*** သီလနှင့်သစ္စာ ဘေးရန်ကွာ ***
💞💞💞💞💞💞💞💞💞💞
သစ္စာနှင့်တူသော စွမ်းအားသည် မရှိ ။
သစ္စာ၏ အစွမ်းကိုအောင်နိုင်သော အရာသည်လည်း မရှိ ။
ဗာရာဏသီပြည်၌ ဒေဝဒတ်လောင်းဖြစ်သော
ဗြဟ္မဒတ်မင်း ထီးနန်းစိုးစံစဉ် ဘုရားလောင်းသည်
ထိုမင်း၏သားတော် မဟာပဒုမမင်းသား ဖြစ်လာ၏ ။
သံသရာတစ်ကွေ့တွင် ဒေဝဒတ်လောင်းနှင့်
ဘုရားလောင်းတို့သည် အဖေနှင့်သားအဖြစ်
ဆုံတွေ့ရသော ဇာတ်တော်တစ်ခု ဖြစ်၏ ။
မဟာပဒုမမင်းသားသည် တက္ကသိုလ်ပြည်၌
ပညာသင်ကြားပြီးနောက် နေပြည်တော်သို့ပြန်ရောက်လာ၏ ။
အတတ်ပညာ အလိမ္မာတို့နှင့်ပြည့်စုံသော သားတော်ကို
ခမည်းတော်က အိမ်ရှေ့မင်းအရာကို အပ်နှင်းလိုက်၏ ။
များမကြာမီပင် အိမ်ရှေ့မင်း၏မယ်တော် နတ်ရွာစံသွားသဖြင့်
ခမည်းတော်မင်းကြီးသည် အခြားမင်းသမီးတစ်းပါးကို
မိဖုရားကြီးအဖြစ် တင်မြှောက်လိုက်လေ၏ ။
ဤမိဖုရားကြီးကား စိဉ္စမာနဝိကာ လောင်းလျာပေတည်း ။
တစ်နေ့တွင် တိုင်းပြည်၏ နယ်စွန်နယ်ဖျား၌
သူပုန်ထသဖြင့် မင်းကြီးကိုယ်တိုင်ထွက်၍ နှိမ်နင်းရ၏ ။
ထိုအခါ မင်းကြီးသည် သားတော်အား
တိုင်းပြည်အုပ်ချုပ်ရန် တာဝန်ကို လွှဲအပ်ထားခဲ့၏ ။
သူပုန်ရန်ကို နှိမ်နင်းအောင်မြင်ပြီးသောအခါ
မင်းကြီးသည် နေပြည်တော်သို့ပြန်လာပြီး
မြို့ပြင်၌ စစ်တပ်ချ၍ ယာယီစံမြန်းတော်မူ၏ ။
ထိုသတင်းကို ကြားသိရသောအခါ
မဟာပဒုမမင်းသားသည် မြို့တော်ကို လှပစွာတန်ဆာဆင်၍
နန်းတော်ကိုလည်း ခမ်းနားတင့်တယ်အောင် ဆင်ယင်စေ၏ ။
ထို့နောက် မယ်တော်အရာ၌ တည်သော
မိဖုရားကြီးအား သတင်းပို့ရန် မင်းသားတစ်ဦးတည်း
နန်တွင်းဆောင်သို့ ဝင်သွား၏ ။
မိဖုရားကြီးသည် နုပျိုခန့်ညား၍ အလွန်ကျက်သရေရှိသော
မင်းသားကို မြင်လေလျှင် ကာမဂုဏ်စိတ် ယိုဖိတ်သဖြင့်
မင်းသားအား မိမိနှင့်ပျော်ပါးရန် အမျိုးမျိုး မြူဆွယ်၏ ။
ချော့မြူ၍ မအောင်မြင်သည့်အခါ
ပွင့်ပွင့်လင်းလင်း စကားဆို၍ ဖိတ်ခေါ်၏ ။
သို့သော် မင်းသားသည် ခမည်းတော်အား သစ္စာမဖောက်လို ၊
အတင်းငြင်းဆို၍ မိဖုရားထံမှ ထွက်ခွာခဲ့၏ ။
မိဖုရားကြီးသည် မိမိရဲ့ အကြံအစည် မအောင်မြင်သောအခါ
အလွန်ပင် မကျေမနပ်ဖြစ်၏၊ စိတ်ဆိုး၏၊ ရှက်လည်းရှက်၏
သစ္စာမဲ့သူတို့၏ လမ်းစဉ်အတိုင်း မိမိအလိုသို့ မလိုက်ပါသော
ခလုတ်ကန်သင်းကို လမ်းရှင်းပစ်ရန် ကြံစည်လေတော့၏ ။
သို့အတွက် မင်းကြီး ရောက်လာသောအခါ
မင်းကြီး၏ ခြေတော်အစုံကို သိုင်းဖက်၍ ရိုက်ကြီးတငင်
ငိုကြွေးကာ အိမ်ရှေ့မင်းသားသည် မင်းကြီးမရှိခိုက်တွင်
သူ့အား အဓမ္မပြုကျင့်ရန် ကြံစည်ကြောင်း၊ သူ့အလိုသို့
မလိုက်ပါခဲ့သဖြင့် ရိုတ်ပုတ်, ထုထောင်း, ကန်ကျောက်ခံရ
ကြောင်းတို့ကို သနားစဖွယ်အသွင်ဖြင့် တိုင်ကြားလေ၏ ။
ဗျာပါလိုက်ဆူ သည်းအူပြတ်မျှ ငိုကြီးချက်မနှင့်
အချက်ကျကျ သရုပ်ပါပါ အသည်းခိုက်၍ စိတ်နာကြည်းအောင် သံတော်ဦးတင်နေသည့် ချစ်ဇနီး၏စကားကို ကြားရလျှင်
မင်းကြီးသည် ဒေါသမီး ထလောင်ကာ...
" အိမ်ရှေ့မင်းသားကို ဖမ်းကြ၊ ကမ်းပါးပြတ်ကနေ
ဦးခေါင်းဇောက်ထိုး ပစ်ချကြ "ဟု တစ်ချက်လွှတ်အမိန့်ကို
မင်းချင်းတို့အား ပေးလိုက်လေ၏ ။
တိုင်းသူပြည်သားအပေါင်းတို့ ခယတောင်းပန်လို့မရတော့ ။
ဘုရင်မင်းတို့၏ စကားသည် ထွက်ပြီးသည့် ဆင်စွယ်
ပြန်ဝင်တယ်မရှိ သကဲ့သို အမိန့်ထွက်ပြီးအတိုင်း တည်လေ၏ ။
ဒေဝဒတ်လောင်းက ဘုရားလောင်းကို
အပိုင် ထိုးသတ်သည့်ပွဲ အလှည့်ပေတည်း ။
သစ္စာရှင်ဖြစ်သော ဘုရားလောင်းမင်းသားသည်
စိတ်တုန်လှုပ်ခြောက်ခြားခြင်း မဖြစ်ချေ ။
မိမိစောင့်ထိန်းသော သီလနှင့်သစ္စာသည် မိမိအား
ကောင်းရာသုဂတိကိုသာ ပို့ဆောင်မည်ကို ယုံကြည်၏ ။
ထို့ကြောင့် သီလမြေပေါ်တွင် ရပ်တည်လျက် သစ္စာပြု၏ ။
" ကျွန်ုပ်သည် သီလကိုဖြူစင်စွာ စောင့်ထိန်းခဲ့၏ ၊
ခမည်းတော် အပေါ်၌လည်း သစ္စာစောင့်သိခဲ့၏ ၊
မိဖုရားကြီးအား ပြစ်မှားလိုသောစိတ် အလျင်းမရှိခဲ့ပါ ။
ဤမှန်ကန်သော သစ္စာစကားကြောင့်...
ကျွန်ုပ်အပေါ်သို့ ကျရောက်လတ္တံ့သော
ဘေးအန္တာရာယ်သည် ပပျောက်ပါစေသတည်း ”
တောစောင့်နတ်၊ တောင်စောင့်နတ်တို့အားလည်း
မေတ္တာပို့သ၏။
ထိုအခါမှာ တောင်စောင့်နတ်က မနေနိုင်၍ ချက်ချင်းလာပြီး
ကမ်းပါးပြတ်မှ စောက်ထိုးကျလာသော မဟာပဒုမမင်းသားကို
ခံယူပွေ့ချီကာ တောင်ခြေရင်း၌ ချထားပေးခဲ့၏ ။
မင်းသားသည် ဟိမဝန္တာတောသို့ဝင်၍ ရသေ့ရဟန်းပြုကာ
သာမထဘာဝနာကို ပွားများအားထုတ်ပြီး နေလေ၏ ။
မကြာမီ စျာန်အဘိညာဉ် ရရှိလေတော့သည် ။
#ဓမ္မော_ဟဝေ_ရက္ခတိ_ဓမ္မစာရိ ံ။
တရားစောင့်သူကို တရားကပြန်စောင့်၏ ။
သစ္စာစောင့်သိသူကို သစ္စာက ပြန်စောင့်ရှောက်၏ ။
တစ်နေ့သ၌ မုဆိုးတစ်ယောက်သည် ဟိမဝန္တာတောထဲ၌
မဟာပဒုမရသေ့ပျိုရဲ့ ကျောင်းသင်္ခမ်းလေးသို့ ရောက်လာ၏ ။
အသားအရေစိုပြေဝင်းဝါကာ ကြီးမားသည့်
ဣနြေ္ဒသိက္ခာတို့ဖြင့် သီတင်းသုံးနေသည့် ရသေ့ပျိုကို
မုဆိုးက တုပ်ဝပ်ရှိခိုးပြီး စကားပြောဆိုခဲ့ရ၏ ။
ဗာရာဏသီပြည်သို့ မုဆိုးပြန်ရောက်သည့်အခါ
ဗြဟ္မဒတ်မင်းကြီထံ အခစားဝင်၍ မဟာပဒုမမင်းသားကို
တွေ့ခဲ့ရကြောင်း လျှောက်ကြားလေ၏ ။
မင်းကြီးသည် သားတော်အား လွမ်းဆွတ်သတိရပြီး
မိမိရဲ့ အမှားကိုလည်း သိမြင်လာလေ၏ ။
ထို့ကြောင့် စစ်တပ်ဖွဲ့ကာ ဟိမဝန္တာတောထဲသို့ဝင်၏ ။
သားတော်ရသေ့အား ဖူးတွေ့ပြီးနောက်
