ပျက်အစဉ်ပြင်ခဏ
_____🌸🌷🌸______
"ဗီဇ" ဟူသည် အရိုးစွဲနေသည့် အကျင့်တစ်ခုပင် ဖြစ်သည်။ အရိုးစွဲနေသည့် အကျင့် ဖြစ်သောကြောင့် ဗီဇကို ပြုပြင်ဖို့ ဆိုသည်မှာ မလွယ်ကူလှပေ။ ထို့ကြောင့် " လူတစ်ယောက် မွေးရာပါဗီဇက မကောင်းဘူးဆိုရင် ပြုပြင်ရတာ မလွယ်ဘူး၊ အင်မတန် ခက်တယ်၊ ခွေးမြီးကောက် ကျည်တောက် စွပ်သလိုပဲ၊ သိပ် မထူးပါဘူး" ဟု ပြောကြခြင်း ဖြစ်သည်။
ဗီဇဆိုသည်မှာ ပြုပြင်ဖို့ ခက်ခဲသည်မှာ မှန်၏။ ခက်ခဲသော်လည်း ပြုပြင်ရမည်သာ ဖြစ်သည်။ ခက်ခဲလို့ မပြုပြင်လျှင် ဘယ်တော့မှ ကောင်းလာမည် မဟုတ်တော့ပေ။
ဘယ်သူမှ မွေးကထဲကစ ရဟန္တာ ဖြစ်လာကြသည် မဟုတ်၊ ဗီဇကို တဖြေးဖြေး ပြုပြင်ရင်းနှင့် ရဟန္တာ ဖြစ်သွားကြခြင်း ဖြစ်သည်။ ထို့ကြောင့် " ပျက်အစဉ် ပြင်ခဏ" ဆိုသည့်အတိုင်း ကိုယ့်ဗီဇကို ကောင်းသထက် ကောင်းအောင် ပြုပြင်ရမည် ဖြစ်သည်။ အရေးကြီးသည်ကား ကိုယ့်အကြောင်း ကိုယ်သိဖို့သာတည်း။
ကိုယ့်ကိုယ်ကို ပြိုင်ရမယ်
----------------------
လူတိုင်းလူတိုင်းမှာ အားနည်းချက် ရှိ၏။ တချို့လူများသည် ကိုယ့်အားနည်းချက်ကို အားနည်းချက်မှန်း မသိပေ။ တချို့လူများကျတော့ ကိုယ့်အားနည်းချက်ကို အားနည်းချက်မှန်း သိသော်လည်း ဘယ်လိုပြင်ရမည်ဆိုသည်ကို နားမလည်ရှာကြ။ ထို့ကြောင့် ဗဟုသုတ ရှာမှီးရမည် ဖြစ်၏။
မိဘဆရာတို့၏ စကားကို နားထောင်ခြင်း, လူကြီးသူမတို့၏ အဆုံးအမကို နားထောင်ခြင်း , တရားနာခြင်း, စာဖတ်ခြင်းတို့ဖြင့် ဗဟုသုတ ရှာမှီးရမည် ဖြစ်၏။ သို့မှသာ ဗီဇကို ပြုပြင်ချင်စိတ် ရှိမည် ဖြစ်သည်။
ဗီဇကို ပြုပြင်နိုင်ဖို့အတွက် အရေးကြီးဆုံးအချက်မှာ ကိုယ့်ကိုယ်ကို ပြိုင်ဖို့ပင်တည်း။ ထို့ကြောင့် "နဂိုက ငါထက် အခု ငါက သာစေရမယ်" ဟု ကိုယ့်ကိုယ်ကို ပြိုင်ရမည် ဖြစ်၏။ ကိုယ့်ကိုယ်ကို ပြိုင်မှ ကိုယ့်ဗီဇကို ပြင်မည် ဖြစ်၏။ ကိုယ့်ဗီဇပြင်မှလည်း ကံသုံးပါး စင်ကြယ်မည် ဖြစ်၏။ ကံသုံးပါး စင်ကြယ်မှလည်း " ဘဝအထွဋ်အထိပ်" သို့ ရောက်ရှိမည် ဖြစ်ပါပေ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment