နီးလာရင်နည်းအောင်နေ
_______🌸🌺🌸________
ကိုယ့်ကိုယ်ကို သတိထားကြည့်ရင် ခန္ဓာကြီးဟာ အချိန်တိုင်း အိုနေတယ်။ ဒါကြောင့် မနှစ်က ခန္ဓာနှင့် ဒီနှစ်ခန္ဓာ မတူဘူး၊ မနေ့က ခန္ဓာနှင့် ဒီနေ့ ခန္ဓာ မတူဘူး၊ အမြဲတမ်း ပြောင်းလဲနေတယ်။
အသက်တွေလည်း တစ်ရက်ပြီး တစ်ရက်, တစ်လပြီး တစ်လ, တစ်နှစ်ပြီး တစ်နှစ် ကြီးကြီးလာတယ်။ အသက်တွေ ကြီးလာတော့ နေဖို့ အချိန်က တဖြေးဖြေးနဲ့ နည်းလာတယ်။ မနေ့ကနှင့် နှိုင်းယှဉ်ရင် ဒီနေ့ဟာ နေဖို့ တစ်ရက် နည်းသွားတယ်။
နေဖို့အချိန်နည်းလာလေလေ သေဖို့ အချိန်က နီးလာလေလေပဲ။ ဒါကြောင့် ဆရာတော်များက " နည်းလာရင် နီးလာပြီ" လို့ သတိပေးတော်မူကြခြင်း ဖြစ်ပါတယ်။
အသက်တွေ တဖြေးဖြေးနဲ့ ကြီးလာတဲ့အတွက် သေဖို့နီးလာတာတော့ ဟုတ်ပြီ၊ ဒါပေမဲ့ အကုသိုလ်တွေ များနေမယ်ဆိုရင် တော့ အောက်ကို ပြန်ဆင်းရလိမ့်မယ်။
ဒါကြောင့် သေဖို့အချိန် နီးနီးလာသည့် အတွက် အကုသိုလ်ကလည်း နည်းနည်းလာလေ ဒီလိုဖြစ်ရမယ်။ ဒါမှ ဘဝအထက်တန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဆရာတော်များက " နီးလာရင် နည်းအောင်နေ" လို့ မိန့်တော်မူကြတာ။ အသက်ကြီးလာပြီး အကုသိုလ်က များနေမယ်ဆိုရင် အသက်ကြီးရတာ အဓိပ်ပါယျ မရှိဘူး။ ဒါကြောင့် အကုသိုလ်နည်းအောင် ကြိုးစားရမယ်။
အရှင်မာလုကျပုတ္တ
-----------------
ဘုရားလက်ထက်က အသက်ကြီးမှ တရားအားထုတ်တဲ့ ရဟန်းတစ်ပါး ရှိတယ်။ အရှင်မာလုကျပုတ္တလို့ ခေါ်တယ်။ အရှင်မြတ်ဟာ သာဝတ္ထိမြို့သား။ ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးကြီးတစ်ဦးပဲ ဖြစ်ပါတယ်။
သူဋ္ဌေးကြီးဟာ ဘုရားတရားနာပြီး လူ့လောကကြီးကို ငြီးငွေ့သွားတယ်။ ဒါကြောင့် " အသက်ကြီးလာပြီဆိုတော့ သေဖို့ နီးလာပြီ၊ ဒီတော့ ငါ တရားရှာမှ ဖြစ်မယ်" ဆိုပြီး ရဟန်းဝတ်လိုက်တယ်။
ရဟန်းဖြစ်ပြီးတဲ့အခါ ဘုရားထံ ရောက်လာပြီး တရားတောင်းတယ်။ " အရှင်ဘုရား တရားအားထုတ်ချင်လို့ နည်းလမ်းလေး ညွှန်ပြပေးပါဘုရား" လို့ လျှောက်တယ်။
