နကုလပိတာ နကုလမာတာ
💠💠💠💠💠💠💠💠💠💠💠💠💠💠
ကြာပန်းသည်
ရေကိုမှီ၍ဖြစ်သကဲ့သို့
အချစ်သည်
ရှေးက အတူနေခဲ့ဖူးခြင်း၊
ပစ္စုပ္ပန်၌ အကျိုးဆောင်ပေးခြင်း ဟူသော
အကြောင်းနှစ်ပါးကြောင့် ဖြစ်ပေါ်လာ၏။
ပုဗ်ဗဝေ သန်နိဝါသနေ၊
ပစ်စုပ်ပန်န ဟိတနေ ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊
ဥပ္ပလံဝ ယထောဒကေ။
ဘုရားရှင် လက်ထက်က နကုလပိတာနှင့် နကုလမာတာ ဟူသည့် အလွန်ရင်းနှီး ချစ်ခင်ကြသော ဇနီးမောင်နှံရှိခဲ့ဖူးသည်။ နကုလပိတာနှင့် နကုလမာတာ ဟူသော အမည်များ သည် အမည်ရင်းများမဟုတ်ကြ။ နကုလ၏ အဖေနှင့်အမေဟု အဓိပ္ပာယ်ရသည်။ သူတို့ဇနီးမောင်နှံအား ဘုရားရှင်က ဝိဿာသက အရာ၌ ဧတဒဂ်ထားတော်မူသည်။ တစ်ဦး နှင့်တစ်ဦး ယုံကြည်ရင်းနှီး အကျွမ်းဝင်မှု ရှိရာတွင် အသာဆုံး အမြတ်ဆုံး ဇနီးမောင်နှံဟု ဖော်ပြလေ့ရှိကြသည်။ မြန်မာဘာသာပြန်နှင့် နိဿယများတွင် (သတ္ထုဝိဿာသိကဘာဝံ စသော အဋ္ဌကထာအဖွင့် တို့ကိုမှီး၍) ဘုရားရှင်နှင့် ရင်းနှီးကျွမ်းဝင်သော စကားကို ဆိုလေ့ရှိသူတို့တွင် အသာဆုံး အမြတ်ဆုံး ဇနီးမောင်နှံဟု ဖော်ပြကြပါသည်။
နကုလိပိတာတို့ဇနီးမောင်နှံသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့ မှဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သုသုမာရဂိရိမြို့ တောင်ဘက်ရှိ ဘေသလကတောအုပ်တွင် အဋ္ဌမ မြောက် ဝါဆိုရန်အတွက် ကြွလာသောအခါ မြို့သူမြို့သားတို့က ကြိုဆို ဖူးမြော်ကြ၏။ ထိုဇနီးမောင်နှံတို့သည် ဘုရားရှင်အား ဖူးမြင်ရသောအခါ သားအရင်းသဖွယ် ချစ်ခင် ရင်းနှီးသည့်စိတ် ဖြစ်ပေါ်လာ၍ ဘုရားရှင်၏ခြေတော်ရင်း၌ ဦးခိုက်ကာ သား-ဘာကြောင့်များ မိဘနှစ်ပါးအား ဤမျှလောက် ကြာအောင် ပစ်ထားရပါသနည်းဟု တရင်းတနှီးပြောဆိုသည်။ ထိုဇနီး မောင်နှံတို့သည် ဘဝပေါင်းငါးရာ မိဘတော်စပ်ခဲ့ဖူး၍ဘထွေး၊ဘကြီး ဦးရီး၊ မိထွေး၊ မိကြီး၊ အရီးစသဖြင့် ဘဝပေါင်းငါးရာစီ ဆွေမျိုးရင်းချာ တော်စပ်ခဲ့ကြဖူးသောကြောင့် သား ဟူသောအမှတ်ဖြင့် လေးမြတ်ချစ်ခင်သောစိတ် ဖြစ်ကြောင်း ဟောကြားတော်မူ၏။ တရားအဆုံးတွင် နကုလပိတာနှင့် နကုလမာတာတို့သည် သောတာပန်ဖြစ်ကြသည်ဟု အင်္ဂုတ္တရနိကာယ် အဋ္ဌကထာတွင် ဖော်ပြထား၏။
