စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, October 22, 2020

ဂါရဝေါစ နိဝါတောစ

ဂါရဝေါစ နိဝါတောစ
━━━━━━━━━

ဂါရဝေါစ နိဝါတောစ ဒီမင်္ဂလာ ၂- ပါး ရဲ့ 
မကျဉ်းမကျယ် ရှင်းလင်းချက်များ
ဖြစ်ပါတယ်။ 

ကမ္ဘာပေါ်က လူတိုင်းလူတိုင်း 
လက်ကိုင်ထားသင့်တဲ့ 
မင်္ဂလာသုတ်မှာပါတဲ့
မင်္ဂလာနှစ်ပါးဘဲဖြစ်ပါတယ်။

❝ ဂါရဝေါစ ❞
ရိုသေထိုက်သူကို ရိုသေခြင်း။

ဂါရ၀ ၁၀- မျိုး

၁။ ဘုရား၌ ရိုသေလေးစားခြင်း

မိမိကိုးကွယ်တဲ့ ဘာသာမှာ 
အထွတ်မြတ်ဆုံးဖြစ်တဲ့ ဘုရားကို 
ရိုသေလေးစား ဖို့လိုပါတယ်။

၂။ တရား၌ ရိုသေလေးစားခြင်း

ဘုရားရဲ့အဆုံးအမဖြစ်တဲ့ တရားတော်ကို
ရိုသေလေးစားဖို့ လိုပါတယ်။

၃။ သံဃာ၌ ရိုသေလေးစားခြင်း

မြတ်စွာဘုရားရဲ့တရားတော်တွေ 
ပြန့်ပွားအောင် 
သာသနာ့၀န် ထမ်းဆောင်နေကြသော 
သံဃာတော်များကိုလည်း 
ရိုသေလေးစားဖို့ လိုပါတယ်။

၄။ သိက္ခာ၌ ရိုသေလေးစားခြင်း

မိမိတို့နဲ့သက်ဆိုင်ရာ ကျင့်၀တ်သိက္ခာများ 
(ရဟန်းဆိုလျှင် ရဟန်းဝိနည်း၊
လူဆိုလျှင် လူ့ကျင့်၀တ် သီလ)ကို 
ရိုသေလေးစားဖို့ လိုပါတယ်။

၅။ သမာဓိ၌ ရိုသေလေးစားခြင်း

မိမိ ကိုယ် နှုတ် စိတ် ကို 
ထိန်းသိမ်းထားခြင်းလို့ခေါ်တဲ့ 
သမာဓိကိုလည်း ရိုသေလေးစားပြီး 
ဣနြေ္ဒဖောက်ပြားခြင်း မရှိရပါဘူး။ 

ဣနြေ္ဒဖောက်ပြားရင် 
လူလည်း လူ့အလျောက်၊ 
ရဟန်းလည်း ရဟန်းအလျောက် 
သီလသိက္ခာ ယိုယွင်းပျက်စီးတတ်လို့ 
သူတပါး ကြည်ညိုခြင်း
ရိုသေလေးစားခြင်းတို့ကို မခံယူနိုင်ပါဘူး။ 

ဒါကြောင့် သမာဓိ၌ ရိုသေလေးစားဖို့ 
လိုပါတယ်။

၆။ အပ္ပမာဒ၌ ရိုသေလေးစားခြင်း

မိမိရဲ့ သန္တာန်မှာ 
သတိကင်းလွတ်မယ်ဆိုရင် 
အကုသိုလ်တွေ ၀င်ရောက်
ဖြစ်ပေါ်နိုင်တာကြောင့် 
မမေ့မလျော့သော သတိမှာလည်း
ရိုသေလေးစားဖို့ လိုပါတယ်။

၇။ ပဋိသန္ဓာရ၌ ရိုသေလေးစားခြင်း

တဦးနှင့်တဦး မေတ္တာမပျက်စေရန် 
အဆက်အစပ်ပြုခြင်း၊
ပြေပြစ်ချောမောအောင်ပြုခြင်း။

(ပဋိသန္ဓာရ) ဟာ
လောကကျင့်၀တ် တပါးမို့ 
ပဋိသန္ဓာရကို ရိုသေလေးစားဖို့ 
လိုပါတယ်။

ပဋိသန္ဓာရမှာ
(က) ပစ္စည်းဖြင့် စေ့စပ်ပြေပြစ်အောင် 
ပြလုပ်တဲ့ ပစ္စယပဋိသန္ဓာရ၊

(ခ) သွန်သင်ဆုံးမ နည်းပေးလမ်းပြ
ပြုလုပ်တဲ့ ဓမ္မပဋိသန္ဓာရ ဆိုပြီး 
နှစ်မျိုးရှိပါတယ်။

ပဋိသန္ဓာရဟာ ဒါနတမျိုး ဖြစ်တာကြောင့်
ကောင်းကျိုးခပ်သ်ိမ်းကို
ပြီးမြောက်စေပါတယ်။ 

ဒါကြောင့်မို့ ပဋိသန္ဓာရကို
ရိုသေလေးစားရပါမယ်။

၈။ ဟိရီ၌ ရိုသေလေးစားခြင်း

ပညာရှိသူတော်ကောင်းတွေ 
ကဲ့ရဲ့ ရှုံ့ချ စက်ဆုတ်တဲ့ 
မကောင်းမှုတွေကို ပြုလုပ်ရမှာ 
ရှက်ခြင်းဆိုတဲ့ ဟိရီကို 
ရိုသေလေးစားဖို့ လိုပါတယ်။ 

ဟိရီကို ရိုသေလေးစားခြင်းဖြင့် 
မကောင်းမှုတွေ ပြုလုပ်ခြင်းက
လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။

၉။ သြတ္တပ္ပ၌ ရိုသေလေးစားခြင်း

ယခုဘ၀မှာ ခံယူရမယ့် ဘေးဒုက္ခ၊ 
သေပြီးနောက် ခံယူရမယ့် 
အပါယ်ဘေးဒုက္ခ တို့ကို 
ဆင်ခြင်ကြောက်ရွံ့ခြင်းဟာ 
သြတ္တပ္ပ ဖြစ်ပါတယ်။ 

သြတ္တပ္ပကိုလည်း ရိုသေလေးစားပြီး
မိမိသန္တာန်မှာ တည်စေရပါမယ်။ 

ဟိရီ သြတ္တပ္ပ ချို့ငဲ့ ကင်းမဲ့သူဟာ 
တိရစ္ဆာန်နဲ့ မခြားပါဘူး။ 

ဒါကြောင့် ဟိရီနဲ့ သြတ္တပ္ပကို
ရိုသေလေးစားဖို့ လိုပါတယ်။

၁၀။ အချင်းချင်း၌ ရိုသေလေးစားခြင်း

အတူတကွ နေဖော်နေဖက်ခြင်း၊ 
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ 
ညီအကို မောင်နှမချင်း၊ 
အလုပ် လုပ်ဖော်ကိုင်ဖက်၊
စာသင်ဖက်၊ ခရီးသွားဖက်၊
ရဟန်းနှင့် ဒကာ၊ နိုင်ငံအချင်းချင်း
စသဖြင့် တဦးကိုတဦး
ရိုသေလေးစားဖို့ လိုပါတယ်။ 

ဒီလိုမျိုး အချင်းချင်း 
ရိုသေလေးစားမှု ရှိမယ်ဆိုရင်
မတရားမှု ယုတ်မာမှုတွေ အားလုံး
ပပျောက်နိုင်တယ်လို့ 
ဆရာတော်က ရေးသားထားပါတယ်။

❝ နိဝါတောစ ❞
မိမိကိုယ်ကို နှိမ့်ချခြင်း။

ခေါင်းဆောင် ဖြစ်လိုလျှင် 
နိဝါတ ရှိရမယ်လို့ ဆိုပါတယ်။

မိမိစိတ်ကို မာန်မာနမထားဘဲ
ထောင်လွှားမှု မရှိခြင်းဟာ
ရှေ့ဆောင်ကောင်း၊ ခေါင်းဆောင်ကောင်း၊
လူကြီးလူကောင်း တယောက်ဖြစ်ခြင်းရဲ့ 
အကြောင်းရင်း တပါးဖြစ်ပါတယ်။

လူတချို့ဟာ ပညာဂုဏ်၊ ဥစ္စာဂုဏ်
စည်းစိမ်ဂုဏ်၊ ကောင်းမှုဂုဏ်တွေကြောင့် 
ပလွှားမာန်ထောင်တတ်တယ်။

တချို့ကတော့ 
အနည်းငယ်မျှလောက်သော ဂုဏ်ကို 
အများအပြားမှတ်ယူပြီး
ထောင်လွှားတတ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထောင်လွှားမာန်မာနကို 
လုံး၀မထားသင့်ပါဘူး။

မာန်မာန မထားဘဲ 
စိတ်ကို နှိမ့်ချရမယ်ဆိုလို့ 
ယုတ်ညံ့သေးသိမ်တဲ့စိတ်
အောက်တန်းစားအခြေအနေကို 
ရောက်တဲ့စိတ်မျိုး ဖြစ်ရမယ်လို့ 
ဆိုလိုတာ မဟုတ်ပါ။ 

မာနနဲ့ယှဉ်ပြီး ၀င့်ဝါပလွှား 
မော်ကြွား မာန်ထောင်တဲ့ 
စိတ်မျိုးကို ပယ်ရှားပြီး 
မြင့်မြတ်တဲ့ သဘောထားနည်းနဲ့ 
မိမိရဲ့စိတ်ကို နှိမ့်ချထားရမယ်လို့ 
ဆိုလိုတာ ဖြစ်ပါတယ်။

မာနယှဉ်ပြီး မာန်တက်တဲ့သူဟာ 
ဥစ္စာ၊ ပညာ၊ ကောင်းမှု၊
မိတ်ကောင်းဆွေကောင်း တို့မှ 
ဆုတ်ယုတ်ပြီး ဒုက္ခတွေ့ရ တတ်ပါတယ်။ 

ဒါကြောင့် မာနကို မြင့်မြတ်သောစိတ်၊ 
အမြော်အမြင်ကြီးသော စိတ်တွေနဲ့ 
ပယ်ရှားပြီး ရိုသေလေးစား ထိုက်သူတို့ကို 
ရိုသေလေးစားသောအားဖြင့် 
ကောင်းကျိုးချမ်းသာ မင်္ဂလာဖြစ်နိုင်ပါ 
တယ်။

မေဓာဝီ, အရှင်ပဏ္ဍိတမထေရ် ၏
(မင်္ဂလသုတ် လက်စွဲ)မှ
Nay Lin

No comments:

Post a Comment