အသက်က ကြီးနေပြီ၊ လူက ယိုင်နေပြီ။ ဒီတော့မှ လာလျှောက်တာ။ ဒီတော့ ဘုရားမြတ်စွာက "မာလုကျပုတ္တရေ ... အခုမှ လာလျှောက်ရတယ်လို့ကွယ်၊ တကယ်ဆိုရင် နဂိုက လျှောက်ရမှာ၊ အခု နောက်ကျနေပြီ၊ ပေါ့ဆလိုက်တာကွယ်" လို့ မိန့်တော်မူလိုက်တယ်။
နေဝင်မှ စပါးလှန်း၊ မိုးကုန်မှ ထွန်ချဆိုတာလို အသက်ကြီးမှ တရားကျင့်မယ်ဆိုတော့ နည်းလမ်းမကျဘူး။ နည်းလမ်း မကျလို့ " ပေါ့ဆလိုက်တာကွယ်" လို့ မိန့်တော်မူလိုက်တာပါ။
ဒီတော့ အရှင်မာလုကျပုတ္တက " တပည့်တော် ကြိုးစားပြီး အားထုတ်မှာပါဘုရား၊ ဓမ္မအမွေခံ ဖြစ်အောင် အားထုတ်မှာပါဘုရား" လို့ အားတင်းပြီး လျှောက်လိုက်တယ်။ ဒါနဲ့ မြတ်စွာဘုရားက သူ့ကို တရားဟောတယ်။
အရှင်မြတ်ဟာ မြတ်စွာဘုရားရဲ့ တရားကို နာလိုက်တော့ စိတ်ဓာတ်တွေ တက်ကြွလာတယ်။ " ရတဲ့အချိန်လေးမှာ ကြိုးစားပြီး အားထုတ်မှ ဖြစ်မယ်" ဆိုပြီး ဝိပဿနာတရားကို ကြိုးစားပြီး အားထုတ်တယ်။ မကြာလိုက်ပါဘူး၊ ကိလေသာ ကုန်ခမ်းပြီး "ရဟန္တာ " ဖြစ်သွားတယ်။
အရှင်မာလုကျပုတ္တဟာ အသက်ကြီးပေမဲ့ ဇွဲမလျှော့ဘဲ တရားကို ကြိုးစားပြီး ကျင့်တယ်။ " ငါ အသက်ကြီးလာပြီ၊ လောကီအာရုံတွေနဲ့ အချိန်ကုန်ခဲ့တယ်၊ ဒီတော့ အကုသိုလ် နည်းဖို့အတွက် တရားကျင့်မယ်" ဆိုတဲ့ ဆန္ဒနှင့် တရားကျင့်ခဲ့တာပါ။ ဒါကြောင့် အရှင်မာလုကျပုတ္တဟာ ရဟန္တာ ဖြစ်သွားရခြင်း ဖြစ်ပါတယ်။
လူ့သက်တမ်း
-------------
စကြာဝဠာသမိုင်းကနေကြည့်ရင် ကမ္ဘာ့သက်တမ်းဟာ ၄- နာရီလောက်ပဲ ရှိသတဲ့။ ဒါဆိုရင် လူ့သက်တမ်းဟာ ၄- စက္ကန့်တောင် ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် လူ့ဘဝလေးဟာ ဘာမှ မကြာဘူး၊ အလွန်တိုတောင်းတယ်လို့ နားလည်ရမယ်။
လူ့ဘဝဟာ အချိန်တိုတောင်းသည့်အတွက် လောဘဒေါသ အတ္တမာနတွေ ဖြစ်ဖို့ အချိန်မရှိဘူး။ ကောင်းမှုတွေကို ခပ်သုတ်သုတ် လုပ်ရမယ်။
ဘဝဆိုတာ ကိုယ်နေချင်သလောက် နေလို့ မရဘူး။ အကန့်အသတ်နှင့် အသက် နေနေရတယ်။ ဒါကြောင့် ရှင်သန်နေတဲ့အခိုက်အတန့်မှာ သူတော်ကောင်းတရားတွေကို ကြိုးစားရမယ်။ ဒါမှ ဘဝအထက်တန်းကို တက်လှမ်းနိုင်မှာ မဟုတ်လား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment