စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, December 3, 2020

အတုမြင်အတတ်သင်

#အတုမြင်_အတတ်သင်#

   ရှေးအခါက ဗာရာဏသီပြည်မှာ သာမမင်းဟာ မင်းလုပ် အုပ်ချုပ်တယ်။  အဲဒီအခါ ဘုရားလောင်းက အမတ်မျိုးမှာ ဖြစ်ပြီး အရွယ်ရောက်တဲ့အခါ သာမမင်းအား အကျိုးအကြောင်းကို သွန်သင် ပြသပေးသူ ဖြစ်လာတယ်။  သာမမင်းမှာ ပဏ္ဍဝ ဆိုတဲ့ 
မင်္ဂလာမြင်း ရှိတယ်။  အဲဒီမြင်းရဲ့ မြင်းထိန်းက ဂိရိဒတ္တ မည်တယ်။
အဲဒီမြင်းထိန်း ဂိရိဒတ္တက ခြေခွင်နေတယ်။  ပဏ္ဍဝမြင်းက ပါးချပ်ကြိုးကို ကိုင်ဆွဲပြီး ရှေ့က ရှေ့က သွားနေတဲ့ အဲဒီ မြင်းထိန်းကို ကြည့်ပြီး " ဒီမြင်းထိန်းက ငါ့ကို သင်ပြပေးနေတယ် ” လို့ 
မှတ်ထင်ကာ အဲဒီမြင်းထိန်းကို အတုလိုက်လုပ်ရင်း ခြေခွင်သွားတယ်။  အဲဒီမြင်းမှာ ခြေခွင်နေတာကို မင်းအား ပြောပြကြတယ်။  မင်းက ဆေးဆရာတွေကို စေလွှတ်တယ်။ 
အဲဒီဆေးဆရာတွေက သွားပြီး မြင်းရဲ့ကိုယ်မှာ ရောဂါကို မတွေ့ကြလို့ " အကျွန်ုပ်တို့ဟာ ဒီမြင်းမှာ ရောဂါကို မတွေ့ကြပါ ” လို့ 
မင်းအား ပြောပြကြပါတယ်။ မင်းက ဘုရားလောင်းအမတ်ကို " မိတ်ဆွေ… သွားပါ၊ အဲဒီမြင်း ခြေခွင်ရာမှာ အကြောင်းကို စူးစမ်းကြည့်ပါ ” လို့ ပြောကာ စေလွှတ်လိုက်ပါတယ်။ 

   ဘုရားလောင်းအမတ်က သွားပြီး ခြေခွင်နေတဲ့ မြင်းထိန်းနဲ့ ရောနှောလို့ အဲဒီမြင်းမှာ ခြေခွင်နေတာကို သိကာ မင်းအား အဲဒီအကြောင်းကို ပြောပြပါတယ်။  " ရောနှောခြင်း အပြစ်ကြောင့် 
ဒီလိုဖြစ်ရပါတယ် ” လို့ ပြောပါတယ်။  အဲဒီအခါ ဘုရားလောင်းအမတ်ကို မင်းက " မိတ်ဆွေ… အခု ဘာကို လုပ်ထိုက်ပါသလဲ ” 
လို့ မေးပါတယ်။  ဘုရားလောင်းက မင်းကို ခြေမခွင်တဲ့ မြင်းထိန်းကို ရရင် အရင်က အတိုင်းပဲ ကောင်းသွားပါလိမ့်မယ် ” လို့ ပြောပါတယ်။  မင်းက ဘုရားလောင်း ပြောတဲ့အတိုင်း လုပ်လိုက်ပါတယ်။  မြင်က ပကတိအတိုင်း ပြန်ဖြစ်သွားပါတယ်။ 
ခြေမခွင်တော့ဘဲ ကောင်းသွားပါတယ်။  မင်းက " တိရိစ္ဆာန်တွေရဲ့ အလိုသဘောကိုတောင် သိပါပေတယ် ” လို့ ကျေနပ် သဘောကျကာ ဘုရားလောင်းအမတ်အား များစွာသော အခြွေအရံကို 
ပေးပါတယ်။  
@ ပညာရှိအမတ်က- ဘုရားအလောင်း ဖြစ်ပြီး၊  မင်းက အရှင်အာနန္ဒာအလောင်း ဖြစ်ပါတယ်။  မြင်းထိန်း ဂိရိဒတ္တက အရှင်ဒေဝဒတ်အလောင်း ဖြစ်ပါတယ်။
                                             ( ဇာတ်၊ ဋ္ဌ၊ ဒု၊ ၈၉ ) 

    " အတုမြင် အတတ်သင် ” ဆိုတဲ့ သဘောဟာ တိရိစ္ဆာန်တွေမှာလည်း ရှိနေပါတယ်။   လူ့လောကမှာတော့ လူငယ်တွေမှာ ပိုပြီး
ရှိတတ်ပါတယ်။  အတုယူသင့်တာကိုတော့ အတုယူရပါတယ်။  အတုမယူသင့်တာကိုတော့ အတုမယူရပါ။  ရှေ့ဆောင်ပုဂ္ဂိုလ်တွေရဲ့ ဟန်ပန်အမူအရာ၊  အပြောအဆို၊  စိတ်နေစိတ်ထားတွေ 
နောက်ကို  နောက်လိုက်ပုဂ္ဂိုလ်တွေက လိုက်ပြီး လုပ်တတ်ကြပါတယ်။  ရှေ့ဆောင်ပုဂ္ဂိုလ်တွေက ကောင်းတဲ့ အတုတွေကိုသာ ယူကာ လိုက်လုပ်ကြဖို့ လိုအပ်လှပါတယ်။  