အခါတစ်ပါးက နံနက်ဆွမ်းခံချိန်တွင် ဘုရားရှင်သည် နကုလ ပိတာသူကြွယ် အိမ်သို့ ကြွရောက်တော်မူ၏။ထိုအခါ ဇနီးမောင်နှံတို့က မိမိတို့သည် ငယ်ရွယ်စဉ်ကပင် ထိမ်းမြား လက်ထပ်ခဲ့ကြပြီး တစ်ပါးသူတို့အား ကိုယ်ဖြင့် မဆိုထားဘိ စိတ်ဖြင့်ပင် မလွန်ကျူးခဲ့ကြဖူးဘဲ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိကြောင်း၊ ယခုဘဝတွင်သာမက နောင်ဘဝများတွင်ပါ ပြန်လည် ဆုံဆည်းကြလိုကြောင်း လျှောက်ထားကြသည်။ နကုလပိတာတို့ ဇနီးမောင်နှံ၏ အာသီသကို ဗုဒ္ဓက ကဲ့ရဲ့ဝေဖန်ခြင်းမပြုဘဲ သမာဇီဝီခေါ် အတူတကွ မျှတစွာ နေထိုင်ရနိုင်မည့် အကျင့်လေးမျိုးကို ဟောကြားတော်မူခဲ့သည်။
(၁) သမ္မသဒ္ဓါ- တူမျှသော ယုံကြည်ခြင်း
(၂) သမသီလာ-တူမျှသောအကျင့်သီလ
(၃) သမစာဂ-တုမျှသောစွန့်ကြဲ ပေးကမ်းမှု
(၄) သမပညာ-တူမျှသော အသိပညာ။
ဤသို့သော အချက်လေးချက် တူမျှအောင် အားထုတ်ပါက ယခု မျက်မှောက်ဘဝတွင် သာမက တမလွန်ဘဝ၌ပင် အတူတကွ ဆုံဆည်းကြရမည်ဟု ဟောကြားတော်မူ၏။
ဗုဒ္ဓဝါဒ၏ အဓိကပန်းတိုင်သည် သတ္တဝါတို့အား သံသရာဝဋ် ဆင်းရဲမှ ကယ်ထုတ်ရန်ဖြစ်သည့် အားလျော်စွာ ဘဝကို တောင့်တခြင်းအား ဗုဒ္ဓမြတ်စွာက ချီးမွမ်းပြော ဆိုလေ့မရှိသည့်တိုင် နကုလပိတာတို့ ဇနီးမောင်နှံ၏ ရာသက်ပန်ရိုးမြေကျ ပေါင်းသင်းလိုရုံမက နောင်ဘဝများတွင် ပြန်လည်ဆုံဆည်းလိုသည့် ဆန္ဒအား ပစ်ပယ်ငြင်းဆန်ခြင်းမပြုခဲ့ပါ။ လူ့ဘောင်ဘဝထဲတွင် အေးချမ်း သာယာစွာ နေထိုင်နိုင်မည့်အကျင့်များ၊တမလွန်ဘဝ ကောင်းစားမည့် အကျင့်များကိုလည်း နာကြားသူတို့ ၏စရိုက်နှင့်အာသယအလိုက်ဟော ကြားတော်မူလေ့ရှိပါသည်။
ဒီဃနိကာယ် သိင်္ဂလောဝါဒသုတ်၌လည်း လင်ကျင့်ဝတ်၊မယား ကျင့်ဝတ်တို့ကို ဟောကြားဖူးပါ သည်။
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင်လင်ကျင့်ရာ။
အိမ်တွင်းမှုလုပ်၊
သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ၊ ဝတ်ငါးဆူ
အိမ်သူကျင့်အပ်စွာ။
ထို့အတူပင် နကုလမာတာ အားလည်း မယားကောင်းတို့၏ အကျင့် (၈)မျိုးကို ဟောကြားထားဖူးပါသည်။
(၁)ခင်ပွန်းသည်၏ ရှေးဦးစွာ နိုးထ ၍ နောက်ကျမှ အိပ်ခြင်း၊ အလိုက် သိစွာနာခံခြင်း၊ နှစ်သက်ဖွယ် အမူအကျင့်ရှိ၍ ချိုသာစွာပြောဆိုခြင်း၊
(၂) မိမိ၏ခင်ပွန်း လေးစားသော မိဘ၊ ရဟန်း၊ ပုဏ္ဏားတို့အား အရို အသေ အလေးအမြတ်ပြုခြင်း၊
(၃) အိမ်တွင်းမှု ကိစ္စများတွင် ကျွမ်းကျင်လိမ္မာခြင်း၊
(၄)အလုပ်သမားအစေခံတို့ အလုပ်လုပ်သည် မလုပ်သည်၊ ကျန်းမာ ရေးကောင်းသည် မကောင်းသည် ကို သိနားလည်ခြင်း၊ စားသောက် ဖွယ်ရာတို့ကိုခွဲဝေပေးခြင်း၊