မိမိအား ခွင့်လွှတ်ရန် တောင်းပန်၏ ။
သားရသေ့ကလည်း အစကနဦးကပင်
ခွင့်လွှတ်ခဲ့ပြီးကြောင်း မိန့်ဆိုလေသည် ။
သစ္စာရှင်တို့မည်သည် ရန်ငြိုးဖွဲ့ခြင်း မရှိ ။
အမှန်တရားကို မမြင်သိနိုင်သူတို့အား
ရန်ငြိုးထားသိုပြီး ကလဲ့စားချေခြင်းသည် အကျိုးမရှိ ။
သံသရာတွင် အတုံ့အလှည့် ရှုံးချည်နိုင်ချည်သာရှိပြီး
အကျိုးယုတ်၍ သံသရာရှည်စေသော အလုပ်သာဖြစ်၏ ။
အပြန်တစ်ရာ ခွင့်လွှတ်ခြင်းသည်သာ သစ္စာလမ်းဖြစ်၏ ။
ဗြဟ္မဒတ်မင်းကြီးက သားတော်အား
နေပြည်တော်သို့ပြန်၍ မင်းပြုရန် တောင်းပန်တိုက်တွန်း၏ ။
လောကလူ့ဘောင်၏ အရှုပ်အထွေးထဲမှ ကံစောင်မ၍
ရုန်းထွက်နိုင်ခဲ့ပြီး ကာမဂုဏ်စည်းစိမ် ထီးနန်းစည်းစိမ်တို့နှင့်
မလဲလှယ်နိုင်သော စျာန်ချမ်းသာကို ခံစားနေရသည့်
မဟာပဒုမရသေ့သည် တည်တည်ငြိမ်ငြိမ်ပင် ငြင်းဆိုလိုက်၏။
မင်းကြီးအား မိမိသည်
သစ္စာစောင့်ထိန်းခဲ့ကြောင်းကိုလည်း ပြောပြလိုက်၏ ။
အပြန်ခရီး၌ မင်းကြီးသည် ငါ့သားတော်နှင့် ကွဲကွာကွေကွင်း
ရခြင်းမှာ မလိုတမာလိမ်ညာလှည့်စား၍ လျှောက်ထားသည့်
မိဖုရားခေါင်ကြောင့် ဖြစ်ကြောင်း တွေးမိလေ၏ ။
" ငါ့ကျေးဇူးသစ္စာကိုသော်မျှ မစောင့်၊ ငါ့ရဲ့ တစ်ဦးတည်းသော
ရင်သွေးရစ်နှစ်ကိုပင် သေအောင် ကြံဆောင်ရက်လေတယ် ။
သစ္စာဖောက် မိန်းမယုတ်ကို မိဖုရားဆက်လုပ်ထားလို့
အဘယ် အကျိုးရှိအံ့နည်း ”
" မူးမတ်များ... မိဖုရားကြီးကို ဖမ်းပြီး ခိုးသူများကို ပစ်ချရာ
ကမ်းပါးပြတ်မှ ဦးခေါင်းဇောက်ထိုး ပစ်ချကြလော့ ”
သစ္စာဖောက်ဖျက်သူကို
မည်သည့်နတ်ကမျှ မစောင်မ မကူညီချေ ။
မိမိထောင်ဖမ်းထားသည့် ကျော့ကွင်းထဲသို့ ကျရောက်ရသူပမာ
မိမိအကွက်ဆင်ခဲ့သည့် နည်းလမ်းဖြင့်ပင်
မရှုမလှ သေပွဲဝင်ရလေတော့၏ ။
#ဇာတ်ပေါင်းသော်-
မဟာပဒုမမင်းသားက~
ဤ ဘဒ္ဒကမ္ဘာ၌ ဂေါတမမြတ်စွာဘုရား ဖြစ်လာသည် ။
ဗြဟ္မဒတ်မင်းကြီးက~
ဤ ဘဒ္ဒကမ္ဘာ၌ ဒေဝဒတ်ရဟန်း ဖြစ်လာသည် ။
ဗြဟ္မဒတ်မင်းရဲ့ မိဖုရားကြီးက~
ဤ ဘဒ္ဒကမ္ဘာ၌ စိဉ္စမာနဝိကာတို့ အသီးသီး ဖြစ်လာကြသည် ။
~~~~~~~~~~~~~~~~~~
ဒေါက်တာမင်းတင်မွန်၏ { မေတ္တာနှင့် သစ္စာအဖွင့် စာအုပ်မှ }
🙏 မိတ်ဆွေများအားလုံး မင်္ဂလာပါ ခင်ဗျာ
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ကျမ်းမာချမ်းသာကြပါစေ ။
No comments:
Post a Comment