"ကံက မျက်နှာလိုက်သလား''
-------------------------------
ကံဆိုတာ သူကောင်းချင်တဲ့နေရာသာ ကောင်းတာ၊ မကောင်းချင်တဲ့နေရာကျရင် ဆိုးတာ လိုက်မမီဘူး။ ကိုယ့်မှာလည်း ကံကောင်းတဲ့အပိုင်းတွေ ရှိသလို ကံမကောင်းတဲ့အပိုင်းတွေ အများကြီးရယ်။ မိတ်ဆွေတွေလည်း ဒီအတိုင်းပဲဖြစ်မယ် ထင်ပါတယ်။
ဒါဆို ကံတွေက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ မျက်နှာလိုက်သလား မေးစရာဖြစ်လာတယ်။
တကယ်မှာတော့ ကိုယ်က ကံတွေကို မျက်နှာလိုက်ပြီးလုပ်ခဲ့တာမို့ ကံရဲ့အကျိုးပေးတွေကလည်း မျက်နှာလိုက်ပြီး ပြန်ရောက်လာတာပါပဲ။ ကံကတော့ သူ့သဘောနဲ့သူ မျက်နှာလိုက်တာတော့ မဟုတ်ပါဘူးပေါ့။
ဥပမာ လူတစ်ယောက်ဟာ ဘဝမှာ ဒါနအမှု၊ သီလအမှုတွေမှာ အကြီးအကျယ် အားထည့်တယ်။ ပညာဖြစ်ရာ ဖြစ်ကြောင်းတွေမှာတော့ အားနည်းခဲ့တယ်။ ဒီလိုဆို နောင်ကာလ တစ်ခုသောဘဝမှာ ဒီကံတွေကသာ အကျိုးပေးဖို့ အခွင့်ရခဲ့မယ်ဆိုရင် ဒီပုဂ္ဂုလ်ဟာ ဒါနကြောင့် ချမ်းချမ်းသာသာနေရမယ်၊ သီလကြောင့် လှပတင့်တယ် အသက်ရှည်အနာမဲ့ နေရမယ်။ ဉာဏ်ပညာမှတော့ သူလိုကိုယ်လို သာမာန်ထက် ပိုဖွယ်မရှိဘူး။
နောက်တစ်ယောက်က ပညာဖြစ်ရာဖြစ်ကြောင်းတွေမှာ အားထည့်တယ်၊ ပရိယတ် ပဋိပတ်တွေမှာ ကြိုးစားတယ်။ သီလစောင့်ဆည်းတယ်။ သို့သော် ဒါနအမှုနည်းခဲ့တယ်။ ဒီလိုဆို သူလည်းပဲ အဲ့ဒီအကျိုးပေးတွေ ကြုံရတဲ့အခါ ပညာကြီးသူဖြစ်မယ်၊ လှပတင့်တယ် အနာရောဂါနည်းမယ်၊ သို့သော် ဥစ္စာဓန အလွန်ချမ်းချမ်းသာသာတော့ ဖြစ်ဖွယ်မရှိဘူးပေါ့။
ကဲဒီနှစ်ယောက်ကို ယှဉ်ကြည့်ရအောင်။ ဒီဘဝမှာ သူတို့နှစ်ယောက် အတူတူ တရားအားထုတ်ကြမယ်ဆိုရင် ဘယ်သူ အဆင်ပြေမလဲ။ ဟုတ်ကဲ့ ဘယ်သူမှ ချောချောမောမော အဆင်ပြေမှာ မဟုတ်ပါဘူး။
ဥစ္စာပေါများကြီး ဉာဏ်နည်းတဲ့သူက လုံလောက်တဲ့ အသိရရှိအောင် ဝိရိယ မနည်းစိုက်ပြီး အားထည့်ရမယ်၊ ကိုယ်စိတ် ပင်ပန်းမယ်ပေါ့။
ဉာဏ်ကြီးပြီး ဆင်းရဲတဲ့သူကလည်း အသိရဖို့ လွယ်ပေမဲ့ ဓနချို့တဲ့မှုကြောင့် ရှာရဖွေရတာနဲ့တင် တရားဘက်ကို အလွယ်တကူလိုက်မိဖို့ အခွင့်အရေး အနည်းငယ်ထိခိုက်မယ်။ နောက်ဆံတင်း နေရတာနဲ့ စိတ်လက်သက်တောင့်သက်သာ လုပ်နိုင်ဖို့ မလွယ်ကူဘူး။
သီလနည်းခဲ့မယ်ဆိုလည်း ဒီတိုင်းပဲ၊ ဉာဏ်ဘယ်လောက်ကောင်းကောင်း အရေးရယ် အကြောင်းရယ် လုပ်မယ်ကိုင်မယ်ဟေ့ဆိုရင် ရောဂါဘယထူနေတာနဲ့တင် ခရီးမတွင်ဘူး။
