စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 9, 2020

ခုခံစွမ်းအား

——————
ခုခံစွမ်းအား 
——————————

ဒီကနေ့ ဘဒ္ဒကမ္ဘာလို့ ခေါ်တဲ့ ဟောဒီကမ္ဘာကြီးမှာ ဘုရားငါးဆူ ပွင့်တယ်။ ကမ္ဘာထဲမှာ အထူးခြားဆုံး , အကောင်းဆုံးဖြစ်လို့ 'ဘဒ္ဒကမ္ဘာ' လို့ ခေါ်တယ်။

ပထမဆုံး ပွင့်တဲ့ဘုရားက 'ကကုသန္ဓဘုရား'
ဒုတိယ ပွင့်တာက 'ကောဏဂမနဘုရား'
တတိယပွင့်တာက 'ကဿ  ပဘုရား'
စတုတ္ထပွင့်ပြီးတော့ ဒီကနေ့ထိ သာသနာတော် အထင်အရှား ရှိနေတာက 'ဂေါတမဘုရား'
နောင် ပွင့်လတ္တံ့က  'အရိမေတ္တေယျဘုရား' ။

အဲဒီ ဘုရားငါးဆူ ပွင့်ပြီးတော့မှသာလျှင် ဟောဒီကမ္ဘာကြီးဟာ မီးလောင်ပြီးတော့ ဖြစ်စေ၊ ရေမြှုပ်လို့ ဖြစ်စေ ၊ လေတိုက်လို့ ဖြစ်စေ ပျောက်ကွယ်သွားဦးမယ် ။ ကြည့်စရာတစ်ခုမှ မရှိအောင် မြူမှုန်လောက်ထိအောင် မကျန်အောင် အကုန်လုံး လွင့်ပျံပျက်စီးပြီး မီးလောင်ကျွမ်းသွားဦးမှာပဲ ။

ဘဒ္ဒကမ္ဘာမှာ အဦးဆုံးပွင့်တော်မူတဲ့ 'ကကုသန္ဓမြတ်စွာဘုရား'က ဟောခဲ့တယ်၊ မိမိရဲ့ တပည့်ရဟန်းတွေကို - ပတ်ဝန်းကျင်ရဲ့ အခြေအနေအလိုက် ခုခံအားတွေ တိုးတက်လာအောင် စိတ်ပိုင်းဆိုင်ရာ ခုခံအားတွေကို ( ဘယ်လိုမြှင့်တင်ရမလဲ ) ဆိုတာကို ဟောတာ။
----------------------------------

ဟောရခြင်းအကြောင်းက မြတ်စွာဘုရားကို လာလာပြီး အနောင့်အယှက်ပေးတဲ့ မာရ်နတ်ဆိုတာ ရှိတယ်။  အချို့လူတွေက 'မာရ်နတ် ဆိုတာ ကိလေသာ' လို့ ယူကြတယ်၊ 

မာရ်နတ်ဆိုတဲ့ နေရာမှာ မာရ်(၅)ပါးရှိတယ်၊  
တချို့ကိစ္စတွေမှာ 'ကိလေသာ' လို့ ခေါ်တယ် ။ တချို့ကိစ္စတွေမှာ 'ခန္ဓာ' လို့ ခေါ်တယ် ၊ ဘာလို့တုန်းဆ်ုရင် ခန္ဓာရှိတဲ့သူတွေ သေရတာ၊  မာရ ဆိုတာ  'သတ်တတ်တယ်' ဆိုတဲ့ အဓိပါယ်ပဲ ။ ခန္ဓာ ရှိရင် ခန္ဓာ သတ်လို့ သေရတယ် ပေါ့ ၊ သေခြင်းတရားကို 'မစ္စုမာရ' ၊ ကံတရားကို 'အဘိသင်္ခါရမာရ' နောက်ဆုံး အဲဒီ သဘာဝတရားတွေက အလွတ်ဖြစ်တဲ့ နတ်ဆိုး,နတ်မိုက်ကို 'ဒေဝပုတ္တမာရ' ။

အဲဒီ မာရ -၅မျိုး ရှိတဲ့အထဲမယ် ကကုသန္ဓ မြတ်စွာဘုရား လက်ထက်က 'ဒုဿီ ဆိုတဲ့ မာရ်နတ်ကြီး ရှိတယ်။  လူတွေရဲ့ သက်တမ်း ၄၀၀၀၀ တမ်းရှည်တယ် ၊ 
အဲဒီ 'ဒုဿီ  ဆိုတဲ့ မာရ်နတ်က  ဘုရား သတင်းသုံးတဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို ဝင်ပူးပြီး ထိုလူတွေရဲ့ စိတ်ကို ပြောင်းအောင် လုပ်တယ် ၊ မကောင်းဖြစ်အောင် ၊ အဆိုးဖြစ်အောင် လုပ်တယ်။

လူတွေကို ဝင်ပူးပြီး အကျင့်ကောင်း အနေထိုင်ကောင်းတဲ့ ဘုရားတပည့် ရဟန်းတွေကို ဆဲခိုင်းတယ်။  ဘယ်သူကမှ ရဟန်းတွေကို ရိုသေလေးစားမှု မပြုဘူး ။ ယူတ်ယုတ်မာမာ ဆဲကြရေးကြ လှောင်ကြတယ်။ 

ဒီလို အခြေအနေမျိုး ကြုံတဲ့အခါ  ရဟန်းတွေရဲ့ စိတ်ဓါတ် ခုခံအား တိုးတက်ဖို့အတွက် မြတ်စွာဘုရားက ဘာတရား ဟောသလဲ?
-----------------------------------------

'ချစ်သား ရဟန်းတို့ ဒီကနေ့ကစပြီး နေ့ရောညရော မေတ္တာ ဘာဝနာ ပွားကြ' မေတ္တာပွားခိုင်းတယ် ။သတ္တဝါတွေ အားလုံး အပေါ်မှာ ကျန်းမာကြပါစေ, အဆင်ပြေကြပါစေ 'ဆိုတဲ့ မေတ္တာ ဘာဝနာ ပွားပါတဲ့ ။

အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ( ဂရုဏာ ) ပွားပါ
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီး ( မုဒိတာ ) ပွားပါ တဲ့ ။
အားလုံးသတ္တဝါတွေ ကံအလိုက် ဖြစ်ကြရတာပဲ လို့ ( ကံ, ကံရဲ့ အကျိုးတရား) ကို ဆင်ခြင်ပေးပါ' လို့ မြတ်စွာဘုရားက 
မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ လို့ ဆိုတဲ့  - "ဗြဟ္မဝိဟာရတရား -၄ ပါး" ပွားစေတယ် ။ 

တခြားကမ္မဋ္ဌာန်းကို မပွားစေဘဲ ဒီကမ္ဘဋ္ဌာန်းကို ပွားစေတယ်။
ဘာဖြစ်လို့တုန်းဆိုရင် မေတ္တာကမ္မဋ္ဌာန်းရဲ့ အကျိုးသက်ရောက်မှုက ကျန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆဲရေး တိုင်းထွာမှုကို ခံနိုင်တယ်။

တဖက်က မေတ္တာထားတဲ့ ပုဂ္ဂိုလ်ကို တန်ပြန်ပြီးတော့ မေတ္တာထားလာတတ်တယ် ။ ရဟန်းတွေရဲ့ စိတ်ဓါတ်ခွန်အားတွေလည်း မြင့်တက်လာတယ်။ မေတ္တာတရားနဲ့ ခုခံခြင်းအားဖြင့် မိမိရဲ့ စိတ်စွမ်းအားတွေ တက်လာတဲ့အပြင် တခြားပုဂ္ဂိုလ်ရဲ့ စိတ်ကိုလည်း ပြောင်းလဲသွားစေနိုင်တယ် ။

ပြောင်းလဲသွားနိုင်တဲ့အတွက်ကြောင့် ရန်သူအဖြစ်ကနေ မိတ်ဆွေအဖြစ် ပြောင်းလဲရောက်ရှိသွားနိုင်တယ် ။

မာရ်နတ်ကြီးက စမ်းသပ်ပြီးတော့ ဆဲခိုင်းတာ ။ ဆဲခိုင်းလည်း ရဟန်းတွေက  … အပြုံး မပျက်ဘူး တဲ့ ။

အဲဒီနည်းနဲ့ မအောင်တော့ နောက်တစ်နည်း လုပ်ကြည့်မယ် ဆိုပြီး နောက်တစ်နည်းကို ပြောင်းတယ် ။

-----------------------------
ခုခံစွမ်းအား ( ၂ )
------------------------------

မာရ်နတ်က သူ့စိတ်ထဲမှာ ထင်တယ် 

ဆဲရင်တော့ ကိုယ်တော်တွေ စိတ်ဆိုးမှာပဲ၊  စိတ်ဆိုးရင်တော့ ပဋိပက္ခတွေ ဖြစ်လာမှာပဲ၊ ပဋိပက္ခတွေ ဖြစ်လာလို့ရှိရင် လူမြင်မကောင်းအောင် ဝုန်းဝုန်းဒိုင်းဒိုင်း ပြသနာတွေ တက်လာမှာပဲ လို့ အဲ့လို ထင်ပြီး လုပ်တာ၊ သို့သော် မြတ်စွာဘုရားက မေတ္တာ ဘာဝနာ ပွားခိုင်းထားတဲ့အတွက်ကြောင့် သူထင်သလို အခြေအနေဆိုးတွေ ဖြစ်မလာဘူး တဲ့ ။

ဒါနဲ့ နည်းတစ်ခုကို ပြောင်းတယ် ၊ ဘယ်လို ပြောင်းသွားလဲ ဆိုတော့ …

လူတွေကို … ရဟန်းသံဃာတွေကို ရိုသေအောင်၊ ပစ္စည်းလေးပါး တွေ လှု ဒါန်းအောင် လုပ်တယ်၊ လုပ်သည့်အတွက် ဘုရားကျောင်းကန်တွေမှာ စည်ကားလို့ ဘုန်းကြီး၊ရဟန်းဆို သိပ်ရိုသေကြတယ်၊ လှု ကြတယ်၊ တန်းကြတယ်၊ လေးစားကြတယ်၊ မြတ်နိုးကြတယ်၊ ဒီလိုအခြေအနေမျိုး ဖြစ်လာတာ၊ ဒါလည်း အန္တရာယ်တစ်ခုပဲ နော်။

ကကုသန်မြတ်စွာဘုရားက ဒီအခြေအနေကို  ခုခံဖို့ 'ကမ္မဋ္ဌာန်း-၄ ရပ် ဟောတယ်၊

၁) ဒကာ၊ ဒကာမတွေ သိပ်ပြီးတော့ ရိုသေလေးစား လှု ဒါန်းလာတဲ့ အခါ ရဟန်းသံဃာတွေမှာ ဘာဖြစ်လာနိုင်တုန်းဆို ( လောဘ) တွေ ဖြစ်လာနိုင်တယ်၊ အတွယ်အတာတွေ ဖြစ်လာနိုင်တယ်၊ မူလအခြေအနေကနေ ယိုယွင်းပျက်စီးပြီး သွားနိုင်တယ်၊ ရဟန်းဘဝက လျှော့ကျသွားနိုင်တယ်၊  ဒါကြောင့်မို့ ခုခံအားတွေကို ဘာနဲ့ တိုးမြှင့်ခိုင်းတုန်းဆိုရင် -

"ချစ်သားရဟန်းတို့ ၊ မင်းတို့ ဒီနေ့ကစပြီးတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အသုဘကမ္မဋ္ဌာန်းကို ပွားကြ" တဲ့ ။ အသုဘကမ္မဋ္ဌာန်း ပွားတယ် ဆိုတာ 

ကိုယ့်ခန္ဓာကိုယ်ကိုကြည့် ၊ သူများခန္ဓာကိုယ်ကိုရောကြည့်၊ ခန္ဓာကိုယ်ထဲမှာ (၃၂)မျိုးသော အရာတွေကို တစ်ခုစီ၊ တစ်ခုစီ ခွဲကြည့် လိုက်ရင် နှစ်သက်စရာ၊ သဘောကျစရာဆိုတာ ဘာတစ်ခုမှ မရှိဘူး၊ "ဆံပင် ၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ" စတဲ့ တစ်ခုစီရဲ့ ရွံစဖွယ် စက်ဆုပ်ဖွယ်တွေကိုသာ တွေ့ရမယ် ဆိုတဲ့ သဘောတရားကို  ဆင်ခြင်ဖို့ ။

နောက်တစ်ခု …ဆင်ခြင်ဖို့ရာ 
(၉)ပေါက်ဒွါရ အမာ ဝက" ထွက်သမျှ မွှေးကြိုင်တဲ့အရာ ဘာတစ်ခုမှ မရှိဘူး။
မျက်လုံးက ထွက်တဲ့ မျက်ချေး
နားက ထွက်တဲ့ နဖာချေး
နှာခေါင်းက ထွက်တဲ့ နှပ်ချေး … 
ဘယ်ကထွက်တဲ့ဟာပဲ ဖြစ်ဖြစ်
မွှေးတာ ကြိုင်တာ သန့်တာ ပြန့်တာ တစ်ခုမှ မရှိဘူး။

လူတွေဟာ ကိုယ့်ပါးစပ်က ထွက်တဲ့ တံထွေး ဘယ်တော့မှ သိမ်းမထားဘူး၊ ကိုယ့်ဟာကိုယ် ပြန်ကိုင်ရမှာ ရွံတယ်၊ ပါးစပ်ထဲ နေရင်သာ မတတ်နိုင်လို့ ဟုတ်ရဲ့လား ? ကိုယ့်ခန္ဓာကိုယ်က ထွက်တဲ့ ဟာတွေကို အားလုံးရွံကြတယ်။ ဒါ သဘာဝပဲ ။

သို့သော် လူတွေက သိပ်ပြီး အသိအမှတ် မပြုဘူး၊ ထွက်သွားတာပဲ ရွံစရာလို့ ထင်တယ်၊ ခန္ဓာကိုယ်ထဲ ရှိနေရင် ရွံစရာလို့ မထင်ဘူး။ 

မထင်တဲ့အတွက်ကြောင့် ကြည့်လေ …
လက်သည်းလေးတွေ ညှပ်လိုက်မယ်ဆ်ိုရင် အမယ် လက်သည်း အိမ်ပေါ် မကျစေနဲ့ လို့ ပြောကြတယ်၊  ဒါဖြင့် လက်ထဲက လက်သည်းကျတော့ ဘာဖြစ်လို့ အိမ်ပေါ်မှာ ထားရတုန်း၊ ထားရုံတင် မကဘူး အရောင်လေးတွေ ဆိုးလိုက်ကြသေးတယ်၊  အရောင်တင် မကဘူး ၊ ဒီဇိုင်းလေးတွေ အမျိုးမျိုး လုပ်ကြတယ်။

ဆံပင်ဆိုလည်း ကြည့်လေ …
ဆံပင်ချည်တွေ ထမင်းခွက်ထဲ ပါလာရင် ရွံလိုက်ကြတာ
ထွီထွမ် နဲ့ ၊ သို့သော် ဒီဆံပင်လေးကို သပြီးတော့ အဖြူရောင်တောင် အမည်းကလေး ဆိုးလိုက်ကြသေးတယ် ဟုတ်လား။

ခန္ဓာကိုယ်ကြီးနဲ့ ရှိနေတဲ့အချိန်မှာ လှတယ်လို့ ထင်ပြီးတော့ အမျိုးစုံ လုပ်ကြပေမယ့် ခန္ဓာကိုယ်ကနေ ကျွတ်ထွက်သွားလိုက်တာနဲ့ တပြိုင်နက် မလှဘူး ဆိုတဲ့ သရုပ်ဟာ ပိုပေါ်သွားတယ်နော်။

နှာခေါင်းထဲမှာ ရှိနေတဲ့ နှပ်ချေးကတော့ ကောင်းနေသယောင်ယောင် ရှိတယ်နော်၊ အပြင်ဘက်လည်း ထွက်ရော ဘယ်သူမှ လက်မခံဘူး၊ အဲဒီတော့ အပြင်ဘက်ထွက်တဲ့  နှပ်ချေးနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ နှပ်ချေး အတူတူပဲ၊ မတူဘူးလား ?

အေး အဲဒီလို ခန္ဓာကိုယ်ရဲ့ မတင့်တယ် ရွံစဖွယ်တွေကို 
မိမိခန္ဓာကိုယ်မှာ ကြည့် ၊ သူတပါး ခန္ဓာကိုယ်မှာလည်း ကြည့်ပြီး တော့ ပွားများအားထုတ်ထားတဲ့ ဘာဝနာ 'ပသုဘာနုပဿ     နာ' လို့ ခေါ်တယ် တဲ့ ။

မတင့်တယ်တာကို အထပ်ထပ်ကြည့်ပါ လို့ မြတ်စွာဘုရား ဟောတာ။ အထပ်ထပ်ကြည့်ပြီး ပွားလို့ရှိရင်  တွယ်တာမှုဆိုတာတွေ မလာအောင်လို့ ။

---------------------------
ခုခံစွမ်းအား ( ၃ )
----------------------------

#တွယ်တာမှု ဆိုတာတွေ မလာအောင်လို့ … မြတ်စွာဘုရားက
ဘာဝနာ 'အသုဘာနုပဿ     နာ' မတင့်တယ်တာကို အထပ်ထပ်ကြည့်ပါ လို့ ဟောတယ် ။ ဒါတင်လား …လို့ဆို မပြီးသေးဘူး။

နောက်ထပ် ပွားများရမယ့်တရားက …

(၂) အာဟာရပေဋိကူလ- သညာ 
အစားအစာနဲ့ ပတ်သက်လာရင် စက်ဆုပ်ရွံရှာဖွယ် ဆိုတာကို အမြဲတမ်း နှလုံးသွင်းဖို့ မြတ်စွာဘုရားက ညွှန်ပြတယ်။ ခန္ဓာကိုယ်ထဲမှာ ဒါမျိုးတွေ ရှိနေတယ် ဆိုတာကို သတိထားပါ တဲ့ ။

နောက်တစ်ခုက 
(၃) သဗ္ဗလောကေ အနဘိရတိသညာ  …
လောကကြီးတစ်ခုလုံးဟာ ပျော်စရာ မကောင်းဘူး၊ ကျေနပ်စရာ မကောင်းဘူး ၊ ဘာဖြစ်လို့တုန်းဆိုရင် လောကကြီးဟာ ပြသနာတွေနဲ့ ပြည့်နေတာပဲ ။ 

ကိုယ့်ဘဝနဲ့ ကိုယ့်ကိုယ်ပဲ ပြန်ကြည့်လိုက် …
လူရယ်လို့ ဖြစ်လာပြီးနောက် တစ်နေ့တစ်ခြား အိုလာတာ 
အိုလာပြီးနောက်  ရောဂါ ဖြစ်မယ် ၊
ရောဂါဖြစ်တယ် သေတယ် ၊
ဒီပြသနာက ဘယ်သူမှ ရှောင်လွဲလို့ မရဘူး ဒါကြောင့်မို့
လောကကြီးကို ခြုံကြည့်လိုက်မယ်ဆိုရင် ကျေနပ်စရာတစ်ခုမှ မရှိဘူး။ ပျော်စရာ တစ်ခုမှ မရှိဘူးဆိုတဲ့ ဒီအနေအထားကို ဆင်ခြင် စဉ်းစားကြည့်ပါ လို့ ဒီလို ဆိုတယ် ။

ဟော နောက်တစ်ခုက …
(၄) အနိစ္စသညာ  …သင်္ခါရတရားတွေရဲ့ မမြဲတဲ့သဘောကို အမြဲတမ်း ဆင်ခြင်စဉ်းစားကြည့်ပါ ။ ဟုတ်တာ ပေါ့ ၊ သင်္ခါရတရား ဆိုတာ … 

တစ်ခု ဖြစ်လာပြီးနောက် တစ်ခုပျက်တယ် ၊ 
အကြောင်းရှိလို့ အကျိုးတရား ဖြစ်ပေါ်နေတယ် ၊
အကြောင်း ပျက်သွားတာနဲ့ တပြိုင်နက် အကျိုးတရားလည်း 
ချက်ချင်း ပျက်သွားမယ် ၊ ဖြစ်ပေါ်လာပြီးနောက်မှာ 
လုံးဝ ချုပ်ငြိမ်း သွားတယ် ဆိုတဲ့  
ဒီသဘောတရားတွေဟာ အထင်အရှား 
ရှိပြီးတော့ နေတယ် ၊ 
ဒါကြောင့်မို့လို့ ဒါတွေကို ဆင်ခြင်စဉ်းစားပြီးတော့ 
ကြည့်ပါလို့ ဆိုလိုတယ် ။

နောက်ဆုံးမှာ …
မရဏသညာ  … သေခြင်းသဘောတရားကို ဆင်ခြင်စဉ်းစားပြီး ကြည့်ရမယ် ။

ဒီကမ္မဋ္ဌာန်း-၄ မျိုး  ကိုယ့်သန္တာန်မှာ ပွားများအားထုတ်လိုက်မယ် ဆိုရင် ခုနပြောခဲ့တဲ့ ပစ္စည်းတွယ်တာမှု ၊ လူတွယ်တာမှု ဆိုတဲ့ တွယ်တာမှုတွေအားလုံးကို ဖြေရှင်းနိုင်မှာ ဖြစ်တယ် ။

အဲဒါတွေနဲ့ မငြိတွယ်တဲ့အတွက်ကြောင့် စိတ်ဓါတ်ခွန်အားတွေ တက်ကြွပြီး လောကမှာ ပျော်စရာလို့ ထင်လာတဲ့ အတွေးတွေ မတွေးမိအောင် မြတ်စွာဘုရားက ဒီကမ္မဋ္ဌာန်းတွေကို ရှုခိုင်းတာ၊  ဒါဟာ စိတ်ဓါတ်ရဲ့ ခုခံအားတစ်မျိုးပဲ ၊ ( ဒါတွေနဲ့ ခုခံပါ ) လို့ ဒီလို ဟောတာ ။

-------------------------------------

ဒါကြောင့်မို့ ဘုန်းကြီးတို့ နေ့စဉ်နဲ့အမျှ လောကမှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့ကြရတဲ့အခါ …
အဆိုးတွေနဲ့ ကိုယ့်ကို မလိုမုန်းထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံရတဲ့အခါ ၊ ပတ်ဝန်းကျင်အဆိုးနဲ့ ကြုံတဲ့အခါ 'မေတ္တာဘာဝနာ' များများပွားဖို့ လိုအပ်တယ် ၊ 

အကောင်းတွေနဲ့ချည်း ကြုံတဲ့အခါ သင်္ခါရသဘောတရားတွေနဲ့ မမြဲတဲ့ သဘောတွေ၊ ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်တဲ့သဘော ၊ သေခြင်းတရားတွေ … ဒါတွေကို ဆင်ခြင် စဉ်းစားဖို့ အင်မတန်မှ အရေးကြီးတယ် ။

အဲဒီလို ဆင်ခြင်စဉ်းစားပြီး လေ့ကျင့်ပေးခြင်းသည် ခုခံအားကို မြှင့်တင်ပေးခြင်းပဲ ဖြစ်တယ်။
------------------------------------

ဒီနည်းစနစ်နဲ့ မြှင့်တင်ပေးခြင်းဖြင့် ထိုပုဂ္ဂိုလ်မှာ …
ဆေးနဲ့ ဖြေရှင်းလို့ ဆေးစွဲသွားတာမျိုး
အခြေအနေတစ်ခု လွဲမှားသွားတာမျိုး
လုပ်မိပြီးနောက် လုပ်မိလေခြင်းလို့ နောင်တဖြစ်စရာလည်း
တစ်ခုမှ မရှိနိုင်ဘူး တဲ့။

