ပါရမီကုသိုလ်
___🌼🌷🌼____
ပါရမီ ဆိုသည်မှာ မြင့်မြတ်သူတို့၏ အလုပ်ပင် ဖြစ်၏။ မြင့်မြတ်သောအလုပ် ဆိုသည်မှာ ကိုယ်ကျိုးမငဲ့ဘဲ အများအတွက်လုပ်သော အလုပ်တည်း။
ရှင်းအောင် ပြောရမည်ဆိုလျှင် ငါမပါသော အလုပ်၊ ငါ့အတွက် မမျှော်ကိုးသော အလုပ်ကိုပင် "ပါရမီ" ဟု ခေါ်လေသည်။
ဘာကောင်းမှုပဲဖြစ်ဖြစ် ကိုယ်ကျိုးစီးပွားကို ငဲ့ကွက်ပြီး လုပ်လျှင်ကား ပါရမီ မဟုတ်တော့ ဘဲသာမန်ကုသိုလ်သာ ဖြစ်သွားတော့သည်။ ထို့ကြောင့် ငါစွဲကင်းသော စိတ်ဖြင့် ကောင်းမှု လုပ်ရမည် ဖြစ်သည်။
မလိုချင်လို့ မလိုချင်လောက်အောင်ရတယ်
----------------------------
ဘုရားမြတ်စွာသည် သုမေဓာရှင်ရသေ့ဘဝမှ သိဒ္ဓတ္တမင်းသား ဘဝတိုင်အောင် လောကသားတို့အတွက် စည်းစိမ်ဥစ္စာနှင့် ဘဝခန္ဓာကို ဘဝပေါင်းများစွာ စွန့်လွှတ်ခဲ့၏။
ထို့ကြောင့် ဘဝတိုင်း ဘဝတိုင်း၌ စည်းစိမ်အားဖြင့်လည်းကောင်း၊ ရာထူးအားဖြင့် လည်းကောင်း၊ ရုပ်ဆင်းအင်္ဂါအားဖြင့်လည်းကောင်း၊ ပညာအားဖြင့် လည်းကောင်း၊ အရှိန်အဝါအားဖြင့် လည်းကောင်း၊ ထင်ပေါ်ကျော်ကြားမှုအားဖြင့် လည်းကောင်း၊ တစ်ပါးသူတို့ထက် သာလွန်ခဲ့သည်။
ဘာကြောင့်နည်း၊ မလိုချင်သော စိတ်ဖြင့် ပါရမီဖြည့်ကျင့်ခဲ့သောကြောင့်တည်း။ တကယ်တော့ မလိုချင်သော စိတ်ဖြင့် ပါရမီ ဖြည့်ကျင့်ခဲ့သောကြောင့် မလိုချင်လောက်အောင် အကျိုးတရားများကို ရရှိခြင်း ဖြစ်သည်။
မလိုချင်လောက်အောင် အကျိုးတရားများ ရရှိခဲ့သော်လည်း ယင်းအကျိုးတရားအပေါ်မှာ မက်မောမှု တစိုးတစိမှ မရှိ။ ယင်းအကျိုးတရားကို အခြေခံပြီး အများအကျိုး ဆောင်ကျဉ်းတော်မူခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ အများအတွက်လုပ်မှ ပါရမီ ဖြစ်၏။ ပါရမီဖြစ်မှလည်း ယင်းကောင်းမှုသည် "အထွဋ်အထိပ်ကောင်းမှု" ဖြစ်လေသည်။ ထို့ကြောင့် ဘာကောင်းမှုပဲ လုပ်လုပ် ငါစွဲကင်းကင်းဖြင့် လုပ်ရမည် ဖြစ်ပေသည်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment