည်း လိုချင်တယ်၊ စားစရာလည်း လိုချင်တယ်၊ ဝတ်စရာလည်း လိုချင်တယ်၊ နေစရာလည်း လိုချင်တယ်၊ အသုံးအဆောင်လည်း လိုချင်တယ်၊
တကယ်လိုအပ်တာတွေလည်း လိုချင်တယ်၊ အမှန်တကယ် မလိုအပ်တာတွေလည်း လိုချင်တယ် ” လို့ ဖြစ်နေတာပါ။
လိုချင်နေတယ် ဆိုတာက လောဘ ကိလေသာပါ။
လိုချင်လောဘ မရှိတဲ့နေ့ ဆိုတာ မရှိပါဘူး။
ဖြစ်တဲ့အကြိမ်ကလည်း တစ်ခါတလေ ဖြစ်တာ မဟုတ်ပါဘူး။ နေ့စဉ် နေ့တိုင်းမှာ အကြိမ်များစွာ ထပ်ကာထပ်ကာ
ဖြစ်နေတာပါ။
* လိုချင်မှုလောဘဘက်က ကြည့်လိုက်လို့ရှိရင် ကိုယ့်မှာ ပယ်ရမယ့်ကိလေသာဟာ အပြည့်အဝကို ရှိနေပါတယ်။
ပယ်ရမယ့် ကိလေသာ အပေါ်မှာ ဘာမျှ မပယ်နိုင်သေးဘဲ မရှိသင့်တဲ့ ကိလေသာတွေ အပြည့်ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရမှာပါ။
* နောက်တစ်မျိုးကျတော့ ဒေါသဆိုတဲ့ ကိလေသာပါ။
စိတ်ဆိုးတာ၊ အလိုမကျ, စိတ်တိုင်းမကျတာ၊ မကျေနပ်နိုင်အောင် ဖြစ်နေကြတာဟာ ဒေါသကြောင့်ပါ။
ဒေါသတွေကလည်း အဆင်မပြေမှုနဲ့ တွေဆုံတိုင်း မကြာခဏ ဖြစ်တတ်ကြလို့ ဒေါသ ရှိနေမှန်း သိသာပါတယ်။
* နောက်တစ်မျိုးက မောဟကိလေသာပါ။
အမှန်ကိုမသိတဲ့ မောဟ၊ အမှန်တရားကို မမြင်နိုင်တဲ့ မောဟတွေလည်း နည်းနည်းမျှကို မလျှော့သေးတာ သေချာပါတယ်။
ဒါကြောင့် တရားနဲ့ဝေးသူတွေဟာ လောဘတွေကြီး၊
ဒေါသတွေလည်းကြီး၊ မောဟတွေလည်း ကြီးနေကြပါတယ်။
မထားရဘူး၊ မရှိသင့်ဘူးဆိုတဲ့ ကိလေသာတွေ အပြည့်အဝ ရှိနေကြပါတယ်။
* တရားမသိသူရဲ့ နေ့စဉ်ဘဝဟာ လောဘနဲ့ ဆိုးနေကြ၊
ဒေါသနဲ့ ဆိုးနေကြ၊ မောဟနဲ့ ဆိုးနေကြ တာကို ဆိုးသွမ်းသောင်းကြမ်းနေတဲ့ လောဘ,ဒေါသ,မောဟ
ကိလေသာတွေရှိနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆိုးမှန်းသိရင်
တော်ပါတယ်။
ကိလေသာတွေကို ပယ်ရမယ်လို့ သိတယ်ဆိုရင်ပဲ အများကြီး တော်သွားပါတယ်။
* ဉာဏ်အမြင်ကျယ်တဲ့ ကလျာဏပုထုဇဉ်ဟာ
ပယ်ရမှာကို ပယ်ရကောင်းမှန်း သိပါတယ်။
အန္ဓပုထုဇဉ်၊ ဉာဏ်မယှဉ်တဲ့ ပုထုဇဉ်၊
ဉာဏ်မရှိတဲ့ ပုထုဇဉ်ကျတော့
ပယ်ရမယ်ဆိုတာတောင်မျှ မသိပါဘူး။
ငါဒီစိတ်မျိုးတွေ ဖြစ်နေတယ်။
လောဘတွေ ဖြစ်နေတယ်၊
ဒေါသတွေ ဖြစ်နေတယ်၊
မောဟတွေ ဖြစ်နေတယ်၊
ဒါတွေကို ပယ်ရမယ်လို့ မသိတဲ့သူတွေ အများကြီးရှိပါတယ်။
* ကိုယ့်ထက်တောင် ဆိုးတဲ့သူတွေ
အများကြီး ရှိပါသေးတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားရပါမယ်။
ငါတို့လို တရားနဲ့ ဝေးနေသူတွေဟာ တယ်ဆိုး ပါလား၊
တယ်အပြစ်များပါလား၊ ကိလေသာဘက် ကို အမြဲတမ်းကို
တိုးဝင်နေကြပါလားလို့ သတိထားရပါမယ်။
❄ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ ❄
{ နီးလျှက်နဲ့ဝေး- တရားစာအုပ် မှ }
🙏🙏🙏🙏🙏🙏🙏🙏🙏
No comments:
Post a Comment