ဒါကြောင့်မို့ ဒီနည်းလမ်းတွေနဲ့ ( ခုခံကာကွယ်ဖို့ ) ဆိုပြီး  ကကုသန္ဓမြတ်စွာဘုရားက တပည့်ရဟန်းတွေကို ဟောကြားဆုံးမခဲ့တာ ဖြစ်တယ် ။ 

အဲဒီလို ဆုံးမဟောကြားထားတဲ့အတိုင်း လိုက်နာကြလို့ … ဒုဿီ မာရ်နတ်ကြီးရဲ့ လုပ်ရပ်တွေ တစ်ခုမှ မအောင်မြင်ဘူး ။

မအောင်မြင်တော့ ဘာလုပ်သလဲ ဆိုရင် 
မြတ်စွာဘုရားနဲ့ အဂ္ဂသဝက (ရှင်ဝိဒုရ ၊ ရှင်သဉ္ဇီဝ ) -၂ပါး 
ဆွမ်းခံကြွချိန် အရပ်ထဲက ကလေးတွေကို ဝင်ပူးပြီးတော့ ခဲနဲ့ ပေါက်ခိုင်းတာ ခဲတစ်လုံးက ရှင်ဝိဒုရ ခေါင်းကို ထိမှန်လိုက်တာ ခေါင်းကွဲပြီး သွေးဖြိုင်၂ကျသွားတယ် ။ 

(( ရှင်ဝိဒုရ ခဲမှန်လို့ ခေါင်းကွဲပြီးတဲ့အခါ ))
မြတ်စွာဘုရားက ပြန်လှည့်ကြည့်ပြီး ဘာမိန့်သလဲ ဆိုရင် 
"ဟေး …ဒုဿီ မာရ်နတ် မင်းရဲ့လုပ်ရပ်တွေဟာ လွန်ကုန်ပြီ ၊
အကုသိုလ်တွေ မင်းမှာ အများကြီး ဖြစ်သွားပြီလို့
ဒီစကားတစ်ခွန်း ပြောလိုက်တာနဲ့  သူ့လုပ်ရပ်ကြောင့် ဒုသီမာရ်နတ်ကြီးဟာ ချက်ချင်း မြေမြိုပြီး အဝီစိငရဲ ရောက်သွားတယ်။
-------------------------------------

ဒီစကားတွေကို ဘယ်သူက ပြန်ပြောသလဲဆိုရင် ရှင်မောဂ္ဂလာန် ကိုယ်တိုင် ပြောခဲ့တာ၊  သူက ဒုဿီမာရ်နတ် ဖြစ်ခဲ့တယ်၊ ဒီလိုလုပ်လို့ သူ ငရဲခံရတယ် ဆိုတဲ့ အကြောင်းကို မာရတဇ္ဇနိယသုတ်ကို ဘုန်းကြီးက အကျဉ်းချုပ် ဟောကြားနာဖြစ်တယ် ။

ဒါကြောင့် တရားချစ်ခင်သူတော်စင် ပရိတ်သတ်တို့ မိမိတို့ရဲ့ စိတ်ဓါတ်နဲ့ဆိုင်ရာ ခုခံစွမ်းအားတွေ မြင့်တက်လာအောင်၊ ဒီကနေ့ ခေတ်လို 
အကြမ်းဖက်မှုတွေ ပေါတဲ့ လောကကြီးမှာ မေတ္တာဘာဝနာ များများပွားဖို့ လိုအပ်ပါတယ် တဲ့ ။

တရားချစ်ခင်သူတော်စင်ပရိတ်သတ်တို့ မြတ်စွာဘုရားဟောကြားဆုံးမတဲ့အတိုင်း ဒီဘာဝနာတရားများကို အချိန်အခါ အားလျော်စွာ အားထုတ်ပြီး မိမိတို့ဘဝခရီးမှာ စိတ်ဓါတ် ပျက်စီးမှု မရှိအောင် ၊ စိတ်ဓါတ်ခွန်အားတွေ တက်လာအောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း ။

(ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ)

Credit....

No comments:

Post a Comment