(၅)ခင်ပွန်းသည်၏ငွေကြေး၊ပစ္စည်း ဥစ္စာတို့အား မခိုးမဝှက်မပျက်စီးစေဘဲ လုံခြုံအောင် ထိန်းသိမ်းခြင်း၊
(၆) ဘုရား၊ တရား၊ သံဃာတို့ကို ကိုးကွယ်ဆည်းကပ်ခြင်း၊
(၇) ငါးပါးသီလကို လုံခြုံအောင် စောင့်စည်းခြင်း၊
(၈) ဝန်တိုမှုကင်း၍ စွန့်ကြဲပေးကမ်း တတ်ခြင်း၊
ဤသို့သော မယားကောင်းတို့ ၏အကျင့်(၈)ပါးတို့နှင့် ပြည့်စုံပါက သေလွန်လျှင် မနောမယိကာ ခေါ် မိမိ စိတ်အလိုကျ ဖြစ်စေနိုင်သော နိမ္မာနရတိနတ်သမီးအဖြစ် ရောက် စေနိုင်သည်ဟု ဟောကြားတော်မူ ခဲ့သည်။
နကုလပိတာတို့ ဇနီးမောင်နှံ သည် မိမိတို့အချင်းချင်းသော်လည်းကောင်း၊ ဘုရားရှင်အပေါ်၌သော်လည်းကောင်း ဂေဟဿိတ ပေမခေါ် မိသားစုအချစ်သံယောဇဉ် ကြီးမားလှသော်လည်း သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို လျစ်လျူရှုထားသူများ မဟုတ်ကြပါ။တစ်ခါက နကုလပိတာသည် ကိလေသာမှ မငြိမ်းအေးနိုင်ကြရသည့် အကြောင်းရင်းအား ဘုရားရှင်ထံ မေးလျှောက်ခဲ့ဖူးသည်။
နှစ်သက်မြတ်နိုးဖွယ်ကောင်းသော အဆင်း၊အသံ၊ အနံ့၊အရသာ၊ အတွေ့အထိ၊ အတွေးအကြံဟူသော အာရုံ (၆) ပါးတို့အား နှစ်သက်, စွဲလမ်း, ငြိတွယ်သည် ရှိသော် (အဘိ နန္ဒတိ၊ အဘိဝဒတိ၊ အဇ္ဈောသာယ တိဋ္ဌတိ) ထို အာရုံအား မှီကာ စွဲလမ်း ငြိတွယ်သော စိတ်(တံနိဿိတံ ဝိညာဏံဟောတိ တဒုပါဒါနံ) ဖြစ်သည်။ စွဲလမ်းမှု ဥပါဒါန်ရှိသော ရဟန်းအား ကိလေသာမှငြိမ်းအေးမှု သည်မဖြစ်။ (သဥပါဒါနံ ဘိက္ခုနော ပရိနိဗ္ဗာယတိ)။
အာရုံခြောက်ပါးတို့အပေါ်တွင် စွဲလမ်းမှု ဥပါဒါန်ရှိက ငြိမ်းအေးမှု မရှိနိုင်ဟု ဗုဒ္ဓက ပြန်လည်ဖြေကြားခဲ့သည်။ ဤတွင် ဥပါဒါန် ဟူသော အဓိပ္ပာယ်သည် စွဲလမ်းငြိတွယ်မှုဟု ရသည့်နည်းအတူ တိုက်ရိုက်အားဖြင့် လောင်စာဟုလည်း အဓိပ္ပာယ်ရသည်။ လောင်စာ ရှိနေသ၍ မီး မငြိမ်းဟုလည်း တင်စားဟောကြားခဲ့ခြင်းဖြစ်သည်။
ဤတရားတော်မျိုးသည် ကိလေသာထူသော ပုဂ္ဂိုလ်များ နားလည်သက်ဝင်နိုင်သည့် တရား ဒေသနာမျိုး မဟုတ်ပါ။
တစ်ခါကလည်း နကုလပိတာ သည် ဘုရားရှင်ထံချဉ်းကပ်၍ ဤသို့ လျှောက်ထား၏။
“အရှင်ဘုရား၊ တပည့်တော်သည် အိုမင်း၍ ဘဝ၏နောက်ဆုံး အရွယ်သို့ ရောက်နေပါပြီ၊ နာကျင် နှိပ်စက်သောကိုယ် ရှိသည် ဖြစ်၍ မကျန်းမမာ ရှိပါ၏။ ဘုရားရှင်နှင့် တကွ ကြည်ညိုဖွယ်ကောင်းသည့် ရဟန်းတော်တို့အား အမြဲတစေမဖူး မြင်နိုင်တော့ပါ။ တပည့်တော်အား အဓွန့်ရှည်ကြာစွာ အကျိုးရှိစေနိုင်မည့် တရားတော်များအား ဟော ကြားဆုံးမတော်မူပါ”
“သူကြွယ်၊ မှန်ပေ၏။ဤကိုယ် သည် နာကျင် နှိပ်စက်သည်သာတည်း။ ဤကိုယ်သည် (ကွဲလွယ်သော)ဥခွံကဲ့သို့ ဝန်လေးလှသည်။ ဤကိုယ်ကို ဆောင်ထားပါလျက် တစ်ခဏမျှပင် ဖြစ်စေ ကျန်းမာသည် ဟုဝန်ခံသူသည် မိုက်မဲသူသာဖြစ်၏။ သူကြွယ်၊ ထို့ကြောင့် နာကျင်သောကိုယ်ရှိသော ငါ့အား နာကျင် ခြင်းကင်းသောစိတ် ရှိသည် ဖြစ်လတံ္တ့။ (အာတုရာကာယဿ မေ သတော စိတံ္တ အနာတုရံ ဘဝိဿတိ) ဟု ကျင့်အပ်၏။
ကိုယ်သာ နာ၍ စိတ်မနာစေနှင့်ဟူသော အဆုံးအမ၏ အနက်အဓိပ္ပာယ်အား အရှင်သာရိပုတ္တရာ မထေရ်မြတ်က အကျယ်ဆက်လက် ဟောကြားတော်မူခဲ့ပါသည်။ ခန္ဓာ ငါးပါးအား ငါ့ဟာ, ငါဟူ၍ တဏှာ, မာနတို့ဖြင့် တပ်ငြိစွဲလမ်းနေပါက ထိုခန္ဓာငါးပါးတို့ ဖောက်ပြန်ပြောင်းလဲသောအခါတွင် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဆင်းရဲခြင်းတို့ ဖြစ်ကြရသည်။ ကိုယ်ဆင်းရဲသာမက စိတ်ဆင်းရဲပါ ဖြစ်ရသဖြင့် မြားတစ်စင်း စူးဝင်ပြီးသူအား နောက်ထပ် မြားတစ်စင်း ထပ်မံစူးဝင်သည်နှင့်တူသည်။ ခန္ဓာငါးပါးအား ငါ့ဟာ, ငါဟူ၍ တပ်ငြိ စွဲလမ်းခြင်းမရှိပါက ထိုခန္ဓာငါးပါးတို့ ဖောက်ပြန်ပျက်စီးသောအခါ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဆင်းရဲခြင်း မဖြစ် တော့။ နာကျင်သောကိုယ် ရှိသော်လည်း စိတ်နာကျင်ခြင်း မရှိတော့။ ကိုယ်ဆင်းရဲခြင်းဟူသော မြား တစ်စင်းစူးဝင်သော်လည်း နောက်ထပ် မြားတစ်စင်း အစူးဝင် မခံရတော့။ ကိုယ်သာ နာ၍ စိတ်မနာစေနှင့်ဟူသော အဆုံးအမသည် ခန္ဓာငါးပါးအား ငါ့ဟာ, ငါဟူ၍ စွဲလမ်းတပ်မက် ခြင်း မဖြစ်စေရန် အဆုံးအမဖြစ်လေသည်။
အထက်ပါ သုတ္တန်ဒေသနာအရ နကုလပိတာသည် ဘဝ၏ နောက်ဆုံးအချိန်၌ သေခြင်းတရား ကို ရဲဝံ့စွာ ရင်ဆိုင်ရန် ပြင်ဆင်နေ ကြောင်းသိနိုင်ပါ၏။ ဇနီးသည် နကုလမာတာသည် လင်သားအပေါ် အလွန်အချစ်ကြီးသည် မှန်သော်လည်း မိမိကိုယ်တိုင် ဘာသာတရား အသိတို့ဖြင့် ဖြေဆည်နိုင်ရုံသာမက မိမိ၏ ခင်ပွန်းအားလည်း အသေ ဖြောင့်စေနိုင်ရန် အားပေးစကား ပြောကြားတတ်သည်။
တစ်ခါက နကုလပိတာသည် အသည်းအသန် နာမကျန်းဖြစ်နေသောအခါ -
“သူကြွယ်၊ သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ သေခြင်းသည် ဆင်းရဲ၏။ဘုရားရှင်ကလည်း ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေခြင်းကို ကဲ့ရဲ့ တော်မူ၏” ဟူ၍ လင်သား စိတ်အေးစေမည့် အချက် (၆)ချက် ကို ပြောကြား၏။
(၁) ငါသေလျှင် အိမ်ရှင်မ နကုလ မာတာသည် သားသမီးများကို ကျွေးမွေး စောင့်ရှောက် နိုင်မည် မဟုတ်။ အိမ်ထောင်မှုကို ထိန်းသိမ်းနိုင်မည် မဟုတ်ဟူ၍ မမှတ်ပါလင့်။ ကျွန်မသည် ဗိုင်းငင်ခြင်း၊ သိုးမွေး ချည်ခင်တို့ကို ဖြီးသင်ခြင်းတို့၌ ကျွမ်းကျင် လိမ္မာ၏။ ကျွန်မသည် သားသမီးတို့ကို ကျွေးမွေး စောင့်ရှောက်နိုင်ပါသည်။အိမ်ထောင်မှုကို ထိန်းသိမ်းနိုင်၏။
(၂) ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် အခြားအိမ်ထောင်ပြု လိမ့်မည်ဟု မမှတ်ပါလင့်။ ကျွန်မတို့သည် လွန်ခဲ့သည့် ၁၆-နှစ်က စ၍ လူတို့၏ဗြဟ္မစရိယအကျင့်ကို ကျင့် သုံးခဲ့ကြသည်ကို သင်လည်းသိသည် ကျွန်မလည်း သိသည်ဖြစ်၏။
(၃) ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့အား ဖူးမြော်လို စိတ် ဖြစ်လိမ့်မည်မဟုတ်ဟု မမှတ်ပါလင့်။ မြတ်စွာဘုရားနှင့် ရဟန်း သံဃာတို့အား ပို၍ပင် ဖူးမြော်လိုပါလိမ့်မည်။
(၄) ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် အကျင့်သီလတို့ကို ဖြည့်ကျင့်ဆည်းပူး လိမ့်မည် မဟုတ်ဟု မမှတ်ပါလင့်။ကျွန်မသည် အကျင့်သီလတို့ကို ဖြည့်ကျင့်ဆည်းပူးလေ့ ရှိသော ဥပါသိကာမတို့တွင် တစ်ဦး အပါအဝင်ဖြစ်ပါသည်။ ဤအချက်အား သံသယရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။
(၅) အိမ်ရှင်မ နကုလမာတာသည် မိမိ၏အတွင်းစိတ် ငြိမ်းအေးမှု (အဇ္ဈတံ္တ စေတော သမထဿ သာ) ရရှိသူ မဟုတ်သေးဟု မမှတ်ပါလင့်။ ကျွန်မသည် မိမိ၏အတွင်းစိတ် ငြိမ်းအေးမှုရရှိကြသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ဤအချက်အား သံသယ ရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။
(၆) အိမ်ရှင်မ နကုလမာတာသည် ဤ သာသနာ၌ သက်ဝင်ရာ၊ ထောက်တည်ရာ၊ သက်သာရာရရှိ သည် (ဩဂါဓပ္ပတ္တာ ပတိဂါဓပ္ပတ္တာ အဿာသပ္ပတ္တာ) မဟုတ်သေးဟု မမှတ်ပါလင့်။ ကျွန်မသည် ဤ သာသနာ၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာရရှိ ကြသော ဥပါသိကာမတို့တွင် တစ်ဦး အပါအဝင် ဖြစ်ပါသည်။ ဤအချက် အား သံသယရှိပါက မြတ်စွာ ဘုရားအား မေးလျှောက်နိုင်ပါသည်။
ဤသို့ နကုလမာတာ၏ အားပေးဆုံးမစကားကို ကြားရသောအခါ နကုလပိတာ၏ ရောဂါဝေဒနာသည် ခဏချင်း သက်သာလာ၏။
ရောဂါပျောက်ကင်းပြီး မကြာမီတွင် နကုလပိတာသည် တောင်ဝှေး ဖြင့် ထောက်ကာ ဘုရားရှင်ထံသို့ သွားရောက်၏။ ဘုရားရှင်က နကုလမာတာ၏ သီလ, သမာဓိ, ပညာ အဆင့်အတန်းတို့ကို ထောက်ခံပြောဆိုကာ ချီးမွမ်းစကား မိန့်ကြားတော်မူ၏။
“သူကြွယ်၊ သင့်အား ချစ်ခင် ကြင်နာ၍ သင်၏ အကျိုးစီးပွားကို လိုလားကာ အားပေး ဆုံးမတတ်သော ဇနီးသည် နကုလမာတာကို ရရှိထားခြင်းသည် အရတော်လှပေ၏။”
သံယောဇဉ်တို့ကို ပယ်သတ်၍ ကိလေသာတို့ကို ငြိမ်းအေးစေမည့် ဗုဒ္ဓ၏ အဆုံးအမလမ်းစဉ်သည် အိမ်ရာထူထောင် လူတို့ဘောင်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေ သော်လည်း အိမ်ထောင်သည်ဘဝဖြင့် နိဗ္ဗာန်ရောက်ကြောင်းအကျင့်တို့ကို(အတိုင်းအတာ တစ်ခုအထိ) ကျင့်ကြံပွားများနိုင်ကြောင်း နကုလပိတာနှင့်နကုလမာတာတို့၏ စံပြအိမ်ထောင် ရေးက သာဓကပြုနေပါသည်။
(Great Disciples of the Buddha) စာအုပ်ပါ ကောက်ကြောင်းအား မှီး ၍ နကုလပိတာနှင့် နကုလမာတာတို့အား ဟောကြားခဲ့သည့် သုတ္တန် ဒေသနာများအား စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။)
၁။ ဇာတ်တော်အမှတ်-၂၃၇၊ ဒုက နိပါတ်၊ဥပါနဟဝဂ်၊သာကေတဇာတ်
၂။ အံ-၁-၂၅၇၊ အင်္ဂုတ္တရနိကာယ်၊ ဧကတနိပါတ်၊ ဧတဒဂ္ဂဝဂ်၊နကုလ ပိတာသုတ်-အဖွင့်အဋ္ဌကထာ၊
၃။ သံ-၃-၁၊ ခန္ဓဝဂ္ဂသံယုတ္တပါဠိ တော်၊ခန္ဓသံယုတ်၊ နကုလပိတုဝဂ်၊ နကုလပိတုသုတ်-အဖွင့်အဋ္ဌကထာ
၄။ အံ-၄-၅၅၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ ပုညာဘိသန္နဝဂ်၊ ပဌမသမဇီဝိသုတ်
၅။ အံ-၈-၄၈၊ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဥပေါသထဝဂ်၊ နကုလမာတာသုတ်
၆။ သံ-၄-၁၃၁၊ သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်၊ သဠာယတန သံယုတ်၊ ဂဟပတိဝဂ်၊ နကုလပိတု သုတ်၊
၇။ သံ-၄-၂၅၄၊ သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်၊ဝေဒနာသံယုတ်၊ သဂါထာဝဂ်၊ သလ္လသုတ်၊
၈။ အံ-၆-၁၆၊ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သာရဏီယဝဂ်၊ နကုလပိတုသုတ်၊
၉။ Nyanaponika Thera & Hellmuth Hecker. Great Disciples of the Buddha Their lives, their works, their legacy
ဧရာ(မန္တလေး)
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း
No comments:
Post a Comment