အဲဒီတော့ ဒီနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်အားကျပြီး ကံတရားက မျက်နှာလိုက်တယ်လို့ ပြောရင် သင့်တော့ပါ့မလား။ မသင့်တော်ပါဘူး။ ကံက မျက်နှာလိုက်တာ မဟုတ်ဘူး၊ ကိုယ်ကသာ ကံတွေကို မျက်နှာလိုက်ပြီး ပြုခဲ့တာ။
တစ်ချို့ ''ဒါနပဲပြုချင်တာ သီလတော့ မစောင့်ချင်ပါဘူး''လို့ ကုသိုလ်ကို မျက်နှာလိုက်တယ်။ တစ်ချို့က သီလတော့ ကောင်းရှာတယ် အလှူအတန်းဆို သိပ်တွန့်ဆုတ်တယ်။ တစ်ချို့က ပညာသာ အမြတ်ဆုံးပဲဆိုပြီး ဒါနကို အထင်သေးသလိုလိုနဲ့ အလှူအတန်းဆို သိပ်စိတ်မပါဘူး။..... စသဖြင့် စသဖြင့် ကုသိုလ်ပြုတာကို မျက်နှာလိုက်ပြီး ပြုခဲ့ကြတယ်။
အဲဒီတော့ ဘာဖြစ်လဲ? ကိုယ့်အလှည့်ကျတော့ ပြန်ပြီး မျက်နှာအလိုက်ခံရတာပေါ့။ ဒါပါပဲ။ အကြောင်းကြောင့်သာ အကျိူးဖြစ်တာပါပဲ။ ဘယ်သူ့ကို အပြစ်တင်မလဲ၊ ဘယ်သူ့ကို မနာလို ဖြစ်စရာ ရှိလဲ။
ကိုယ့်အားနည်းချက် အားသာချက်ကိုကြည့်ပြီး ကိုယ်ဘယ်လိုမျိုး မျက်နှာလိုက်ခဲ့သလဲဆိုတာ ကိုယ်ဟာကိုယ် ပြန်သုံးသပ်ဖို့ပဲ ရှိပါတယ်။ ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်မမြင်မိပါဘူး။
ဒါမို့ ဓမ္မမိတ်ဆွေများလည်း ကုသိုလ်ဟူသမျှ ဘယ်ဟာမှ အထင်သေးစရာ မရှိဘူးလို့ မှတ်ယူသင့်တယ်။ သေးသေးလေးလည်းလုပ် အကြီးကြီးလည်းလုပ်၊ ပရိယတ် ပဋိပတ်မှ မဟုတ်ဘူး၊ သီလလည်း အထူးစောင့်ဆည်း၊ ဒါနလည်း တလေးတစားလုပ်။
ဘုရားရှင်ကို နမူနာကြည့်လို့လည်းရတယ်။ ကျွန်တော်က ရှင်သာရိပုတ္တရာကြီးကို နမူနာကြည့်စေချင်တယ်။ ကုသိုလ်တွေကို ဘယ်လောက် ပြည့်ပြည့်စုံစုံ မျက်နှာမလိုက်တမ်း ပြုခဲ့သလဲဆိုရင် စည်းစိမ်ချမ်းသာလည်း ပြည့်စုံ၊ လှပတင့်တယ် အနာကင်းပြီး တရားရှာတော့လည်း ''ယေ ဓမ္မာ ဟေတုပ္ပဘဝါ'' တစ်ပုဒ်တည်းနဲ့တင် အရိယာအဖြစ်ကို ရောက်တယ်။ ဘယ်လောက် သက်တောင့်သက်သာ ရှိလိုက်သလဲနော်။
ကျွန်တော်တို့မှာတော့ လေ့လာနေလိုက်ကြတာ မနည်းဘူး၊ တရားစခန်းတွေလည်း ဝင်တာပဲ၊ ပရိယတ်မှာဆို သုတ္တန်တင်မကဘဲ အဘိဓမ္မာ ပဋ္ဌာန်းတွေပါ လုပ်နေလိုက်ကြပေမဲ့ လိုရာခရီးကို မရောက်နိုင်သေးဘူး။ ဘယ်လောက်ခက်ခဲသလဲ စဉ်းစားကြည့်ပေါ့။
ဒါကြောင့် ကံကို မျက်နှာလိုက်ပြီး မပြုလုပ်ကြဖို့၊ ကုသိုလ်ဟူသမျှ အပတ်တကုပ် ပြုလုပ်ကြဖို့အရေး ကျွန်တော်ကိုယ်တိုင်ပဲ ကိုယ့်အကြောင်းကိုယ် သုံးသပ်ရင်း သံဝေဂရဖွယ် ရေးသားမျှဝေလိုက်ရပါသည်။
သာဓုသာဓုသာဓု
Mg Saw(29-11-2017)