    ထန်းရည်းခါး သောက်, အရက်သောက်, ဆေးလိပ်သောက်, ဖိုးရှူ, ဘိန်းရှူ, မူးရစ်ဆေးမျိုးစုံ သုံး, ဖဲရိုက်, လောင်းကစား လုပ်, တံငါ လုပ်, မုဆိုး လုပ်, နွားသတ်, ဝက်သတ်, ကြက်သတ်, ခိုးဝှက်, လုယက်, လိမ်ညာပြော, အိမ်ထောင်ရေး ပွေ, အပြောကြမ်း, အဆုံးအမကြမ်း, ( အရိုက် ကြမ်း ), ဆဲဆို, ဟိန်ဟောက်, မာန်မဲ, ကုန်းတိုက်, အတင်းပြော, သူတစ်ပါးအပေါ် မကောင်းကြံ, ကလိမ်ကကျစ် လုပ်, သူတစ်ပါးအား ချောက်တွန်းတတ်တဲ့ မိဘတွေရဲ့  အစ်ကို၊ မောင်နှမတွေရဲ့ အပြုဆိုး, အပြောဆိုး, 
အကြံဆိုးတွေကို  သားသမီးဖြစ်သူတွေ ညီတွေ, ညီမတွေက အတုလိုက်ကာ လိုက်လုပ်တတ်ကြပါတယ်။   လူငယ်တွေက လူကြီးတွေရဲ့ အပြုအမူ, အပြောအဆို, အကြံအတွေးကို အတုခိုးတတ်ကြပါတယ်။   လူတွေဟာ အထူးသဖြင့် လူငယ်တွေဟာ 
လောကမှာ ထင်ပေါ် ကြော်ကြား စိတ်ဝင်စားခံရသူတွေရဲ့ အပြုအမူ, အပြောအဆိုတွေကိုလည်း အတုယူတတ်ကြပါသေးတယ်။ အတုခိုးတတ်ကြပါသေးတယ်။ 

    မိဘတွေရဲ့ အတုကို သားသမီးတွေက လိုက်တတ်ကြသလို ဆရာသမားတွေရဲ့ အတုကိုလည်း တပည့်တွေက လိုက်တတ်ကြပါတယ်။   ဒါကြောင့် ဆရာသမားတွေရဲ့ ပြုမူပုံ, ပြောဆိုပုံ, တွေးကြံပုံတွေဟာ တပည့်တွေမှာပါ ကူးစက်သွားတတ်ကြပါတယ်။ 
မိဘတွေထံကပဲ ဖြစ်ဖြစ်, ဆရာသမားတွေထံကပဲ ဖြစ်ဖြစ်, အစ်ကို၊ အစ်မ စသူတွေထံကပဲ ဖြစ်ဖြစ်, ထင်ပေါ် ကြော်ကြား လူသိများပြီး စိတ်ဝင်စားခံရသူတွေထံကပဲ ဖြစ်ဖြစ် ဘယ်သူ့ထံကမဆို ကောင်းတဲ့ အပြုအမူ, အပြောအဆို, အကြံအတွေးတွေကိုသာ 
သားသမီးဖြစ်သူတွေ၊ တပည့်ဖြစ်သူတွေဟာ အတုယူပြီး လိုက်ကြရပါတယ်။  ဘယ်သူ့ထံကဖြစ်ဖြစ် မကောင်းတဲ့ အပြုအမူ, အပြောအဆို, အကြံအတွေးတွေကိုတော့ အတု မယူရပါ။  အတု မခိုးရပါ။ 

  မိဘ, ဆရာသမား, အစ်ကို, အစ်မ စသူတွေ, ထင်ပေါ် ကြော်ကြား သူတွေဟာ ခြေခွင်နေတဲ့ မြင်းထိန်းသမားလို မဖြစ်သင့်ကြပါ။ 
ခြေမခွင်တဲ့ မြင်းထိန်းလို ဖြစ်သင့်ကြပါတယ်။   မိဘ, ဆရာသမား, အစ်ကို, အစ်မ စသူတွေ, ထင်ပေါ် ကြော်ကြားသူတွေက ခြေခွင်တဲ့ မြင်းထိးန်လို ဖြစ်နေကြစေဦးတော့…
ကိုယ်က ခြေလိုက်မခွင်မိအောင် သတိဆောင်ကြရပါမယ်။ 

#လင်္ကာ_ဆောင်ပုဒ် ။ 

၁။ မြင်းထိန်းခွင်တာ, ကြည့်သွားရာ, မြင်းပါ ခွင်သွားသည်။ 

၂။ ရှေ့ဆောင်ပြုမူ, နောက်လိုက်သူ, တုယူတတ်ပါသည်။ 

၃။ ရှေ့ဆောင်သူများ, သတိထား, ပြောကြားပြုမူရပါသည်။ 

၄။ နောက်လိုက်တွေကား, အတုမှား, ရှောင်ရှားကြရမည်။ 

* သာမဏေကျော် ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ * 

   { လူငယ်တို့ ဖတ်ဖွယ် ဇာတ်အသွယ်သွယ်- စာအုပ်မှ }
    🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
  
🙏 မိတ်ဆွေ များအားလုံး 🌸 
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။   

Credit… သူရိယ စန္ဒာ …

No comments:

Post a Comment