လောဘနှစ်မျိုး
____________
လောဘသည် နှစ်မျိုး ရှိ၏။ တရားသော လောဘနှင့် မတရားသော လောဘတို့ ဖြစ်၏။ အရေးကြီးသည်ကား မတရားလောဘ မရှိဖို့ပင်။ ဘာကြောင့်နည်း၊ မတရားလောဘ ဖြစ်လာလျှင် ဒုစရိုက် လုပ်ဖို့ ဝန်မလေးသောကြောင့်တည်း။
မတရားလောဘ ဆိုသည်မှာ အတင်းအဓမ္မ လိုချင်သော စိတ်၊ သူများပစ္စည်းကို အချောင်လိုချင်သော စိတ်ပင် ဖြစ်သည်။ မတရားလောဘကို " ဝိသမလောဘ" ဟု ခေါ်၏။ မတရားလောဘသည် စိတ်ကို ပူလောင်စေသောကြောင့် "မမြင်ရသည့် မီး" ဟု ဆိုရမည် ဖြစ်သည်။
ကမ္ဘာမှာ အစဆုံးဖြစ်သော ဒုစရိုက်မှာ အဒိန္နာဒါန ( ခိုးယူခြင်း)ပင် ဖြစ်၏။ ယင်းဒုစရိုက်သည် မတရားလောဘကို အခြေခံ၍ဖြစ်သော ဒုစရိုက်ပင် ဖြစ်သည်။ ထို့ကြောင့် မတရားလောဘသည် ကြောက်စရာ အလွန်ကောင်း၏။ ကိုယ့်စိတ်ထဲ မဖြစ်အောင် သတိထားရမည် ဖြစ်ပါပေ၏။
ရရင်ကျေနပ်ပါ
------------------
လောကကြီးမှာ ဘယ်သူမှ တဝမ်းစာထက် ပိုစားလို့ မရသကဲ့သို့ ဘယ်သူမှ တစ်ကိုယ်စာထက် ပိုဝတ်လို့ မရပေ။ ဘာကြောင့် လောဘ လွန်ကဲနေကြသနည်း၊ စဉ်းစားရမည် ဖြစ်၏။ စဉ်းစားမှ လောဘကို ထိန်းချုပ်နိုင်မည် ဖြစ်၏။
တချို့လူများသည် ဘယ်လောက်ရရ မကျေနပ်ပေ။ " လိုသေးတယ်, လိုသေးတယ်" ဟု ဖြစ်နေ၏။ မရလို့ မကျေနပ်သည်ကား နားလည်ပေးလို့ ရ၏။ ရပါလျက် မကျေနပ်သည်ကတော့ အတော်ဆိုး၏ဟု ပြောရမည် ဖြစ်သည်။
ထို့ကြောင့် ကိုယ့်မှာ ဘယ်လောက်ရရ ရလျှင် ကျေနပ်ဖို့ လို၏။ နည်းနည်းရလည်း ကျေနပ်ရမည် ဖြစ်၏။ များများရလည်း ကျေနပ်ရမည် ဖြစ်၏။ သို့မှသာ မတရားလောဘကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ မတရားလောဘကို ထိန်းချုပ်နိုင်မှလည်း ဒုစရိုက်အလုပ်ကို ရှောင်နိုင်မည် ဖြစ်၏။ ဒုစရိုက်အလုပ်ကို ရှောင်နိုင်မှလည်း ဘဝသည် ငြိမ်းချမ်းသာယာမည် ဖြစ်ပါ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
___________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment