🌷🌷 ပါရမီ ရှိ မရှိ အားထုတ်ကြည့် 🌷🌷
ပါရမီ ရှိ မရှိကို ဘာလုပ်ကြည့်ရမလဲ။
တရားအားထုတ်ကြည့်ရမှာပါ။
ငါ့မှာတော့ ပါရမီ မရှိလောက်ပါဘူး။
ပါရမီရှင်လည်း မဟုတ်လောက်ပါဘူး။
ပါရမီ မရှိလ်ို့ ငါသည် တရားဓမ္မတွေ
မသိတာဖြစ်မယ်။ မမြင်တာဖြစ်မယ်။
တရားမရတာ ဖြစ်မယ်လို့ အများစုက
စိတ်ဓာတ်ကျနေတတ်ကြပါတယ်။
ပါရမီဆိုတာ ဖြည့်ရတဲ့သဘော
စုဆောင်းရတဲ့သဘော ရှိပါတယ်။
ပါရမီဆိုတာဟာ
တဖြည်းဖြည်း စုဆောင်းလာတော့မှ
ပြည့်စုံလာပါမယ်။ ရှိလာပါမယ်။
ပါရမီဖြစ်ကြောင်း အလုပ်တွေ မလုပ်ပါဘဲနဲ့
အလိုလိုနေရင်း ပါရမီတွေ
ရှိမလာပါဘူး။ ပြည့်မလာပါဘူး။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့၊
ရဟန္တာအရှင်မြတ်တို့၊
ပစ္စေကဗုဒ္ဓာ အရှင်မြတ်တို့ တရားရကြတယ်။
တချို့တချို့သော အရှင်မြတ်တွေ တရားကျင့်တဲ့
အချိန်မှာ အချိန်တိုတိုလေးနဲ့ တရားရကြတယ်။
အကျဉ်းချုပ်တရား ကျင့်စဉ်ကျင့်ရုံနဲ့
တရားရကြတယ်လ်ို့ နာဖူး ကြားဖူး ကြပါလိမ့်မယ်။
မြတ်စွာဘုရားက တရားစကား
တစ်ခွန်း နှစ်ခွန်း ဟောပြောလိုက်ရုံနဲ့
အဲဒီ တရားဓမ္မ၊ အဲဒီ အဆုံးအမကို
နာယူပြီးတော့ တရားရသွားကြတယ်။
"မြန်လိုက်တာ၊ ခက်လဲမခက်ဘူး။
ပင်လည်း မပင်ပန်းဘူး။
ဒီပုဂ္ဂိုလ်တွေ ပါရမီ ထူးတာပဲ" တဲ့။
ဘာနဲ့ အကဲဖြတ်တုန်းဆိုရင်
ပါရမီနဲ့ အကဲဖြတ်ကြတယ်။ ပါရမီထူးတယ်၊
ပါရမီ ရှိတယ်လို့ တွက်ချက်ကြပါတယ်။
ကိုယ်တိုင် တရားအားထုတ်နေတဲ့
အချိန်မှာလည်း ဒီအတိုင်းပါပဲ။
တချို့က အားထုတ်လို့ရတယ်။
ထိုက်သလောက် နားလည်တယ်။
ကျင့်သလောက် သဘောပေါက်တယ်။
ထင်သလောက် မဖြစ်တဲ့သူက
ဖြစ်တဲ့သူကို ကြည့်ပြီး
သူကတော့ ပါရမီရှိလို့၊
ငါကတော့ ပါရမီမရှိလို့ ဆိုပြီး
ပါရမီနဲ့ တိုင်းတာပါတယ်။
ပါရမီဆိုတာ ဒီတိုင်းနေရုံနဲ့
ရှိလာမှာ မဟုတ်ပါဘူး။ ကျင့်မှ ရှိလာပါတယ်။
အရင်က ကိုယ့်မှာ ပါရမီ မရှိဘူးထား။
အခုကျင့်လိုက်လ်ို့ရှိရင် ပါရမီ ဖြစ်လာပါတယ်။
ဟိုအရင် တုန်းက တရားကျင့်ချင်တဲ့
စိတ်တောင် မပေါ်ဘူး။ စိတ်ကူးတောင် မရှိခဲ့ဘူး။
အခုတရားအားထုတ် ရမယ်လို့ သိလာတယ်။
တရားကျင့်ဖို့ ကောင်းနေပြီလို့ သဘောပေါက်တယ်။
တရားကျင့်ရတော့မယ်ဆိုတဲ့ စိတ်ကူး
ပေါ်လာကတည်းကိုက ပါရမီ အခြေခံ ရှိလို့သာ
ဒီစိတ်ကူးမျိုး ပေါ်လာတယ်လို့ ပြောရမှာပါ။
ပါရမီ မရှိတဲ့သူဆို စိတ်ကူးတောင် မပေါ်ပါဘူး။
တချို့ သေသာသေသွားတယ်၊
တစ်သက်လုံး ဒီအတိုင်းနေသွားတယ်။
တစ်ခါမှ တရားအားထုတ်ချင်စိတ်
မပေါက်တဲ့သူတွေ အများကြီးပါ။
အခု တရားကျင့်သူတွေက
တရားအားထုတ်လို့ မရဘူး။
တရားကျင့်လို့ မရဘူး။
တစ် ရက်၊ နှစ် ရက် ကျင့်လို့
မထူးခြားသေးတာနဲ့ ပါရမီ မရှိလို့ မရသေးဘူး။
ပါရမီ မပါလို့ တရားရမှာ မဟုတ်ဘူးဆိုပြီး
စိတ်ပျက်ပါတယ်။ စိတ်မပျက်ပါနဲ့။
ပါရမီ ရှိလို့သာ တရားအားထုတ်ချင်စိတ် ပေါ်တာ။
ကိုယ့်မှာ ပါရမီရှိလို့သာ အားထုတ်ဖြစ်တာပါ။
လက်ရှိတရားအားထုတ်တာကလည်း
ပြောမယ်ဆိုရင် ပါရမီဖြည့်နေတာ။
ပါရမီတွေ မရှိသေးရင်လည်း
ပါရမီတွေ ရှိလာအောင်၊
ရှိနေတဲ့ပါရမီတွေကိုလည်း
ပြည့်စုံလာအောင် ဖြည့်ကျင့်နေတာပါ။
ကျေးဇူးတော်ရှင်
🙏🙏🙏ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ🙏🙏🙏
[ဆရာတော်ရေးသား ပြုစုသော "ဓမ္မလမ်းပေါ်မှာ"
စာအုပ်မှ ကောက်နှုတ်ကူးယူ ပူဇော်ပါသည်။]
No comments:
Post a Comment