#ကုသိုလ်ရအောင်_စားကြမယ်
စားခြင်း (၄) မျိုး
~~~~~~~~~~~~~
၁။ ဒါနနှင့်စားခြင်း
၂။ သီလနှင့်စားခြင်း
၃။ သမထနှင့်စားခြင်း
၄။ ဝိပဿနာနှင့်စားခြင်း
နောက်ဘဝတွေအတွက် ပါရမီအထုံတွေ ပါသွားနိုင်ဖို့ နေ့စဉ်စားသောက်တိုင်း ကုသိုလ်ရအောင် စားကြရမှာပါ။
၁။ ဒါနနှင့်စားပါ။
~~~~~~~~~~~~~~~
မိမိစားမည့်ထမင်းကို မစားခင် အရင်ဆုံး မြတ်စွာဘုရားအား ဆက်ကပ်လိုက်ပါ။
“အရှင်ဘုရား ဤဆွမ်းဘောဇဉ် အချိုပွဲများကို ကပ်လှူပူဇော်ပါ၏။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ဘုန်းပေး သုံးဆောင်တော်မူပါဘုရား”လို့ ဆိုပြီး မြတ်စွာဘုရားကို ဦးစွာ ကပ်လိုက်ပါ။ စိတ်ထဲကလည်း မြတ်စွာဘုရား တကယ် ကြွလာပြီး ဘုန်းပေးနေတယ်လို့ အာရုံပြုထားပါ။
ဘုန်းပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊ မေတ္တာသုတ် (၇)မျိုးရအောင် ရွတ်ဆိုနေလိုက်ပါ။
ပြီးမှ “မြတ်စွာဘုရား ဘုန်းပေးပြီးပြီဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား”လို့ဆိုပြီး စွန့်ပြီး စားလိုက်ပါ။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်။ ဒီနေရာမှာ (၇)မျိုး မရွတ်နိုင်ရင်လည်း ကိုယ်နိုင်သလောက် ရွတ်နေလိုက်လို့ လည်းရပါတယ်။ တစ်ခု သတိထားရမှာက မွန်းတည့်ဆယ့်နှစ်နာရီနောက်ပိုင်းမှာတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီ ရှေ့ပိုင်းပဲ ကပ်ရမှာပါ။
၂။ သီလနှင့်စားခြင်း
~~~~~~~~~~~~~~~
ထမင်းစားခါနီးမှာ “ဒီစားဖွယ် ဘောဇဉ်တွေကို မြူးထူး ပျော်ပါးဖို့၊ အသားအရေလှပတင့်တယ်ဖို့ စားတာမဟုတ်ပါ။ ကိုယ်ကာယ အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကို ကျင့်နိုင်ဖို့စားတာ” လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတသီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ။ သီလကုသိုလ်တွေ ရသွားတာပါ။ ရိပ်သာတွေမှာ ဆွမ်းစားခါနီး“ဤသည့်စားဖွယ် အမယ်မယ်ကို ….”စသဖြင့် ရွတ်ဆိုပြီးစားကြတာမျိုးပေါ့။
လိုရင်းကတော့ ဆင်ခြင်ပြီးစားရင် သီလနဲ့စားတာပါ။ ဆင်ခြင်လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်းလေးပဲ ရှိပါတယ်။
၃။ သမထနှင့်စားခြင်း
~~~~~~~~~~~~~~~~
ရိပ်သာတွေမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ၊ ဝေယျာ၀စ္စကုသိုလ်ရှင်တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။
မေတ္တာပွား တာဟာ သမထထဲမှာပါတဲ့အတွက် သမထနဲ့စားလိုက်တာပါ။ အိမ်မှာကျတော့ ထမင်းဝိုင်းကိုကြည့်ပြီး “ဒီထမင်း ဟင်းတွေ ရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲကင်းပါစေ။ စိတ်ဆင်းရဲကင်းပါစေ။ အစစအဆင်ပြေပါစေ။ ဒီထမင်းတွေချက်ပေးတဲ့ အမေ ကိုယ်ဆင်းရဲကင်းပါစေ။ စိတ်ဆင်းရဲကင်းပါစေ။ အစစအဆင်ပြေပါစေ။”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ်တွေ ဖြစ်သွားတာပါပဲ။ မေတ္တာပွားစားတာဟာ သမထနဲ့စားလိုက်တာပါ။
ဒီထမင်းဟင်းဖြစ်ဖို့ ကိုယ့်ကို ကျေးဇူးပြုသူများအားလုံးကို ရည်မှန်းပြီး မေတ္တာပို့ပြီးမှ စားလည်း သမထနဲ့စားလိုက်တာပါပဲ။
၄။ ဝိပဿနာနှင့်စားခြင်း
~~~~~~~~~~~~~~~~~~
ဒီစားနည်းကတော့ မြတ်စွာဘုရား သဘောအကျဆုံးစားနည်းပါပဲ။ ထမင်းစားပွဲထိုင်လိုက်တာနဲ့ ဟင်းခွက်ကို ကြည့်တော့ “ကြည့်တယ်”။ မြင်တော့ “မြင်တယ်”။ ခပ်တော့“ခပ်တယ်”။ ယူတော့“ယူတယ်”။ ပါးစပ်ဟတော့ “ဟတယ်”။ ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့“ဝါးတယ်”။ မျိုတော့“မျိုတယ်”။ စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလို အမှတ်နဲ့စားတာဟာ ဝိပဿနာနဲ့စားတာပါပဲ။
ဒီနည်းလေးတွေကတော့ ဆရာတော် ရဝေနွယ်(အင်းမ)ရေးသားသောစာသားထဲမှ ဖတ်မိသမျှ ပြန်လည်ကူးယူဝေမျှပါသည်။
ဒါဆိုရင်တော့ စားတဲ့အချိန်တိုင်း ကုသိုလ်လေးမျိုး ယူတတ်သွားပါပြီ။
စာဖတ်သူများလည်း မိမိတို့သန်ရာ နည်းကို ကျင့်သုံးလျှက် စားရင်း သောက်ရင်း အာဟာရပစ္စည်း ငါပဋ္ဌာန်းတို့ ပွားရင်း #ရသာတဏှာ လည်း ငြိမ်းသတ်ရင်းဖြင့် ကုသိုလ်ယူနိုင်ကြစေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတော့သည်။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
🙏🙏🙏
စောသဇင်(မန္တလေး)
Credit...
No comments:
Post a Comment